အလုပ်သမား ဥပဒေ

မာတိကာ

အလုပ်သမားဆိုင်ရာအခွင့်အရေးများသည် ယေဘုယျအားဖြင့် မိမိလုပ်ကိုင်နေသောလုပ်ငန်း အမျိုးအစားများပေါ် မူတည်၍ ကွဲပြားခြားနားချက်များ ရှိနိုင်ပါသည်။ ယခုကဏ္ဍတွင် အလုပ်ရုံများ၊ ဆိုင်များနှင့်အလုပ်ဌာနများနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားပါသည်။

အခြားလုပ်ငန်းများဖြစ်သည့် ရေနံ၊ သတ္တုတွင်းထွက်လုပ်ငန်းများနှင့် အစိုးရ ရုံးဌာနများအတွက် သတ်မှတ် ပြဌာန်းထားသော သီးခြားဥပဒေများရှိ နေသည့် အတွက် ဤကဏ္ဍတွင် ဆွေးနွေးတင်ပြမည်မဟုတ်ပါ။ ခွင့်ရက်ခံစားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးပေးခြင်း စသည့် အခွင့်အရေးများနှင့် လျော်ကြေးငွေဆိုင်ရာ ကိစ္စရပ်များသည် မိမိ၏အလုပ်ရှင်မှ လူမှုဖူလုံရေးရံပုံငွေ ထည့်ဝင် ထားခြင်း အပေါ် မူတည်လျက်ရှိပါသည်။1 (၂၀၁၂ လူမှုဖူလုံရေးဥပဒေ)

အလုပ်ရှင်နှင့် အလုပ်သမားသည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ် ခန့်အပ်ပြီး ရက်ပေါင်း (၃ဝ) အတွင်း ချုပ်ဆိုရမည်။2 (၂၀၁၃ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၅(က)(၁)။)

ယင်းစာချုပ်တွင် အလုပ်နှင့်ပတ်သက်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စည်းကမ်းများ မဖြစ်မနေပါဝင်ရမည်။ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများသည် တည်ဆဲဥပဒေများက ပေးအပ်ထားသော အကာအကွယ်ထက် လျော့နည်း၍ မရပါ။3 (၂၀၁၃ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၅(ဂ)။)

အလုပ်သမား (၁၅)ဦးအထက်ရှိသော စီးပွားရေးလုပ်ငန်းများ၏ အနိမ့်ဆုံးလုပ်အားခသည် တစ်ရက်အလုပ်ချိန် (၈) နာရီ (အားလပ်ချိန်မပါ) အတွက် (၄၈ဝဝ) ကျပ် ဖြစ်သည်။4 (အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၈။)

ထိုလုပ်အားခတွင် နေစရိတ်၊ စားစရိတ်၊ ပင်စင်ကြေး၊ လုပ်သက်ကြေး၊ လူမှုဝန်ထမ်း ခံစားခွင့် ဆုကြေးများ၊ ခရီးသွား စရိတ်၊ အခွန်ခများ နှင့် အခြားခံစားခွင့်များ မပါဝင်ပါ။ 5 (၂၀၁၃ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂(င)။ ၁၉၃၆ အခကြေးငွေပေးချေရေးဥပဒေပုဒ်မ ၂။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ အစိုးရကသတ်မှတ်သော အနိမ့်ဆုံးလုပ်အားခကို ရပိုင်ခွင့်ရှိသည်။6 (၂၀၁၃ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၂(က)၊ ၁၄(က)၊(ခ)၊(ဂ))

အချို့သောခြွင်းချက်များမှအပ ယေဘုယျအာဖြင့် အလုပ်ရှင်များသည် လုပ်ခလစာကိုဖြတ်တောက်ခွင့်မရှိ။ လုပ်ငန်းခွင် အတွက် လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူရခြင်းကို လုပ်ခလစာထဲမှ ဖြတ်တောက်ခွင့်မရှိပါ။7 (၂၀၁၆ အခကြေးငွေပေးချေရေးဥပဒေပုဒ်မ ၇။)

လုပ်ခလစာထဲမှ ဖြတ်တောက်ခွင့်ရှိသော အချို့ခေါင်းစဉ်များမှာ အလုပ်သမားအဖွဲ့အစည်းများသို့ ထည့်ဝင်ရသော လစဉ်ကြေးများ၊ လူမှုဖူလုံရေး ထည့်ဝင်ငွေ နှင့် ဝင်ငွေခွန် တို့ဖြစ်သည်။

