လွတ်လပ်မှုအခွင့်အရေးသည် အခြေခံကျသောအခွင့်အရေးဖြစ်ပါသည်။1 ((၂၀၀၈ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁(က)၊ ပုဒ်မ ၃၅၃)
ဖမ်းဆီးချုပ်နှောင်ခံရသူသည် ဖြစ်နိုင်သမျှ ရှေ့နေ မြန်မြန် ရှာသင့်ပါသည်။
ရှေ့နေသည် ချုပ်နှောင်ခံရသူ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်အတွက် ချုပ်နှောင်မှုကို အချိန်မရွေး စောဒကတက် နိုင်ပါသည်။2 (ရှေ့နေသည် အထူးသဖြင့် စွပ်စွဲခံရသူ၏အာမခံကြားနာခွင့်ကို အခိုင်အမာပြောဆို၍ စွပ်စွဲခံရသူ၏လွှတ်မြောက်မှုအတွက် နည်းလမ်းများစွာဖြင့် တင်ပြလျှောက်ထားနိုင်ပါသည်။ ၁၈၉၈ခုနှစ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆-၄၉၇) ကျွန်ုပ်သင့်ကိုဘယ်လိုကူညီနိုင်မလဲ၊ စွပ်စွဲခံရသူများ၏အခွင့်အရေးကိုကြည့်ပါ။
ရှေ့နေသည် အမှုကို တတ်နိုင်သမျှ ဆောလျင်စွာ ၊ လျှင်မြန်စွာ ဆောင်ရွက်ခြင်းအားဖြင့် ချုပ်နှောင်ခံရသူကို ကူညီနိုင်ပါသည်။3 (တရားရုံးများလက်စွဲ အပိုဒ် ၄၆၆၊ အပိုဒ် ၄၂)
ချုပ်နှောင်ခံရသူများအနေဖြင့် အမှုကို ဆောလျင်စွာ စစ်ဆေးခြင်း အားဖြင့် မိမိတို့၏ အခွင့်အရေးများ ၊ အထူးသဖြင့် လုပ်ထုံးလုပ်နည်းတကျ ဆောင်ရွက်ရခြင်းအား ရရှိပိုင်ခွင့် (the right to due process) အား မည်မျှ သက်ရောက်စေနိုင်မည်ကို ထည့်သွင်း စဉ်းစား သင့်ပါသည်။
မျှတသောတရားခွင်ဆိုင်ရာ အခွင့်အရေးများ အပါအဝင် ဥပဒေက အကာအကွယ် ပေးထားသော ချုပ်နှောင်ခံရသူ၏ အခွင့်အရေးများကို အခိုင်အမာတောင်းဆိုပေးခြင်း အားဖြင့်လည်း ရှေ့နေက ချုပ်နှောင်ခံရသူကို ကူညီပေးနိုင်ပါသည်။
ထို့ပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကာလအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက ချုပ်နှောင် ခံရသူအပေါ် ကျူးလွန်ခဲ့သော အခွင့်အရေးချိုးဖောက်မှုများကို ဥပဒေကြောင်းအရ အရေးယူ ရာတွင် အကူအညီ ပေးနိုင်ပါသည်။
တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် လုပ်ထုံးလုပ်နည်း/နည်းဥပဒေများကို တမင်ချိုးဖောက်ခြင်း သို့မဟုတ် မျက်ကွယ်ပြုခြင်း များကို ကျူးလွန်ခဲ့သည့် အချို့သော အကျဉ်းထောင် အာဏာပိုင် များကို ထောင်ဒဏ် ၃ လ အထိ အပြစ်ပေးနိုင်ပါသည်။4 (၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၅၄(၁))
သတင်းအချက်အလက်ရယူရန် ရည်ရွယ်ချက်ဖြင့် တမင်နာကျဉ်စေလျှင် ထောင်ဒဏ် ၇ နှစ် အထိ အပြစ်ပေးနိုင်ပါသည်။5 (၁၈၆၁ခုနှစ် ရာဇသတ်ကြီး ပုဒ်မ ၃၃၀နှင့် ပုဒ်မ ၃၃၁)
အကယ်၍ ကျူးလွန်သူသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး အောက်ပါတို့ကို ကျူးလွန်ပါက ထိုသူ့ကို ထောင် ၃ နှစ်အထိ ချမှတ်နိုင်ပါသည်။
ချူပ်နှောင်ခံရသူ ရိုက်နှက်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် နှိပ်စက်ခြင်း။6 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဆ))
အချုပ်သားတစ်ဦးအား အခြားအချုပ်သားတစ်ဦးကို ရိုက်နှက်စေခြင်း၊ သို့မဟုတ် ရိုက်နှက်ခွင့် ပြုထားခြင်း သို့မဟုတ် တစ်နည်းအားဖြင့် နှိပ်စက်စေခြင်းဖြစ်စေ၊ နှိပ်စက်ခွင့်ပြုခြင်း။7 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဂ))
တစ်ဦးတစ်ယောက်ထံမှ ငွေကြေးတောင်းခံခြင်း သို့မဟုတ် လက်ခံခြင်း။8 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဇ))
ရှေ့နေသည် ချုပ်နှောင်ခံထားရသော စွပ်စွဲခံရသူနှင့် တွေ့ဆုံနိုင်သောကြောင့် မိသားစု၊ သူငယ်ချင်း များနှင့် ဆက်သွယ်ရာတွင် လည်းကောင်း ၊ လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရာတွင် လည်းကောင်း အထောက်အကူပေးနိုင်ပြီး ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ဆိုးရွားစွာပြုမူခြင်း စသည် အနိုင်ကျင့်မှုများကို မှတ်တမ်းတင်ခြင်း ၊ ဖြေရှင်းခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။
