- မြန်မာနိုင်ငံတွင်လက်ထပ်ထိမ်းမြားခြင်း ၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေဆက်ခံခြင်း တို့သည် တည်ဆဲဥပဒေအပါအဝင် သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးစံ ၊ ကိုးကွယ်သည့်ဘာသာ အစရှိသည်တို့နှင့် သက်ဆိုင်ပါသည်။ 49 (မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (Burma Laws Act) ၁၈၉၈ ၊ ပုဒ်မ ၁၃(၁)။)
- ကွာရှင်းပြတ်စဲလိုသူတို့သည် မတူညီသော ရိုးရာဓလေ့ထုံစံထုံးတမ်းကို လိုက်နာသူများဖြစ်ပါက သို့မဟုတ်/ထို့အပြင် မတူညီသော ဘာသာတရားကို ကိုးကွယ်သူများ ဖြစ်ကြပါက အဆိုပါကိစ္စ ရပ်များသည် ပိုမိုရှုပ်ထွေးသွားနိုင်ပါသည်။
- တစ်ဉီးချင်းစီအလိုက် ပေါ်ပေါက်နိုင်သော အခြေအနေများ မတူညီနိုင်သောကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် အသေးစိတ်တိုင်ပင်ပြီး အကြံများ၊ အကူအညီများ ရယူရန် အကြံပေးလို ပါသည်။
- သက်ဆိုင်ရာ ကိုးကွယ်သည့်ဘာသာ ၊ ဓလေ့ထုံးတမ်းများတွင် မည်သို့ပင် ရှိစေကာမူ တည်ဆဲဥပဒေ များက လွှမ်းမိုးဆုံးဖြတ်နိုင်ပါသည်။
- ဗုဒ္ဓဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
- မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းပြတ်စဲနိုင်သည့် အဓိကအကြောင်းပြချက် များမှာ
- နှစ်ဉီးသဘောတူ ကွာရှင်းခြင်း
- လင်ဖြစ်သူ ရဟန်းပြုခြင်း
- အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း
- နှစ်ဦးသဘောတူကွာရှင်းခြင်း
- လင်မယားနှစ်ဉီးသဘောတူညီချက်အရ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးပြတ်စဲသည်။ 50 (ဒေါ်အမနှင့် ဒေါ်ခင်တင့် ၊ ၁၉၆၄ မတစ ၃၁၄။) .
- နှစ်ဉီးသဘောတူကွာရှင်းလျှင် တရားရုံးဒီကရီ မလို။ 51 (မနှင်းငုံနှင့် မောင်အောင်၊ အက်ဂျေ ၊ ၇၃။)
- သို့သော် ဗေဒင် ၊ ယတြာအရ ဂြိုလ်ပြေနံပြေ ကွာရှင်းခြင်းကြောင့် လင်ခန်းမယားခန်း ပြတ်စဲခြင်း မရှိ။ 52 (ဒေါ်တင်နှင့် ဒေါ်ခင်စော ၊ ၁၉၆၇ မတစ ၃၃၆။)
- လင်ဖြစ်သူ ရဟန်းပြုခြင်း
- လူ့လောကကိုစွန့်ခွာရန် ရည်ရွယ်ချက်ဖြစ် ရဟန်းပြု (ဒုလ္လဘရဟန်း မဟုတ်) ရာတွင် မယား ဖြစ်သူက ခွင့်ပြုခဲ့လျှင် လင်ခန်းမယားခန်း ပြတ်စဲသည်။ 53 (မောင်ညွန့်တင်နှင့် မပု ၁၉၅၄ မတစ လွှတ်တော် ၇၆။)
- ရက်အပိုင်းခြားမျှ ရဟန်းပြုသည့် ဒုလ္လဘရဟန်းပြုခြင်းကြောင့် လင်ခန်းမယားခန်း ပြတ်စဲခြင်း မရှိပါ။ 54 (မောင်ညွန့်တင်နှင့် မပု ၊ ၁၉၅၄ မတစ လွှတ်တော် ၇၆။)
- အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း
- သာမန်အိမ်ထောင်ရေးပြစ်မှုတွင် လင်/မယား၏ ရက်စက်မှု ၊ ဖောက်ပြန်မှု ၊ ဒုတိယ မယားယူမှု ၊ စွန့်ပစ်မှု ၊ လီဆယ်မှု တို့ပါဝင်ပါသည်။
- ရက်စက်မှုတွင် ကိုယ်၏ဆင်းရဲခြင်းသာမက စိတ်၏ဆင်းရဲစေခြင်းလည်း ပါဝင်သည်။ 55 (မစ္စစ်ပရိုတီမာပို့(ရှ်) နှင့် ဘီမာလန်ဒူးဂို့(ရှ်) ၊ ၁၉၆၃ မတစ ၅၂၆။)
- ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း ၊ ပါးရိုက်ခြင်း 56 (ဉီးမျိုးမြင့် နှင့် ဒေါက်တာဒေါ်ခင်မေကြည် ၊ ၁၉၆၈ တရားမ ပထမအယူခံမှု အမှတ် ၁။) , ၊ ဆံပင်ဆွဲခြင်း 57 (မစ္စစ် ပါး(လ်)ကျော်နှင့် ဉီးကျော်၊ ၁၉၆၇ မတစ ၂၄၉။) , ၊ လင်ငယ်နေသည်ဟု အစဉ်သဖြင့် စွပ်စွဲခြင်း 58 (မောင်ဖိုးအောင် မညိမ်း ၊ ၁၀ ဘီအယ်အာ ၁၃၂။) , ၊ မိဘအိမ်သို့ မသွားရန်တားမြစ်ခြင်း 59 (ဘီမာလန်ဒူးဂို့(ရှ်)နှင့် မစ္စစ်ပရိုတီမာပို့(ရှ်)၊ ၁၉၆၃ မတစ ၅၉၈။) , ကိုယ်ဝန်ရှိသူအား ရိုက်နှက်မည်ဟု ကြိမ်းမောင်းခြင်း 60 (ဘီမာလန်ဒူးဂို့(ရှ်)နှင့် မစ္စစ်ပရိုတီမာပို့(ရှ်)၊ ၁၉၆၃ မတစ ၅၉၈။) စသည်တို့သည် စီရင်ထုံးများက ပြဆိုသော ရက်စက်မှု၏ ဥပမာများဖြစ်သည်။
- ရက်စက်မှုကို ကျူးလွန်ရာတွင်
- နောင်တရမည့်အစား ကျူးလွန်သူကပင်ကွာရှင်းရန် လိုလားလျှင်
- ကျူးလွန်ခြင်းမှာ တဖက်သားအား ကွာရှင်းခွင့်တောင်းဆိုစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှင်
- ဒဏ်ရာသည် ရာဇသတ်ကြီးပုဒ်မ ၃၂၀တွင် ပြဆိုသည့် အပြင်းအထန်နာကျင် စေမှုဖြစ်လျှင် ကြီးလေးသောရက်စက်မှုကို ကျူးလွန်ခြင်းဖြစ်ပါသည်။ 61 (ဒေါ်ပုနှင့် မောင်ထွန်းခ ၊ ၁၉၄၆ ရန်ကုန် ၁၂၅။) .
