ဖမ်းဆီးချုပ်နှာင်ခံရသူများ၏အခွင့်အ‌ရေးများ

တၢ်ဂ့ၢ်ခိၣ်တီ

  • လွတ်လပ်မှုအခွင့်အရေးသည် အခြေခံကျသောအခွင့်အရေးဖြစ်ပါသည်။1 ((၂၀၀၈ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁(က)၊ ပုဒ်မ ၃၅၃)
  • ဖမ်းဆီးချုပ်နှောင်ခံရသူသည် ဖြစ်နိုင်သမျှ ရှေ့နေ မြန်မြန် ရှာသင့်ပါသည်။
    • ရှေ့နေသည် ချုပ်နှောင်ခံရသူ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်အတွက် ချုပ်နှောင်မှုကို အချိန်မရွေး စောဒကတက် နိုင်ပါသည်။2 (ရှေ့နေသည် အထူးသဖြင့် စွပ်စွဲခံရသူ၏အာမခံကြားနာခွင့်ကို အခိုင်အမာပြောဆို၍ စွပ်စွဲခံရသူ၏လွှတ်မြောက်မှုအတွက် နည်းလမ်းများစွာဖြင့် တင်ပြလျှောက်ထားနိုင်ပါသည်။ ၁၈၉၈ခုနှစ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆-၄၉၇)  ကျွန်ုပ်သင့်ကိုဘယ်လိုကူညီနိုင်မလဲ၊ စွပ်စွဲခံရသူများ၏အခွင့်အရေးကိုကြည့်ပါ။
    • ရှေ့နေသည် အမှုကို တတ်နိုင်သမျှ ဆောလျင်စွာ ၊ လျှင်မြန်စွာ ဆောင်ရွက်ခြင်းအားဖြင့် ချုပ်နှောင်ခံရသူကို ကူညီနိုင်ပါသည်။3 (တရားရုံးများလက်စွဲ အပိုဒ် ၄၆၆၊ အပိုဒ် ၄၂)
      • ချုပ်နှောင်ခံရသူများအနေဖြင့် အမှုကို ဆောလျင်စွာ စစ်ဆေးခြင်း အားဖြင့် မိမိတို့၏ အခွင့်အရေးများ ၊ အထူးသဖြင့် လုပ်ထုံးလုပ်နည်းတကျ ဆောင်ရွက်ရခြင်းအား ရရှိပိုင်ခွင့် (the right to due process) အား မည်မျှ သက်ရောက်စေနိုင်မည်ကို ထည့်သွင်း စဉ်းစား သင့်ပါသည်။
    • မျှတသောတရားခွင်ဆိုင်ရာ အခွင့်အရေးများ အပါအဝင် ဥပဒေက အကာအကွယ် ပေးထားသော ချုပ်နှောင်ခံရသူ၏ အခွင့်အရေးများကို အခိုင်အမာတောင်းဆိုပေးခြင်း အားဖြင့်လည်း ရှေ့နေက ချုပ်နှောင်ခံရသူကို ကူညီပေးနိုင်ပါသည်။
    • ထို့ပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကာလအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက ချုပ်နှောင် ခံရသူအပေါ် ကျူးလွန်ခဲ့သော အခွင့်အရေးချိုးဖောက်မှုများကို ဥပဒေကြောင်းအရ အရေးယူ ရာတွင် အကူအညီ ပေးနိုင်ပါသည်။
      • တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် လုပ်ထုံးလုပ်နည်း/နည်းဥပဒေများကို တမင်ချိုးဖောက်ခြင်း သို့မဟုတ် မျက်ကွယ်ပြုခြင်း များကို ကျူးလွန်ခဲ့သည့် အချို့သော အကျဉ်းထောင် အာဏာပိုင် များကို ထောင်ဒဏ် ၃ လ အထိ အပြစ်ပေးနိုင်ပါသည်။4 (၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၅၄(၁))
      • သတင်းအချက်အလက်ရယူရန် ရည်ရွယ်ချက်ဖြင့် တမင်နာကျဉ်စေလျှင် ထောင်ဒဏ် ၇ နှစ် အထိ အပြစ်ပေးနိုင်ပါသည်။5 (၁၈၆၁ခုနှစ် ရာဇသတ်ကြီး ပုဒ်မ ၃၃၀နှင့် ပုဒ်မ ၃၃၁)
      • အကယ်၍ ကျူးလွန်သူသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး အောက်ပါတို့ကို ကျူးလွန်ပါက ထိုသူ့ကို ထောင် ၃ နှစ်အထိ ချမှတ်နိုင်ပါသည်။
        • ချူပ်နှောင်ခံရသူ ရိုက်နှက်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် နှိပ်စက်ခြင်း။6 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဆ))