လုပ်ခလစာများကို လစဉ်ပေးအပ် ရမည်။

လုပ်ခလစာပေးချေရန်နောက်ကျခြင်းများ၊ လုပ်ခလစာဖြတ်တောက်ခြင်း အစရှိသည့် လုပ်ခလစာနှင့် ပတ်သက်သော အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ အတိုင်း ဖြေရှင်းနိုင်ပါသည်။ လုပ်ခလစာနှင့်အကျိုး ခံစားခွင့် ဆုံးရှုံးမှုများကြုံတွေ့ရလျှင် အမြန်ဆုံး တိုင်ကြားရန် လိုအပ်ပါသည်။

အလုပ်ချိန်များသည် လုပ်ငန်းအမျိုးအစား အလိုက် ပြောင်းလဲနိုင်ပါသည်။

  • စက်ရုံ ၊အလုပ်ရုံ များတွင် တစ်ရက်အလုပ်ချိန်သည် ၈နာရီ ၊ တစ်ပတ် အလုပ်ချိန် ၄၄နာရီထက် မပိုစေရ။ စက်ရုံအလုပ်ရုံများတွင် နည်းပညာအရ အဆက်မပြတ်လုပ်ရမည့် အလုပ်အမျိုးအစားများဖြစ်သည့် မိုင်းတွင်းနှင့် သံရည်ကျိုလုပ်ငန်း အပြင် အများပြည်သူ အတွက် အထွေထွေ ဝန်ဆောင်မှုများ ကဲ့သို့သော လုပ်ငန်းများကို တစ်ပတ်လျှင် အလုပ်ချိန် ၄၈ နာရီ ထက် မပိုစေရ။8 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ (၂၀၁၆ပြင်ဆင်ချက်) ပုဒ်မ၅၉၊ ၆၂။)
  • ဆိုင်များနှင့်အလုပ်ဌာနများတွင် တစ်ရက်အလုပ်ချိန် ၈နာရီ၊ တစ်ပတ်အလုပ်ချိန် ၄၈နာရီ ထက် မပိုစေရ။9 (၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၁၁(က)။)
  • အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်း၊ တစ်ပတ်စုစုပေါင်း အလုပ်ချိန် ၄၄/၄၈ နာရီထက် ကျော်လွန် ခြင်းမရှိသည့်တိုင်အောင် တစ်ရက်အလုပ်ချိန် ၈နာရီထက်ပိုမို အလုပ်လုပ်ရခြင်းနှင့် တစ်ပတ် အလုပ်ချိန် ၄၄/၄၈ နာရီထက် ပိုမို အလုပ်လုပ်ရခြင်းများအတွက် အချိန်ပိုလုပ်အားခ ရထိုက်ခွင့်ရှိပါသည်။
  • ဆိုင်များနှင့်အလုပ်ဌာနများတွင် အချိန်ပိုအလုပ်ချိန်သည် တစ်ပတ်လျှင် ၁၆နာရီထက် မပိုစေရ။10 (၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၁၁(ခ)။)  စက်ရုံ ၊အလုပ်ရုံ များတွင် အချိန်ပိုအလုပ်ချိန်သည် တစ်ပတ်လျှင် နာရီ ၂ဝ ထက် မပိုစေရ။11 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်)။)

ယေဘုယျအားဖြင့် အချိန်ပိုအလုပ်ချိန်သည် ရက်သတ္တ တစ်ပတ်လျှင် ၁၂ နာရီ သို့မဟုတ် ၁၆ နာရီထက် မပိုစေရ။12 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ ၆၀။ ၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၁၁(ခ)။)

အလုပ်လုပ်ကိုင်သည့်နေရာအပေါ်မူတည်၍ ၄/၅နာရီကြာ အလုပ်လုပ်ပြီးသည့်အခါတိုင်း အနည်းဆုံး မိနစ် ၃ဝ နားခွင့် ရှိသည်။ ထို့အပြင် အနားယူချိန်နှင့်အလုပ်လုပ်ချိန် စုစုပေါင်းသည် တစ်ရက်လျှင် ၁ဝ/၁၁ နာရီထက် မပိုစေရ။13 (၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၁၂(က)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ ၆၃။)

ရက်သတ္တ တစ်ပတ်လျှင် တစ်ရက် အနားယူခွင့်ရှိသည်။14 (ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ ၃။ ၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေပုဒ်မ ၁၅(က)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ (၂၀၁၆ ပြင်ဆင်ချက်)ပုဒ်မ ၆၀။)  နားရက်မရှိဘဲ ၁၀ ရက်ဆက်တိုက် အလုပ် မလုပ်ရ။15 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ (၂၀၁၆ ပြင်ဆင်ချက်)ပုဒ်မ ၅၉-၆၇။)

