ရှေ့နေတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများ

မာတိကာ

– သင့်၏ရှေ့နေအနေဖြင့် သင့်၏ အကျိုးစီးပွားကို တတ်စွမ်းသမျှ၊ ဖြစ်နိုင်သမျှ အကျိုးဆောင်ရွက်ပေးရမည် ဖြစ်သည့် အပြင် ယင်းသို့ဆောင်ရွက်ရာတွင် ရှေ့နေကျင့်ဝတ်သိက္ခာကိုသာမက ဥပဒေအရ တာဝန်ဝတ္တရားများကိုလည်း လိုက်နာ စောင့်ထိမ်းရပါမည်။

– ရှေ့နေများသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူကိုလည်းကောင်း တရားရုံးတော်သို့ လိမ်လည်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အထင်အမြင်မှားအောင်ပြလုပ်ခြင်းများ မပြုရပါ။

– ရှေ့နေများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုအပါအဝင် အခြားသောအကျင့်ပျက်ခြစားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရပါ။

– ရှေ့နေများ၏ မလျော်ကန်သောအပြုအမူများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက မေးခွန်းနံပါတ် ၁၈ ကျွန်တော့်ရှေ့နေကို တိုင်ကြားလို့ရပါသလား? တွင်ကြည့်ပါ။

– ရှေ့နေတစ်ဦးအနေဖြင့် အမှုတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သက်ဆိုင်သောဥပဒေများကို လေ့လာထားရန် လိုအပ်ပါသည်။

– ရှေ့နေတစ်ဦးအနေဖြင့် အမှုတွင်ဖြစ်ပေါ်နေသော အချက်အလက်ပေါ်မူတည်ပြီး ဥပဒေများကို လက်တွေ့ အသုံးချရန် လိုအပ်သကဲ့သို့ အမှုသည်အား အကောင်းဆုံးဖြစ်မည့် ဆောင်ရွက်ချက်နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော ရလဒ်များကို အကြံပေးရန် တာဝန်ရှိပါသည်။

– ကလေးသူငယ်များအတွက် လိုက်ပါဆောင်ရွက်ပေးရသည့်အခါ၊ ရှေ့နေအနေဖြင့် ထိုကလေးငယ်နားလည် နိုင်မည့် စကားလုံးအသုံးအနှုန်း၊ သဘောတရားများဖြင့် ဥပဒေဆိုင်ရာအခြေအနေများကို အချိန်ယူရှင်းပြပေးသင့် ပါသည်။

– တရားရုံးတွင် အမှုရင်ဆိုင်သည့်အခါ သက်သေခံအထောက်အထားများကို တင်သွင်းခြင်းနှင့် စစ်ဆေးခြင်း၊ အမှုသည် အတွက် သက်သေများကို တင်သွင်းစစ်ဆေးပေးခြင်း၊ တဘက်မှတင်သွင်းလာသော မျက်မြင်သက်သေများကို ပြန်လှန် မေးခွန်းထုတ် စစ်မေးခြင်း၊ လိုအပ်ပါက ကန့်ကွက်မှုများပြုလုပ်ပေးခြင်းတို့ကို ရှေ့နေမှဆောင်ရွက်ပေးပါလိမ့်မည်။

– ကြားနာစစ်ဆေးမှုတိုင်းတွင် ရှေ့နေရှိနေရန်လိုအပ်ပြီး၊ လိုအပ်သော တရားရုံးစာရွက်စာတမ်းများကို ရရှိအောင်နှင့် အမှုသည်အတွက် မိတ္တူရရှိအောင် ဆောင်ရွက်ပေးရပါမည်။

– ရှေ့နေတစ်ဦးအနေဖြင့် အထောက်အထားများကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာ အခင်းဖြစ်နေရာများသို့ သွားရောက် လေ့လာခြင်း၊ မျက်မြင်သက်သေများကို သွားရောက်တွေ့ဆုံခြင်းများ၊ စသည့်လိုအပ်သည့် စုံစမ်းမှုများကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

– ရှေ့နေများတွင် အမှုသည်ကိုပြန်လည်အကြောင်းကြားပေးရန်နှင့် အမှု၏ အခြေအနေတိုးတက်ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး နောက်ဆုံးရောက်ရှိနေသော အခြေအနေကို ပြောပြပေးရန် တာဝန်ရှိသည်။

– ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်နှင့်အမှု၏အချက်အလက်များ၊ အမှုသည်နှင့်ပြောဆိုဆက်ဆံမှုများကို မပေါက်ကြား အောင်၊ လုံခြုံစိတ်ချရအောင် ထိန်းသိမ်းပေးရန် တာဝန်ရှိပါသည်။ မေးခွန်းအမှတ် ၁၁း ရှေ့နေမှ သတင်းအချက် အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ဆိုတာဘာလဲ? ကိုကြည့်ပါ။

– ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်နှင့်ပတ်သက်သော အချက်အလက်များကို မပေါက်ကြားရလေအောင် အမှုနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လုံခြုံအောင်သိမ်းဆည်းထားခြင်း၊ အမှုသည်နှင့်ရှေ့နေ နှစ်ကိုယ်ကြား ပြောဆိုဆက်သွယ်မှုများကို ထုတ်မပြောခြင်း၊ အစရှိသဖြင့် လုံခြုံအောင်ထိမ်းသိမ်းထားရန် တာဝန်ရှိပါသည်။