          • အချုပ်သားတစ်ဦးအား အခြားအချုပ်သားတစ်ဦးကို ရိုက်နှက်စေခြင်း၊ သို့မဟုတ် ရိုက်နှက်ခွင့် ပြုထားခြင်း သို့မဟုတ် တစ်နည်းအားဖြင့် နှိပ်စက်စေခြင်းဖြစ်စေ၊ နှိပ်စက်ခွင့်ပြုခြင်း။7 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဂ))
        • တစ်ဦးတစ်ယောက်ထံမှ ငွေကြေးတောင်းခံခြင်း သို့မဟုတ် လက်ခံခြင်း။8 (၁၉၉၅ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဇ))
    • ရှေ့နေသည် ချုပ်နှောင်ခံထားရသော စွပ်စွဲခံရသူနှင့် တွေ့ဆုံနိုင်သောကြောင့် မိသားစု၊ သူငယ်ချင်း များနှင့် ဆက်သွယ်ရာတွင် လည်းကောင်း ၊ လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရာတွင် လည်းကောင်း အထောက်အကူပေးနိုင်ပြီး ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ဆိုးရွားစွာပြုမူခြင်း စသည် အနိုင်ကျင့်မှုများကို မှတ်တမ်းတင်ခြင်း ၊ ဖြေရှင်းခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။
  • အမှု စစ်ဆေးရန် စောင့်ဆိုင်းနေစဉ် ကာလအတွင်း ချုပ်နှောင်ခံရသူများသည် ရှေ့နေနှင့်သီးသန့် ဆက်သွယ် ပြောဆိုခွင့်ရှိပါသည်။
    • ရှေ့နေနှင့်သီးသန့်တွေ့ဆုံခွင့်သည် ခုခံချေပခွင့်နှင့် အခြားသော မျှတသောတရားခွင်ဆိုင်ရာ အခွင့်အရေး များ၏ အခြေခံအခွင့်အရေးဖြစ်သောကြောင့် မုချလိုအပ်ပါသည်။ 9 (၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၄၊ ၁၈၉၈ခုနှစ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀(၁)၊ တရားရုံး လက်စွဲ အပိုဒ် ၄၅၅(၁)နှင့် အပိုဒ် ၄၅၇(၁))
    • ချုပ်နှောင်ခံထားရသူသည် ရှေ့နေနှင့်သီးသန့်တိုင်ပင်ဆွေးနွေးနိုင်ရန် လိုအပ်သောနေရာထိုင်ခင်းကို အကျဉ်းထောင်အာဏာပိုင်များက ပြုလုပ်ပေးရန် လိုအပ်ပါသည်။ 10 (၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၀၊ ရဲလက်စွဲ အပိုဒ် ၁၁၉၈(ဂ))
      • သို့သော် ရဲတပ်ဖွဲ့က လုံခြုံရေးအရရှာဖွေမှုများ ပြုလုပ်နိုင်ပြီး ၊ လာရောက်သော ရှေ့နေ၏ အမည်နှင့်လိပ်စာကိုတောင်းဆိုနိုင်ပါသည်။ 11 (၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၁(၁)နှင့် ပုဒ်မ ၄၁(၂))
        • အထက်ပါအချက်များကိုလိုက်နာရန် ငြင်းဆိုခြင်းပါက ချုပ်နှောင်ခံရသူနှင့် တွေ့ဆုံခွင့်ကိုလည်း ငြင်းပယ်ခံရ နိုင်ပါသည်။
      • ရှေ့နေသည် ချုပ်နှောင်ခံထားရသော အမှုသည်နှင့် တွေ့ဆုံရန် “ရှေ့နေကိုယ်စားလှယ် လွှဲစာ” ရှိရန်မလိုအပ်ပါ။ 12 (အထက်တရားရုံးအမိန့်ကြော်ငြာစာအမှတ် ၂(အထွေထွေ)၊ ၁၉၂၇ခုနှစ် ဖေဖော်ဝါရီလ)
        • “ရှေ့နေကိုယ်စားလှယ်လွှဲစာ”ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးကိုယ်စား ဆောင်ရွက်ရန် ရှေ့နေကို ကိုယ်စားလှယ်အဖြစ် တရားဝင်လွှဲအပ်သော စာဖြင့်ရေးထားသည့် စာရွက် စာတမ်းဖြစ်ပါသည်။
        • တရားရုံးအမှုတွင် အမှုသည်ကိုယ်စား လိုက်ပါဆောင်ရွက်နိုင်ရန် အတွက် ရှေ့နေသည် ကိုယ်စားလှယ်လွှဲစာလိုအပ်သော်လည်း ချုပ်နှောင်ခံထားရသော အလားအလာရှိသည့် အမှုသည်ကိုတွေ့ဆုံရန် “ကိုယ်စားလှယ်လွှဲစာ” မလိုအပ်ပါ။
  • လူတစ်ဦးကို ရဲအချုပ်ထဲသို့ ပို့သည့်အခါ ထိုသူ့ကို အာဏာပိုင်များက ဉီးစွာရှာဖွေမည် ဖြစ်သည်။ 13 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၄(၁))