အလုပ်ရှင်များသည် မိမိ၏အလုပ်သမားများကို လုပ်ငန်းခွင်အန္တရာယ်များမှ အကာအကွယ်ပေးရမည်ဖြစ်ပြီး ရောဂါနှင့် ထိခိုက်ဒဏ်ရာရရှိမှုများမှ အကာအကွယ်ပေးနိုင်ရန် လုံခြုံရေးဆိုင်ရာလမ်းညွှန်ချက်များကို အလုပ်သမားများအား အသိပေးထားရမည်ဖြစ်သည်။ ပျက်ကွက်ပါက အလုပ်ရှင်အား ငွေဒဏ်မှသည် ထောင်ဒဏ်အထိ ချမှတ်အပြစ်ပေးနိုင် ပါသည်။16 (၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၂၄။)

လုပ်ငန်းခွင့်လုံခြုံရေး ပစ္စည်းကိရိယာများကို အလုပ်သမားထံမှ ငွေကြေး ကောက်ခံမှုမရှိဘဲ အလုပ်ရှင်မှ ပံ့ပိုးပေးရန် တာဝန်ရှိပါသည်။17 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၁၂၊ ၃၇၊ ၁၀၆။ (၂၀၁၂)လူမှုဖုံလုံရေးဥပဒေ ပုဒ်မ ၂၊ ၅၃။)

သန့်ရှင်းအောင်၊ လေဝင်လေထွက်ကောင်းမွန်အောင် ထားရှိခြင်း၊ မီးဘေးအန္တရာယ် အရေးပေါ် ထွက်ပေါက်များ ထားရှိခြင်း အစရှိသဖြင့် လုပ်ငန်းခွင်ဥပစာကို ကောင်းစွာပြုပြင်ထိန်းသိမ်း ထားရှိရ ပါမည်။ လုပ်ငန်းခွင်လုံခြုံရေး ပစ္စည်းကိရိယာများကို အလုပ်ရှင်မှ ပံ့ပိုးပေးရန်တာဝန်ရှိပါသည်။18 (၂၀၁၆ ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၂၄(က)-(ဃ)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၁၃-၁၉။)

စက်ရုံများ၊အလုပ်ရုံများတွင် သောက်သုံးရေသန့်များကို အလွယ်တကူရရှိအောင် ဆောင်ရွက် ထားရပါမည်။19 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂၀။)

အကယ်၍ သင့်အပေါ်ဘေးအန္တရာယ်ကျရောက်လာပါက အလုပ်ကိုရပ်တန့်ပစ်ရန်နှင့် ထိုနေရာမှ ထွက်ခွာသွားရန် သင့်တွင် အခွင့်အရေးရှိပါသည်။

အကယ်၍ လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာရရှိသွားပါက

 

  • ဆေးကုသမှုခံယူနိုင်ရန်အတွက် အလုပ်ရှင်မှ စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ပြီး ထို့သို့လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများအတွက် လျော်ကြေး တောင်းခံနိုင်ပါသည်။ အလုပ်သမားလျော်ကြေးဆိုင်ရာ ကော်မရှင်(Commissioner for Workmen’s Compensation) သို့ ထိခိုက်နစ်နာသည့် အကြောင်းအရာ ကိုတင်သွင်းပြီး လျော်ကြေး တောင်ဆိုနိုင်ပါသည်။
  • Workmen’s Compensation Act တွင် ပြဌာန်းထားသည့် ရောဂါများ အလုပ်သမားတွင် ဖြစ်ပွားပါက စက်ရုံမန်နေဂျာမှ အရာရှိခေါင်းဆောင် နှင့် အသိအမှတ်ပြု ခွဲစိတ်ဆရာဝန်ကို အသိပေး အကြောင်းကြားရမည်။20 (ထောင့်သန်းနာ၊ ခဲ နှင့် အမျိုးမျိုးသော အဆိပ်သင့်ခြင်း၊ အကျိတ်နှင့်အရေပြားကင်ဆာ၊ ပြည်တည်ခြင်းများ စသည့် ရောဂါများကို Workmen’s Compensation Act (2005) ၏ Schedule III တွင်ကြည့်ပါ။)
  • သေဆုံးခဲ့သည်ရှိသော အလုပ်သမား၏ မိသားစုဝင်များမှ ထို ကိစ္စကို မြို့နယ် အလုပ်သမားလျော်ကြေးဆိုင်ရာ ကော်မတီ သို့ တိုင်ကြား တင်သွင်းနိုင်သည်။21 (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ တင်သွင်းနိုင်သည်။)