– ရှေ့နေမှ အမှုသည်တစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေစဉ်ကာလအတွင်း လျှို့ဝှက်စွာထိန်းသိမ်းထားရမည့် ဆက်သွယ်ပြောဆိုမှုများကို ထိုရှေ့နေမှ ထုတ်ဖော်ပြောကြားလာအောင် အတင်းအကြပ်ပြုလုပ်ခွင့်မရှိပါ။

– ယင်း မူသဘောတရားတွင် ချွင်းချက်အနည်းငယ်သာရှိပါသည်။ ၎င်းတို့မှာ

– သင့်အနေဖြင့် ဥပဒေနှင့်ဆန့်ကျင်သော ပြုလုပ်မှုများ ကိုကျူးလွန်မည်ဖြစ်ကြောင်း ပြောဆိုချက်များကို အကာ အကွယ် ပေးမထားပါ။

– ရှေ့နေငှားရမ်းပြီးနောက်မှ ကျူးလွန်လိုက်သောပြစ်မှုနှင့်ပတ်သက်ပြီး ထိုကျူးလွန်လိုက်သော ပြစ်မှုအသစ် အတွက် သက်ဆိုင်ရာအာဏာပိုင်များသို့ တိုင်ကြားရန် ရှေ့နေတွင်တာဝန်ရှိပါသည်။

– အကယ်၍ သင့်အနေဖြင့် ရှေ့နေအားလျှို့ဝှက်လုံခြုံအောင်ထိန်းသိမ်းပေးထားရမည်ဟူသော စည်းကမ်းချက်ကို စာဖြင့်ရေးသားတရားဝင်စွန့်လွှတ်လိုက်ခြင်းသည်လည်း ချွင်းချက် ဖြစ်ပါသည်။

– သင့်အနေဖြင့် အမှုကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသောအခါ ရှေ့နေအပြင် အခြားသူများပါကြားသိနိုင်သည့် အခြေအနေ မျိုးတွင် အထူးသတိပြုပါ။

– လျှို့ဝှက်လုံခြုံစွာဆက်သွယ်ပြောဆိုခွင့်သည် ရှေ့နေနှင့်အမှုသည်တို့ အကျဉ်းထောင်အတွင်း ပြောဆိုခြင်းအထိ အကျုံးဝင်ပါသည်။

– ထို့အတူ စကားပြန်ဖြင့်လည်းကောင်း၊ သင့်ရှေ့နေမှ သင့်အမှုအတွက်လိုက်ပါဆောင်ရွက်ပေးရန် ခန့်အပ်ထားသော ဝန်ထမ်းရှေ့မှောက်တွင်လည်းကောင်း ပြောဆိုခြင်းများသည်လည်း လျှို့ဝှက်လုံခြုံအောင်ထားရှိပေးရမည့် သတင်းအချက် အလက်များဖြစ်ပြီး ယင်းအချက်အလက်များကို ဥပဒေမှ အကာအကွယ်ပေးထားပါသည်။

– ဖြစ်နိုင်ပါက ရှေ့နေနှင့်တစုံတရာဆက်သွယ်ပြောကြားခြင်းမပြုမီ သင့်ရှေ့နေအား ယခုဆက်သွယ် ပြောကြားမှု များကို အခြားသူများမသိအောင် လျှို့ဝှက်ထိန်းသိမ်းထားရှိပေးစေလိုကြောင်း ဦးစွာအတည်ပြု အသိပေးသင့်ပါသည်။

– ရှေ့နေတစ်ဦးသည် အချင်းဖြစ်ပွားနေသော အမှုသည်နှစ်ဘက်လုံးအတွက် အမှုလိုက်ပါဆောင်ရွက်ပေးသည့်အခါ အကျိုးစီးပွားပဋိပက္ခ ပေါ်ပေါက်လာပြီး ယင်းသို့ ဆောင်ရွက်ပေးခြင်းကို တားမြစ်ထားပါသည်။

– ရှေ့နေတစ်ဦးအနေဖြင့် ၎င်းကိုငှားရမ်းထားသော အမှုသည်ထံမှသာ ညွှန်ကြားချက်ကို ရယူရမည်ဖြစ်ပါသည်။

– မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက တားမြစ်ထားခြင်းမရှိသော်လဲ စွပ်စွဲခံရသူအများအပြားပါဝင်နေသော အမှုများတွင် ရှေ့နေတစ်ဦးသည် စွပ်စွဲခံရသူ တစ်ဦးတည်းအတွက်ကိုသာ လိုက်ပါဆောင်ရွက်ပေးသင့်ပါသည်။

– အစကနဦးတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းမရှိဟု ထင်ရသော်လည်း နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်ပါသည်။ ဥပမာ- စွပ်စွဲခံရသူတစ်ဦးအတွက် ဝန်ခံလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည့် အခြေအနေတွင် အခြားပူးတွဲ စွပ်စွဲခံရသူအတွက် အမှုကိုဆက်လက်ရင်ဆိုင်ခြင်းသည် အကောင်းဆုံးဖြစ်နေနိုင်ပါသည်။