    • လက်နက်များနှင့် တားမြစ်ထားသောပစ္စည်းများအားလုံးကို သိမ်းဆည်းမည်ဖြစ်သည်။
    • အမျိုးသမီး ချုပ်နှောင်ခံရသူအား ရှာဖွေခြင်းကို အမျိုးသမီးအရာရှိက ပြုလုပ်သင့်ပါသည်။ 14 (၁၈၉၈ခုနှစ်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၂၊ ၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၄(၃))
  • ချုပ်နှောင်ခံရသူတိုင်း၏ ကျန်းမာရေးကို ဆေးဘက်ဆိုင်ရာအရာရှိက ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးသင့်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စာဖြင့်မှတ်တမ်းတင်သင့်ပါသည်။ 15 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၄(၂))
    • အကျဉ်းသားသည် အလုပ်တစ်စုံတစ်ရာ လုပ်နိုင်လောက်အောင် ကျန်းမားခြင်း ရှိမရှိကို ဆေးဘက် ဆိုင်ရာ အရာရှိကအကဲဖြတ်ရမည်။
  • ပြစ်ဒဏ်ချမှတ်မခံရသေးသော အချုပ်သားများကို ပြစ်ဒဏ်ချမှတ်ခံရသောအကျဉ်းသားများ နှင့်အတူ ချုပ်နှောင် မထားသင့်ပါ။ 16 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၇(၃))
  • သေဒဏ်စီရင်ချက် ချမှတ်ခံထားရသောအကျဉ်းသားများကို အခြားသူများနှင့် အတူမထားပဲ သီးခြား ထိန်းသိမ်း ထားရပြီး ၂၄နာရီအစောင့်ဖြင့်ထားရမည်။ 17 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၀(၂))
  • ချုပ်နှောင်ခံထားသူ အမျိုးသမီးများအတွက် အထူးကာကွယ်ပေးမှုများရှိပါသည်။
    • အသက် ၁၆နှစ်အထက် အမျိုးသမီးအကျဉ်းသူများကို အမျိုးသမီးအကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းထောင် သို့ အထုတ်အသွင်း ပြုလုပ်သင့်ပါသည်။ 18 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၄(၃))
    • အမျိုးသမီးအကျဉ်းသူများအားရှာဖွေခြင်းကို အမျိုးသမီးအရာရှိကသာ လုပ်ဆောင်သင့်ပါသည်။ 19 (၁၈၉၈ခုနှစ်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၂၊ ၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၄(၃))
    • အမျိုးသမီးများကို သီးခြားအချုပ်နေရာများတွင်သာ ထားရှိရမည်။ 20 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၇(၁))
    • အကျဉ်းထောင်၏ အမျိုးသမီးများ ထားရှိရာ နေရာသို့ မည်သည့် အမျိုးသားအကျဉ်းထောင်အရာရှိ ကိုမဆို မည်သည့်အကြောင်းပြချက်နှင့်မျှ တစ်ဦးတည်းဝင်ရောက်ခြင်းကို ခွင့်မပြုရ။ 21 (၁၉၃၇ခုနှစ်အကျဉ်းထောင်လက်စွဲ အပိုဒ် ၆၀၀)
    • အမျိုးသမီးအကျဉ်းသူ၏ကလေးကို အုပ်ထိန်းစောင့်ရှောက်ရန် အခြားမည်သူတစ်ဦးတစ်ယောက်မျှ မတတ် နိုင်လျှင်၊ အကျဉ်းထောင်အပြင်ဘက်တွင် ကလေးအတွက် အုပ်ထန်းသူ သို့မဟုတ် ဂရုစိုက်မည့်သူ မရှိလျှင် ကလေးအသက်(၄)နှစ်အထိ ကလေးကို အကျဉ်းထောင်ထဲတွင် သူမနှင့် နေရန် အကျဉ်းထောင်တာဝန်ခံအရာရှိက ခွင့်ပြုရမည်၊ သို့မဟုတ် ကလေးကို ထောင်ထဲတွင် မွေးဖွားလျှင် ဖြစ်စေ၊ မိခင်က ကလေးကို သူမနှင့်အတူ ထောင်ထဲတွင်နေစေချင်လျှင်ဖြစ်စေ ခွင့်ပြုရမည်။ 22 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၄(ခ))