 

လူမှုဖူလုံရေး အစီအစဉ်များတွင် ပါဝင်ထားခြင်းမရှိပါက Workmen’s Compensation Act ကို နောက်ဆုံးအနေဖြင့် အသုံးချနိုင်သည်။ Workmen’s Compensation Act အောက်၌ အကျုံးဝင်သော အလုပ်သမားဖြစ်လျှင် အယူခံဝင်ပိုင်ခွင့်ရှိသည်။

  • တစ်နှစ်လျှင် ၁၂လ ဆက်တိုက်အလုပ်လုပ်ပြီးပါက အနိမ့်ဆုံးအနေဖြင့် အလုပ်သမားတိုင်း လုပ်ခလစာဖြင့် ခွင့်၁ဝရက် အထိ ရခွင့်ရှိသကဲ့သို့ ရှောင်တခင်ခွင့် ၆ ရက်ကိုလဲ ခံစားခွင့် ရှိပါသည်။22 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်)။) ဘာသာရေးဆိုင်ရာရုံးပိတ်ရက်များကို အလုပ်ရှင်/အလုပ်သမား သဘောတူညီချက်ဖြင့် ရယူခွင့်ရှိပါသည်။ သို့သော် ထိုခွင့်ရက်များအတွက် လုပ်ခလစာ ရရှိနိုင်မည်မဟုတ်ပါ။အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်လုပ်ရပါက ပုံမှန်လုပ်ခလစာ ထက် ၂ဆ ပေးရမည်။23 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ ၃။) မီးမဖွားမီရက်သတ္တ ၆ ပတ်နှင့် မီးဖွားပြီးရက်သတ္တ ၈ပတ် မီးဖွားခွင့် လုပ်ခလစာဖြင့် ခံစားခွင့်ရှိပါသည်။24 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ ၇။)  လုပ်ငန်း၌ လူမှုဖူလုံရေး အစီအစဉ် ရှိပါက ခွင့်ရက် ပြောင်းလဲနိုင်ပါသည်။25 (၂၀၁၂ လူမှုဖူလုံရေးဥပဒေ)လူမှုဖူလုံရေးရံပုံငွေထည့်ဝင်ထားမှာသာလျှင် လုပ်ခလစာပြည့်ဖခင်ဘဝခံစားခွင့်ခွင့်ရက်ကိုရရှိနိုင်မည် ဖြစ်ပါသည်။လုပ်ငန်းတွင်း သို့မဟုတ် လုပ်ငန်းခွင်ပြင်ပတွင် ဖြစ်ပေါ်လာသော နာမကျန်းဖြစ်ခြင်း သို့မဟုတ် ထိခိုက် ဒဏ်ရာရခြင်းကြောင့် အလုပ်မလုပ်နိုင်သည့်အခါ ဆေးဝါးကုသမှုခံယူရန် လုပ်ခလစာဖြတ်တောက် ခံရခြင်း မရှိစေဘဲ ခွင့်ယူခွင့်ရှိပါသည်။26 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ၆၊ ၈။)အလုပ်သမားတစ်ဦးအနေဖြင့် လုပ်ခလစာအပြည့်ဖြင့် ဆေးဝါးကုသခွင့်ကို ရက်ပေါင်း၃ဝအထိ ခံစားခွင့်ရှိပါသည်။ သို့သော် ယင်းသို့ ဆေးဝါကုသခွင့် ခံစားခွင့်သည် အလုပ်ရှင်မှ လူမှုဖူလုံရေးရံပုံငွေထည့်ဝင်ပေးထားခြင်း ရှိမရှိ နှင့် ခွင့်ရက်ခံစားလိုသူမှ လက်ရှိအလုပ်ရှင်အတွက် အလုပ်လုပ်ပေးထား ခဲ့သည့် လအရေအတွက် စသည်တို့ပေါ် မူတည်ပါသည်။27 (Workmen’s Compensation Act(1923)၊ ၂၀၁၂ လူမှုဖူလုံရေးဥပဒေ။)အလုပ်ဝင်ပြီး ပထမ တစ်နှစ်လျှင် ၁၂လ ဆက်တိုက်အလုပ်လုပ်ပြီးပါက အလုပ်သမားတိုင်း လုပ်ခလစာဖြင့် ခွင့်၁ဝရက် အထိ ရခွင့်ရှိသည်။28 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ၄။)တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၆ ရက် ခံစားခွင့်ရှိသည်။ နှစ်ကုန်ပါက မယူရသေးသည့် ရှောင်တခင်ခွင့်များ သည် ဆုံးရှုံးသွားမည်ဖြစ်ပြီး အစားထိုးပြန် ရမယူနိုင်ပါ။29 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ၅-၆။)