      • အထက်ပါ အခြေအနေများအရ အမျိုးသမီးအကျဉ်းသူ၏ ကလေးကို မိခင်က စိတ်ဆန္ဒရှိပါက အသက် (၆)နှစ်အထိ အကျဉ်းထောင်ထဲတွင် မိခင်နှင့်နေရန်ခွင့်ပြုနိုင်သည်။ 23 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၄(ခ))
        • ထိုအခြေအနေမျိုးတွင် တွင် ကလေးအတွက် အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့ကို အကျဉ်းထောင်တာဝန်ခံ အရာရှိက တာဝန်ယူရပါသည်။ 24 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၄(ဂ))
    • အမျိုးသမီးကို အကျဉ်းချ၊ ချုပ်နှောင်ထားရာတွင် လက်ထိတ်ခတ်ခြင်း၊ ခြေချင်းခတ်ခြင်းသို့မဟုတ် ကြိမ်ဒဏ်ပေးခြင်း မလုပ်ရပါ။ 25 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၇(၁)၊ ပုဒ်မ ၄၆(၁၂))
  • (အမျိုးသမီးအကျဉ်းသူများ အပါအဝင်) အရွယ်ရောက်သူများ ရရှိနိုင်သော အကာအကွယ်များ အပြင် အသက် (၁၈)နှစ်အောက်သာ ရှိသေးသူများအတွက် အကျဉ်းချ၊ ချုပ်နှောင်ထားရာ နောက်ထပ်ကာကွယ်ပေးမှု များ ရှိပါသည်။
    • ကလေးများကို အရွယ်ရောက်သောအကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားခြင်း မပြုရ။ 26 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၈၀(စ)။ အသက် ၁၈ နှစ်အောက် အမျိုးသား အကျဉ်းသားများကို သီးခြားခွဲ၍ ထားရမည်ဖြစ်သကဲ့သို့ လူပျိုပေါက်ဖြစ်လာသော ယောင်္ကျား လေးများကို လူပျို ပေါက်မဖြစ်သေးသည့် ယောင်္ကျားလေးများမှ သီးခြားခွဲထားရမည်။ ၁၈၉၄ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၇(၂))
    • အမျိုးသမီးကလေးသူငယ်များကို အမျိုးသမီးအကျဉ်းထောင်ဝန်ထမ်းများက ကြီးကြပ်ရမည်။ 27 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၈၀(စ))
  • အခြား အကျဉ်းချချုပ်နှောင် ခံထားရသူများနှင့် အဆက်အသွယ်ဖြတ်ပြီး (သို့သော် အခြား အကျဉ်းသားများ မျက်ကွယ်သို့ ခေါ်ဆောင်သွားခြင်း မဟုတ်ပဲ) သီးခြားချုပ်နှောင်ခြင်းများကို ခွင့်ပြုနိုင်သော်လည်း ယင်းကို အချိန် ကာလ အကန့်အသတ် တစ်ခုအထိသာ ပြုလုပ်နိုင်ပါသည်။
    • အကျဉ်းသားတစ်ဦးကို သီးခြားချုပ်နှောင်စဉ်ကလာအတွင်း အခြားအကျဉ်းသားနှင့်အတူ နေ့စဉ် စားသောက်ရန် နှင့် လေ့ကျင့်ခန်းလုပ်ရန် တစ်နေ့လျှင်အနည်းဆုံး တစ်နာရီ အခွင့်အရေးပေးထားလျှင် ဤကဲ့သို့ သီးခြားချုပ်နှောင်ခြင်းကို သုံးလအထိ ပြုလုပ်နိုင်ပါသည်။ 28 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၆(၈))
    • (လေ့ကျင့်ခန်းလုပ်ခြင်း အခြားအကျဉ်းသားနှင့်အတူအစားစာစားခြင်းများ ပြုလုပ်ခွင့်မပေးသည့်) တိုက်ပိတ် အပြစ်ပေးသည် (၁၄) ရက်ထက်ပိုမကြာရပါ။ 29 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၆(၁၀)၊ ပုဒ်မ ၄၇(၁)(၃))
  • အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများကို အလုံပိတ်ထောင်သို့ ရွှေ့ပြောင်းခြင်းကို တားမြစ် ထားပါသည်။ အလုံပိတ်ထောင်ချခြင်း သို့မဟုတ် တစ်ဉီးတည်းသီးခြား ချုပ်နှောင်ခြင်းဆိုသည်မှာ အကျဉ်းသား ကို အခြားအကျဉ်းသားများနှင့် အဆက်အသွယ်ကို ဖြတ်တောက်လိုက်သည့်အပြင် ၎င်းကို အခြားအကျဉ်းသား များ၏ မျက်ကွယ် တွင် ထားရှိခြင်း ဖြစ်သည်။
    • အလုံပိတ်ထောင်ချခြင်းကို တရားရုံးက ပြစ်မှုထင်ရှားစီရင်ပြီးနောက် ထောင်ဒဏ်ပြစ်ဒဏ်၏ အစိတ် အပိုင်းအဖြစ် ဖြင့်သာ ချမှတ်နိုင်ပါသည်။