    အလုပ်ရုံများအက်ဥပဒေ အောက်တွင် အကျုံးဝင်သော အလုပ်ဌာနများသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကို ပိတ်ရက် အဖြစ် သတ်မှတ်ပေးရမည်။30 (၂၀၀၆ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ၅၉-၆၇။)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် အလုပ်တာဝန်မှ ထွက်ခြင်း၊ ရပ်စဲခြင်း အပြင် သဘောတူမှု ရပ်စဲခြင်း တို့နှင့် ပတ်သက်သည့် စည်းကမ်းချက်များ ထည့်သွင်းထားရမည်။

ဝန်ထမ်းတစ်ဦးသည် အလုပ်ထွက်လိုလျှင် အလုပ်ရှင်အား အလုပ်ထွက်ရခြင်း၏ အကြောင်းအရင်းနှင့်တကွ ရက် ၃၀ ကြိုတင်၍ အသိပေးရမည်။

အလုပ်ရှင်မှ ဝန်ထမ်းအား အလုပ်မှရပ်စဲလိုလျှင် အလုပ်ရပ်စဲရခြင်း၏ အကြောင်းအရင်းနှင့်တကွ ဝန်ထမ်းအား ရက် ၃၀ ကြိုတင်၍ အသိပေးရမည်။31 (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅။)

အလုပ်မှရပ်စဲခံရပါ လစာ နှင့် အလုပ်လုပ်ကိုင်ပေးခဲ့သည့် သက်တမ်း ပေါ်မူတည်ပြီး နစ်နာကြေး ရခွင့်ရှိ ပါသည်။32 (အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး အမိန့်ကြေငြာစာအမှတ် ၈၄/၂၀၁၅)

ရယူခဲ့ခြင်းမပြုခဲ့သည့် ခွင့်ရက်များအတွက်လည်း အခကြေးငွေရခွင့်ရှိပါသည်။33 (၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်)။)

အလုပ်သမားအဖွဲ့အစည်းများတွင် ပါဝင်ခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကြောင့် လုပ်ငန်းခွင်မှ ထွက်ခွာရခြင်း နှင့် တရားမဝင် အလုပ်ပိတ်သိမ်း ခြင်းကို ကန့်ကွက်ခြင်း စသည်တို့ကြောင့် အလုပ်မှ ထုတ်ပစ်ခြင်း၊ ရပ်စဲခြင်းများ ပြုလုပ်ခွင့်မရှိပါ။34 (၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေ။)

ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော အလုပ်မှထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းများကို အငြင်းပွားမှုဖြေရှင်းရေး နည်းလမ်းများ ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။

အလုပ်သမားများတွင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး လုပ်ငန်းခွင် ကျန်းမာရေး၊ လုံခြုံရေး စသည့် အလုပ်သမားအခွင့်အရေးများအတွက် ဆန္ဒပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်/ သပိတ်မှောက်ခွင့် ရှိပါသည်။ ထို့အပြင် လုပ်ငန်းခွင်/အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များအတွက် စေ့စပ်ညှိနှိုင်းခြင်း၊ စုပေါင်းညှိနှိုင်းခြင်း များကို ဆောင်ရွက်ခွင့်ရှိပါသည်။35 (၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ၃(က)။)

အလုပ်သမားများကို အလုပ်သမားအဖွဲ့အစည်းတစ်ရပ်ရပ်သို့ ပါဝင်စေရန် သို့မဟုတ် မပါဝင်ရန် ဖိအားပေးခွင့် မရှိပါ။အလုပ်သမားများအနေဖြင့်လည်းမိမိပါဝင်ထားသော အလုပ်သမားအဖွဲ့အစည်းမှ နှုတ်ထွက်ပိုင်ခွင့် ရှိပါသည်။36 (၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ၃(က)၊ ၄၉။)

ဥပဒေနှင့်မညီသော အလုပ်ပိတ်သိမ်းခြင်း ကိုဆန့်ကျင်ခြင်း၊ အလုပ်သမားအဖွဲ့အစည်း၏ လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ သပိတ်မှောက်ခြင်း စသည်တို့ကြောင့် အလုပ်သမားတစ်ဦးကို အလုပ်မှ ထုတ်ခွင့်မရှိပါ။37 (၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ၄၄(ဂ)-(ဃ)။)

အထွေထွေသတ်မှတ်ထားသော အငြင်းပွားမှုဖြေရှင်းသည့်နည်းလမ်း မအောင်မြင်သည့်အခါ အလုပ်သမားသမဂ္ဂ အဖြစ်ဖွဲ့စည်းထားသော အလုပ်သမားများသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သပိတ်မှောက် နိုင်ပါသည်။38 (၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေ။)

အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့် အညီသာ ဖြေရှင်းဆောင်ရွက်သင့်ပါသည်။

အလုပ်ရှင် အလုပ်သမား တစ်ဦးချင်းစီဖြစ်ပွားသောအငြင်းပွားမှု၊ သို့မဟုတ် အလုပ်သမားများနှင့် အလုပ်ရှင် အကြား ဖြစ်ပွားသည့် အငြင်းပွားမှု အစရှိသည်တို့အပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမှု ရှိပါသည်။39 (၂၀၁၂ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ(၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ၂၂(ဎ)-(ဏ)၊ ၂၃၊ ၂၄။)

အငြင်းပွားမှု တစ်ခုချင်းစီအလိုက်ရှိနေသော လုပ်ထုံးလုပ်နည်းများသည် တတိယကြားခံအဖွဲ့အစည်း (ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့) မှတစ်ဆင့် နှစ်ဦးသဘောတူကျေနပ်သည့်နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ထောက်ခံ အားပေးထားပါသည်။

ညှိနှိုင်းဖျန်ဖြေသည့်နည်းလမ်းမအောင်မြင်သည့်အခါခုံသမာဓိနည်းလမ်းများ သို့မဟုတ် တရားရုံးများတွင် ဖြေရှင်းသည့် နည်းလမ်းဖြင့် အငြင်းပွားမှုအတွက် အပြီးသတ်၊ ခိုင်မာသော ဆုံးဖြတ်ကို ရယူနိုင်ပါသည်။

သပိတ်မှောက်ခြင်း သို့မဟုတ် အလုပ်ပိတ်သိမ်းခြင်း များကို အထွေထွေအငြင်းပွားမှုဖြေရှင်းရေးနည်းများ မအောင်မြင် မှသာ ဆောင်ရွက်နိုင်ပါသည်။

  • ကလေးသူငယ်တိုင်းသည် အလုပ်လုပ်ပိုင်ခွင့်၊ အနားယူပိုင်ခွင့်၊ အားလပ်ချိန် ရပိုင်ခွင့် များရှိပါသည်။40 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၈၊ ၁၉(ည)၊ ၄၈(ခ)။) ကလေးသူငယ်များသည် လူကြီးများနှင့်တန်းတူ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရှိပြီး ထပ်ဆောင်းအကာအကွယ်များလည်း ရပိုင်ခွင့်ရှိသည်။
    အသက်လိုအပ်ချက်နှင့် ဆေးစာထောက်ခံချက်
    အသက် ၁၄ နှစ်အောက် အလုပ်သမားအဖြစ် ငှားရမ်းခွင့်မရှိပါ။41 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)။ (၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၃(က)။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(ခ)။)
    အသက် ၁၄နှစ်နှင့် အထက် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် နှင့် အလုပ်တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည့် စွမ်းဆောင်ရည် ရှိပါက တည်ဆဲအလုပ်သမားဥပဒေများအရ အလုပ် လုပ်ကိုင်နိုင်သည်။42 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(ဂ)။)
    အသက် ၁၄ သို့မဟုတ် ၁၅ နှစ် တစ်ရက် ၄ နာရီထက်ပို၍ အလုပ် မလုပ်စေရ။43 (၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(က)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)-(ခ)၊ ၇၉(က)။ အလုပ်ရုံများအက်ဥပဒေ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၃(က)။)

    အလုပ်ချိန် ညနေ ၆နာရီ နှင့် မနက် ၆နာရီ အချိန်များတွင် အလုပ်မခိုင်းရ။44 (၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ခ)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)-( ခ)၊ ၇၉(ခ)။ အလုပ်ရုံများအက်ဥပဒေ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၃(က)။)