      • အလုံပိတ်ထောင်၏ ကြာချိန်သည် စုစုပေါင်းပြစ်ဒဏ်၏ ကြာချိန်အပေါ် မူတည်ပါသည်။ သို့သော် တစ်ကြိမ်တွင် (၁၄)ရက်ထက်မပိုရပါ။ 30 (၁၈၆၁ခုနှစ်ရာဇသတ်ကြီးပုဒ်မ ၇၄ – ပုဒ်မ ၇၅)
      • အလုံပိတ်ထောင်/ တစ်ဉီးတည်းသီးခြားချုပ်နှောင်ခံရသူကို ဆေးဘက်ဆိုင်ရာအရာရှိမှ နေ့စဉ်ဆေးစစ်ပေးခြင်း၊ အကျဉ်းထောင်အစောင့်များမှ နေ့စဉ်လာရောက် တွေ့ဆုံမှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ 31 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၂၉၊ အကျဉ်းထောင်လက်စွဲ အပိုဒ် ၄၆၉)
      • အကျဉ်းထောင်ဝန်ထမ်းနှင့် အချိန်မရွေးဆက်သွယ်နိုင်ရန် စီစဉ်ထားခြင်း မရှိသော မည်သည့် တိုက်ခန်း ကိုမျှ အလုံပိတ်အပြစ်ပေးခြင်းအတွက်အသုံးမပြုရပါ။
      • ချုပ်နှောင်ခံထားရသူ အကျဉ်းသားသည် ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာ အရ ဖြစ်စေ ထိုသို့ အလုံပိတ်ချုပ်နှောင်ရန် မသင့်လျော်ဟု ဆေးစစ်ချက်တွင် တွေ့ရှိပါက ထို အကျဉ်းသားကို အလုံပိတ်ထောင်မှ ဖယ်ရှားရမည်။ 32 (အကျဉ်းထောင်လက်စွဲ အပိုဒ် ၄၇၃)
  • အကျဉ်းသားများအားလုံးသည် အကျဉ်းချခံထားရာတွင် လုပ်ခလစာအတွက် လွတ်လပ်စွာအလုပ်လုပ်နိုင်သည်။
    • ကလေးသူငယ်များကို အလုပ်ကြမ်းခိုင်းစေခြင်း သို့မဟုတ် အကျဉ်းဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ သတ်မှတ်ထားသော စခန်းသို့ ပို့လွှတ်ခြင်းမပြုရ။ 33 (၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၉၃(င))
    • အကျဉ်းထောင်သို့ ပို့သည့်အခါ ဆေးဘက်ဆိုင်ရာ အရာရှိသည် အကျဉ်းသားတိုင်းကို ကျန်းမာရေး စစ်ဆေးပြီး မှတ်တမ်းတင်သင့်ပြီး ချုပ်နှောင်ခံရသူသည် အလုပ်လုပ်ရန် သင့်တော်ခြင်း ရှိမရှိကိုလည်း စစ်ဆေးမှတ်တမ်းတင်ရမည်။ 34 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၅(၂))
    • အလုပ်ကြမ်းထောင်ဒဏ် (ပြင်းထန်သောထောင်ဒဏ်) ချမှတ် မခံထားရသော အကျဉ်းသားသည် အလုပ် မလုပ်လိုတော့ပါက ၎င်းကို အချိန်မရွေးခွင့်ပြုရမည်။ 35 (အကျဉ်းထောင်လက်စွဲ အပိုဒ်၅၉၃)
  • အလုပ်ဖြင့်ပြစ်ဒဏ်ချမှတ်ခံထားရသော သို့မဟုတ် မိမိဆန္ဒအလျောက် အလုပ်လုပ်ကိုင်လိုသော မည်သည့် အကျဉ်းသားကိုမဆို မည်သည့်နေ့ရက်တွင်မျှ အချိန်ကာလရှည်ကြာစွာ အလုပ် လုပ်ကိုင်စေခြင်းမပြုရပါ။ 36 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၅(၁))
  • ဆေးဘက်ဆိုင်ရာအရာရှိသည် အလုပ်လုပ်နေသည့် အကျဉ်းသားများကို အနည်းဆုံး နှစ်ပတ်လျှင် တစ်ကြိမ် ကျန်းမာရေး စစ်ဆေးပေးရမည်။ 37 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၅(၂))
  • အကျဉ်းသားတစ်ဦးဦး၏ကျန်းမာရေးသည် မည်သည့်အလုပ်အမျိုးအစား သို့မဟုတ် အတန်းအစားမဆိုကို လုပ်ကိုင်ရခြင်းကြောင့် မကျန်းမမာ ဖြစ်သည်ဟု ဆေးဘက်ဆိုင်ရာအရာရှိက ယူဆသည့်အခါ ထိုအကျဉ်းသားကို ထိုအလုပ်တွင် မလုပ်ခိုင်းရပါ။ 38 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၅(၃))
  • အကျဉ်းကျနေစဉ် အလုပ်လုပ်နေသည့် အကျဉ်းသားများကို တစ်နေ့လျှင် အစားအစာသုံးနပ်ပေးရမည်။ 39 (အကျဉ်းထောင်လက်စွဲ အပိုဒ် ၁၀၇၆၊ ခြွင်းချက်များကို အကျဉ်းသားအတန်းအစား အပေါ် မူတည်၍ ကျင့်သုံး ပါသည်။)
  • တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် သို့မဟုတ် ပြင်းထန်သောထောင်ဒဏ်ချမှတ်ခံထား ရသော အကျဉ်းသား များမှ မည်သည့်အကျဉ်းသားကိုမျှ ချို့တဲ့ပေါ့ဆ လုပ်ကိုင်ဆောင်ရွက်မှုအတွက် ပြစ်ဒဏ်ပေး၍ မရပါ။ 40 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၆၊ အစားစာစကေးနှုန်းထား လျှော့ချခြင်း နည်းလမ်းမှအပ။)
  • ပြစ်ဒဏ်ချမှတ်မခံရသေးသောသူများတွင် မိမိကိုယ် မိမိ ရပ်တည်ခွင့်ရှိပြီး အစားအစာ၊ အိပ်ယာပစ္စည်း၊ အဝတ် အထည် သို့မဟုတ် အခြားလိုအပ်ချက်များကို သင့်တော်ချိန်များတွင် ပုဂ္ဂလိကအရင်းအမြစ်မှ ဝယ်ယူရန် သို့မဟုတ် လက်ခံရယူရန် အခွင့်အရေးရှိပါသည်။ 41 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၁။ ထိုအချက်သည် တရားမထောင် ချထားခံရသူများနှင့်လည်း သက်ဆိုင်ပါသည်။)
    • ထိုပစ္စည်းများကို အခြားချုပ်နှောင်ခံထားရသူများထံသို့ လွှဲပြောင်းပေးခွင့်မရှိပါ။ 42 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၂)
    • အကျဉ်းထောင်အရာရှိများသည် ချုပ်နှောင်ခံထားရသူများနှင့် စီးပွားရေးပြုလုပ်ခွင့် မရှိပါ။ 43 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၉)
    • မိမိဘာသာ ဖြည့်စွမ်းပံ့ပိုးရန် မတတ်နိုင်သော အချုပ်သားများ (ပြစ်ဒဏ်ချမှတ်ခြင်း မပြုရ သေးသော ချုပ်နှောင်ခံရသူ) အတွက် အဝတ်အထည်နှင့် အိပ်ယာပစ္စည်းကို အကျဉ်းထောင်အရာရှိများက ထောက်ပံ့ပေးရမည်။ 44 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၃၃(၁))
  • ပြစ်ဒဏ်ချမှတ်မခံရသေးသော အချုပ်သားများတွင် အရည်အချင်းပြည့်မီသော ရှေ့နေအပါအဝင် ပြင်ပဧည့်သည် များနှင့် ဆက်သွယ်ခွင့်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ 45 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၀)
  • အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ချုပ်နှောင်ခံရသူထံ လာရောက်သည့်ဧည့်သည်၏ အမည်နှင့် လိပ်စာ ကို တောင်းခံနိုင်ပါသည်။ 46 (Jail Manual (1937), para. 41(1)-(2))
    • ထောင်အာဏာပိုင်များက ဧည့်သည်ကို ရှာဖွေရန်ဆုံးဖြတ်ပါက မိမိကို ရှာဖွေခွင့်ပြုရန်ငြင်းဆိုသော ဧည့်သည်ကို ဝင်ခွင့်ပေးရန် ငြင်းဆိိုနိုင်ပါသည်။ ငြင်းပယ်ခြင်းကို စာဖြင့်မှတ်တမ်းတင်ရပါမည်။
  • အချိန်ဇယား ၊ လိုအပ်သောသက်သေခံကတ်ပြား စသည့် အခြားခြားသော ကန့်သတ်ချက်များ အပြင် ချုပ်နှောင် ခံရထံ ယူဆောင်သွားပေးနိုင်သည့် ပစ္စည်းများ ပြောင်းလဲနိုင်သည့်အတွက် ဧည့်သည်များ အနေဖြင့် ချုပ်နှောင် ခံသူနှင့် သွား‌ရောက်မတွေ့ဆုံမီ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ကြိုတင် ဆက်သွယ်သင့်ကြောင်း အကြံပြုလိုပါသည်။
  • အကျဉ်းထောင်မှူးသည် အကျဉ်းသားထံသို့ လိပ်မူထားသောစာများကို ထုတ်မပေးဘဲထားနိုင်သော်လည်း ယင်းကို စာဖြင့် သေသေချာချာ မှတ်တမ်းတင် ထားရပါမည်။
  • အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းသားကို ပြင်ပမှဧည့်သည်နှင့် ဆက်သွယ်ခွင့်ပေးရန်ငြင်းဆိုလျှင် ငြင်းဆိုချက် အပြင် ထိုသို့ ငြင်းဆိုရသည့် အကြောင်းပြချက်ကို စာဖြင့်မှတ်တမ်းတင်ထားရမည်။ 47 (၁၈၉၄ခုနှစ်အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၆၃)
  • အကျဉ်းထောင်တိုင်းတွင် မကျန်းမာသောအကျဉ်းသားများအတွက် သင့်တော်သောနေရာကို စီစဉ်ပေးရန် လိုအပ်ပါသည်။ 48 (Prisons Act (1894), §39)
  • အောက်ပါအအခြေအနေများတွင် အကျည်းထောင်အာဏာပိုင်များသည် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆေးဘက်ဆိုင်ရာ အရာရှိကို အကြောင်းကြားရမည် 49 (Prisons Act (1894), §37(1)-(2))
    • ချုပ်နှောင်ခံရသူသည် ဆေးဘက်ဆိုင်ရာအရာရှိနှင့် ပြသချင်သောအခါ သို့မဟုတ်
    • (စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ရုပ်ပိုင်းဆိုင်ရာဖြစ်စေ)နာမကျန်းပုံပေါ်သောအခါ
  • ချုပ်နှောင်ခံရသူသည် ၎င်းအပေါ် ချမှတ်ခံရသော အကျဉ်းထောင်စည်းကမ်း သို့မဟုတ် စီမံကွပ်ကဲမှုကြောင့် ထိခိုက်ပျက်ယွင်းစေနိုင်သည် သို့မဟုတ် ထိခိုက်ပျက်ယွင်းစေသည်ဟု ဆေးဘက်ဆိုင်ရာအရာရှိက ယုံကြည်ရန် အကြောင်းရှိလျှင် အကျဉ်းထောင်တာဝန်ခံထောင်မှူးဆီသို့ စာဖြင့်ရေးသားအစီရင်ခံရမည်။ 50 (Prisons Act (1894), §14)
  • အကျဉ်းသားသေဆုံးမှုကို ဆေးဘက်ဆိုင်ရာအရာရှိက အောက်ပါ အသေးစိတ်အချက်များနှင့် စာဖြင့်မှတ်တမ်းတင်ရမည်။ 51 (Prisons Act (1894), §15)
    • ရောဂါသဘောသဘာဝနှင့် သေဆုံးသည့်အချိန်
    • သေဆုံးသည့်အကျဉ်းသားက နားမကျန်းဖြစ်ကြောင်း ပထမဆုံးသတင်းပို့သည့်နေ့ သို့မဟုတ် နာမကျန်း ဖြစ်ကြောင်း စတင်သိရှိသည့်နေ့
    • နောက်ဆုံးလုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အလုပ်ကိုင်နှင့် အမျိုးအစား
  • ချုပ်နှောင်ခံထားသူတစ်ဉီး သေဆုံးပါက ထောင်အာဏာပိုင်များသည် ထောင်တာဝန်ခံထောင်မှူးကို ချက်ချင်းအကြောင်းကြားရမည်။ 52 (Prisons Act (1894), §17)
  • အခြားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်း မပြုမီ ဆေးဘက်ဆိုင်ရာအရာရှိက အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးရမည်။ 53 (Prisons Act (1894), §26)
  • ကျန်းမာရေးအခြေအနေမကောင်းသောအကျဉ်းသားများကို မလိုအပ်သောနှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆေးဝါးကုသခံဖို့ ပို့ဆောင်သင့်ပါသည်။
    • အကျဉ်းသားများကို ခွင့်ပြုချက်ဖြင့် ကုသဖို့ အရပ်ဘက်ဆေးရုံသို့ပို့နိုင်ပါသည်။ 54 (Jail Manual (1937), para. 948)
  • အကျဉ်းထောင်အတွင်းတွင် လူပိုမိုများပြားလာခြင်းသို့မဟုတ် အနာရောဂါကဲ့သို့ တခြားဘေးကင်းလုံခြုံရေးစိုးရိမ်ပူပန်မှုများရှိရာတွင် လူများကိုထိုနေရာ၌ လုံခြုံစွာမထိန်းသိမ်းနိုင်သောကြောင့် အခြားနေရာများ၌ အကျဉ်းသားများကို အမိုးအကာနှင့်လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အထောက်အပံ့များကို စီမံပေးရမည်။ 55 (Prisons Act (1894), §7)
  • အကျဉ်းသားများအား ညှင်းပန်း၊နှိပ်စက်ခြင်းကို ဥပဒေအရတားမြစ်ထားပါသည်။ 56 (Constitution (2008), Art. 44 and Art. 357; Penal Code (1861), §330 and §331.)