    အသက် ၁၆ နှစ် သို့မဟုတ် ၁၇ အလုပ်လုပ်ကိုင်နိုင်လောက်သည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ဖြင့်သာ စက်ရုံတွင် လူကြီးများနှင့်တန်းတူ အလုပ်ခန့်ထားနိုင်သည်။45 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၇-၇၈။)

    ထိုသို့မရှိပါက အသက် ၁၆နှစ်အောက်များအတွက် ပြဌာန်းထားသော ဥပဒေများသည် ထိုကလေးအတွက် အကျုံးဝင်သည်။46 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၈(၂)။)

    အသက် ၁၈ နှစ်အောက် ဆိုင်များနှင့် အလုပ်ဌာနများတွင် အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ လိုအပ်သည်။47 (၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(င)။)

    စက်ရုံတွင် အလုပ်လုပ်ကိုင်လျှင် မှတ်ပုံတင်နှင့် အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ အမြဲဆောင်ထားရမည်။48 (၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၆(ခ)။)

    ဒဏ်ရာ အနာတရ ရနိုင်သည့် ကုန်တင်ကုန်ချ အလုပ်များ သို့မဟုတ် အန္တရာယ်ရှိသည့် အလုပ် များကို မခိုင်းစေရ။49 (၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ဃ)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၃၆(၁)။)

    ပြည့်တန်ဆာ၊ လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယို၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း နှင့် ကြွေးမြီနှင့် ဆက်နွယ်၍ အဓမ္မခိုင်းစေခြင်း50 (၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)။)  ကဲ့သို့သော ဆိုးရွားသည့် အလုပ်ခွင် စေခိုင်းမှုများ51 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(က)။) တွင် မည်သည့် ကလေးတိုင်းကိုမဆို မခန့်အပ်ရ။

    ကလေးများကို အတင်းအဓမ္မအလုပ်ခိုင်းစေသူ မည်သူမဆို ကို ရာဇဝတ်ကျူးလွန်သူ ဟု သတ်မှတ်သည်။52 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(က)။)

    ဆိုးရွားသည့်အလုပ်ခွင်များတွင် လုပ်ကိုင်နေသည့် ကလေးများကို အကာအကွယ်နှင့် လုံခြုံမှု ပေးရမည်။53 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၅၇(ဂ)။)

    လက်နက်ကိုင်အဖွဲ့အစည်းများတွင် ကလေးများအား တာဝန်ထမ်းဆောင်ရန် ခေါ်ယူခွင့်မရှိပါ။54 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၆၃-၆၄၊ ၃(န)(၁)။ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပုဒ်မ ၁၀၃-၁၀၅၊ ၁၀၇-၁၀၉ တွင် ကြည့်ပါ။)  အသက် ၁၈နှစ်အောက် များကိုလည်း တိုက်ပွဲပြင်းထန်သော နေရာများတွင် စစ်မှုထမ်းရန် မစေလွှတ်ရ။55 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၆၂(ခ)။)

    ကလေးများကို ကျန်းမာရေး၊ လုံခြုံရေးနှင့် စာရိတ္တပိုင်းဆိုင်ရာ56 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)(၄)။ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပုဒ်မ ၁၀၀-၁၀၃၊ ၁၀၅၊ ၁၀၇-၁၀၉ တွင် ကြည့်ပါ။) ထိခိုက်စေနိုင်သည့် လောင်းကစားခြင်း၊ အရက်ရောင်းသည့် နေရာတွင် အလုပ်လုပ်ကိုင်ခြင်း57 (၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ဃ)။ ၁၉၅၁ အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၃၆(၁)။ ၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၀(က)(၁)၊ ၁၀၀(ခ)(၁)။) စသည့် အလုပ်များကို လုံးဝမခိုင်းစေရ။

သက် ၁၈ နှစ်နှင့်အထက် လူကြီးများကို ရာဇဝတ်ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်း နှင့်ထောင်ဒဏ်ချမှတ်ခြင်း နှင့် တိုင်းပြည်၏ အရေးပေါ်အခြေအနေများမှ အပအဓမ္မစေခိုင်းခြင်း ကို တားမြစ်သည်။58 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၅၉)။ ၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃။ ရာဇသတ်ကြီးပုဒ်မ ၃၇၄။), 59 (ရာဇသတ်ကြီးပုဒ်မ၃၇၄ အရ အဓမ္မခိုင်းစေခြင်း ကိုတားမြစ်ထားပြီး “ဥပဒေနှင့်ဆန့်ကျင်သော အတင်းအဓမ္မခိုင်းစေမှု”အဖြစ် သတ်မှတ်သည်။)