  • ညှင်းပန်း၊နှိပ်စက်ခြင်းနှင့် အခြားမတရားဖိနှိပ်ခြင်းပုံစံများမှအကျဉ်းသားကိုကာကွယ်ပေးရန် အကျဉ်းသားများကိုကာကွယ်ပေးသော အကာအကွယ်အချို့ရှိပါသည်။
    • အာဏာပိုင်များသည် အကျဉ်းသားအပေါ် တကယ်လိုအပ်တာထက်ပိုသော အင်အားတစ်စုံတစ်ရာကို အသုံးမပြုရပါ။
      • အာဏာပိုင်များကို ကိုယ့်ကိုယ်ကို ကာကွယ်မှုဖြစ်စေ၊အခြားသူကိုကာကွယ်မှုဖြစ်စေ ဆူပူလှုပ်ရှားမှုကိုနှိမ်နင်းရန်မှလွဲ၍ အကျဉ်းသားအားရိုက်ခြင်းမှ တားမြစ်ထားပါသည်။ 57 (Jail Manual (1937), para. 114; Police officer may also be punished under Myanmar PoliceForce Maintenance of DisciplineLaw (1995), §17(g).)
    • မည်သည့်အကျဉ်းသားကိုမျှ အဆင့်မြင့်အစိုးရအကြီးအကဲမှ ခွင့်ပြုချက်မရှိဘဲ စစ်ဆေးမေးမြန်းခြင်းမပြုရပါ။ 58 (Jail Manual (1937), para. 33. Presence of jailor also required.)
    • အရေးပေါ်အခြေအနေမှလွဲ၍ မည်သည့်အကျဉ်းသားကိုမျှ ထောင်မှူးကို ပထမဆုံးအကြောင်းကြားခြင်းမရှိဘဲ ချုပ်နှောင်ထားခြင်းများမပြုလုပ်နိုင်ပါ။ 59 (Prisons Act (1894), §58)
    • တရားရုံးအမိန့်မှတစ်ပါး တစ်ခုချင်းစာရင်းတင်ထားသည့်ပြစ်ဒဏ်မှလွဲ၍ မည်သည့်အပြစ်ဒဏ်ကိုမျှ အကျဉ်းသားအားမပေးရပါ။ 60 (Prisons Act (1894), §58)
      • အပြစ်ဒဏ်များတွင် တရားဝင်သတိပေးခြင်း၊ ပြစ်မှုထိုက်သောအစားအစာအပေါ်မှ ကန့်သတ်ခြင်းများနှင့် သီးခြားချုပ်နှောင်ခြင်းများပါဝင်ပါသည်။ 61 (Prisons Act (1894), §45 and §46.)  အကျဉ်းချထားရာတွင်အကျဉ်းသားများအားလက်ခံခြင်းနှင့် ခွဲထုတ်ခြင်းကိုကြည့်ပါ။
      • အကျဉ်းထောင်မှူးမှာသာတစ်ခုချင်းစာရင်းတင်ထားသည့်အတိုင်း အပြစ်ဒဏ်တစ်စုံတစ်ရာပေးရန် အခွင့်အာဏာရှိပါသည်။ 62 (Prisons Act (1894), §48(1)-(2) Exceptions apply.)
    • အကျဉ်းသား၏စိတ်ကို သူခံခဲ့ရသော စည်းကမ်းသို့မဟုတ်ကုသမှုတို့က အန္တရာယ်ရှိစွာထိခိုက်ခံရလိမ့်မည် သို့မဟုတ် ထိခိုက်ခံရနိုင်သည်ဟု ယုံကြည်လောက်သည့်အကြောင်းပြချက်ရှိသော ဆေးဘက်ဆိုင်ရာအရာရှိသည် ဤအရာကို ထောင်မှူးဆီသို့ စာဖြင့်ရေးသားအစီရင်ခံရမည်။ 63 (Prisons Act (1894), §14)
  • ဥပဒေနှင့်တည်ဆဲစည်းမျဉ်းများကို ချိုးဖောက်သောမည်သည့်အရာရှိမဆိုသည် ပြစ်မှုဆိုင်ရာနှင့်အုပ်ချုပ်ရေးဆိုင်ရာ တရားစွဲဆိုခြင်းများခံရနိုင်ပါသည်။ 64 (Prisons Act (1894), §54(1); Penal Code (1861), §330 and §331; Myanmar PoliceForce Maintenance of DisciplineLaw (1995).)