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးအရာရှိထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။ နစ်နာသွားရသူများအနေဖြင့် တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုန့်ပြန်ခြင်း ကို ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်းကို ပေးထားပါသည်။

မည်သည့်နည်းလမ်းဖြင့်မဆို လူကုန်ကူးခြင်းသည် တရားမဝင်ပါ။ အမျိုးသမီးနှင့် ကလေးများ (၁၆နှစ်အောက်များ) ကို လူကုန်ကူးပါက ပြင်းထန်သည့် ပြစ်ဒဏ်များ (၁၀နှစ် မှ တစ်သက်တစ်ကျွန်း အထိ ထောင်ဒဏ် သင့်နိုင်ပါသည်။) ချမှတ်နိုင်ပါသည်။60 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄-၂၅။)

လူကုန်ကူးမှုများကို တရားရုံး၌ စစ်ဆေးသည့်အခါ တရားသူကြီးသည် လူကုန်ကူးခံရသူ ၏ ကိုယ်ရေးကိုယ်တာကို အကာအကွယ်ပေး ရပါမည်။ အထူးသဖြင့် အမျိုးသမီးနှင့် အသက် ၁၈ နှစ်အောက် များကို တံခါးပိတ် စစ်ဆေးခြင်း၊ တရားခွင်တွင် တင်ပြသည့် စာရွက်စာတမ်းများ ကို အမှုနှင့် တိုက်ရိုက် မသက်ဆိုင်သူများ ကြည့်ခွင့်မပေးခြင်း တို့ဆောင်ရွက်နိုင်သည်။ အမှုနှင့်သက်ဆိုင်သည့် အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုမီ သက်ဆိုင်ရာ တာဝန်ရှိသူထံမှ တရားဝင်ခွင့်ပြုမိန့် တောင်းခံစေခြင်း တို့ ပါဝင်သည်။61 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၁(က)-(ဂ)။)

လူကုန်ကူးခံရသူသည် ကျူးလွန်သူအပေါ် ရာဇဝတ်မှုဖြင့်သာမက တရားမမှုပါ သီးခြားစွဲဆိုနိုင်ပြီး ၎င်းအတွက် လိုအပ်သည့် အထောက်အပံ့များ၊ ဥပမာအားဖြင့် ယာယီနေထိုင်ရန် နေရာ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု နှင့် အခြားသော လူမှုရေး အထောက်အပံ့များ စသည်တို့ ကိုလည်းရရှိနိုင်ပါသည်။62 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၉(က)-(ဆ)။)

မြန်မာနိုင်ငံအတွင်းရှိ ဥပဒေများအရ အလုပ်ရှင်များသည် အလုပ်သမားများအပေါ် လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့် ဘာသာ၊ လိင် အရ ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်းများ ပြုလုပ်ခွင့်မရှိပါ။63 (၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၂။)

အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးနှင့်လုပ်ခလစာများ ခံစားခွင့်ရှိသည်။64 (၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၀။) အလုပ်သမားတိုင်း အနိမ့်ဆုံးလုပ်အားခကို ကျား/မ-လိင် မခွဲခြားဘဲ ခံစားခွင့်ရှိသည်။65 (၂၀၁၂အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁၆(စ)။)

နိုင်ငံသားတိုင်း အလုပ်အကိုင်နှင့်လုပ်ငန်းခွင်တွင် တူညီသော အခွင့်အလမ်းများကို ရပိုင်ခွင့်ရှိသည်။66 (၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၉(က)။)  ထိုအခွင့်အရေးတွင် လုပ်ငန်းခွင်အတွင်း၊ ဌာနတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း နှင့် ကျွမ်းကျင်မှုသင်တန်းများတွင် ခွဲခြားဆက်ဆံမှု မရှိခြင်းပါ ပါဝင်သည်။67 (၂၀၁၃အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ။)

  • Workmen’s Compensation Act (1923) (amended 2005)
  • ၂၀၁၂လူမှုဖူလုံရေးဥပဒေ
  • ၂၀၁၃အနည်းဆုံးအခကြေးငွေဥပဒေ
  • ၂၀၁၆အခကြေးငွေပေးချေရေးဥပဒေ
  • ၂၀၁၃အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
  • ၁၉၅၁အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်)
  • ၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ (၂၀၁၄ ပြင်ဆင်ချက်)
  • ၂၀၁၆ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ ပုဒ်မ၁၁(က)
  • ၂၀၁၂အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ(၂၀၁၄ ပြင်ဆင်ချက်)
  • ၂၀၀၅လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