- ကြီးလေးသော ရက်စက်မှုကို ကျူးလွန်ပါက ကျူးလွန်သူသည် ပါရင်းပစ္စည်း အပါအဝင် နှစ်ဉီးပိုင်ပစ္စည်းရှိ ၎င်း၏ အစု ဆုံးရှုံးခြင်းခံရမည်။ 62 (ဒေါ်ပုနှင့် မောင်ထွန်းခ ၊ ၁၉၄၆ ရန်ကုန် ၁၂၅။)
- ဖောက်ပြန်မှု ၊ ပထမအိမ်ထောင်အတည်ဖြစ်နေစဉ် နောက်ထပ်အိမ်ထောင် ပြုခြင်းများသည် ရာဇဝတ်မှုမြောက်သည့်အပြင် လင်မယားကွာရှင်းခွင့် ရနိုင်သည့် အကြောင်းပြချက်များ ဖြစ်ပါသည်။ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ကဏ္ဍကိုကြည့်ပါ။
- စွန့်ပစ်မှု ဆိုသည်မှာ လင်က မယား၊ မယားက လင်ကို အချိန်ကာလတစ်ခုအထိ အဆက်အသွယ်မပြု စွန့်ပစ်ထားပြီး ထောက်ပံ့ပေးမှု မပြုလုပ်ခြင်းကို ဆိုလိုပါသည်။
- လင်ကမယားကို အထောက်အပံ့မပေးပဲ ၃ နှစ်တိုင်တိုင် စွန့်ပစ်ထားပါက ကွာရှင်းခွင့် တောင်းဆိုနိုင်ပါသည်။ 63 (မညွန့်နှင့် မောင်စံသိန်း ၊ ၅ ရန်ကုန် ၅၃၇။)
- မယားက လင်ကို ၁ နှစ်တိတိ စွန့်ပစ်ထားပါက ကွာရှင်းခွင့်တောင်းဆို နိုင်ပါသည်။ 64 (အက်အေအက် ချစ်တီးရား ကုန်တိုက်နှင့် ဉီးမောင်ကြီး ၊ ၁၄ ရန်ကုန် ၃၂၉။)
- စွန့်ပစ်သည်ဟုဆိုရာတွင် လင်ခန်းမယားခန်းပြတ်စဲရန် ရည်ရွယ်ချက်နှင့် စွန့်ပစ်ထားခြင်း ဖြစ်ရမည်။ (ဥပမာ နှစ်ရှည်ထောင်ကျခြင်း ၊ လင်ကနှိပ်စက်သဖြင့် မယားက တစ်နှစ်ကျော်ကြာ ခွဲနေခြင်းတို့သည် စွန့်ပစ်သည်ဟု မယူဆနိုင်ပါ။) 65 (မသိန်းမယ်နှင့် ဖိုးကြွယ်၊ ၁၀ ဘီအယ်တီ ၂၁၂။, 10 BLT 212.)
- သို့သော် စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယားခန်း ပြတ်စဲလိုသော ရည်ရွယ်ချက် မရှိလျှင် သို့မဟုတ် စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုသော အပြုအမူကို ဖော်ပြခြင်း မရှိလျှင် လင်ခန်းမယားခန်း မပြတ်စဲပေ။ 66 (ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ ၊ ၁၉၄၉ မတစ လွှတ်တော် ၂၈၃။)
- လီဆယ်မှုသည် ရာဇဝတ်မှုမြောက်သည့်အပြင် လင်မယားကွာရှင်းခွင့် ရနိုင်သည့် အကြောင်းပြချက်များ ဖြစ်ပါသည်။
- အစ္စလာမ်ဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
- အစ္စလာမ်တရားဥပဒေအရ အောက်ပါအတိုင်း ကွာရှင်းနိုင်ပါသည်။
- လင်၏ဆန္ဒအရ ကွာရှင်းခြင်း
- လင်၏လွှဲအပ်မှုကြောင့် မယားက ကွာရှင်းခြင်း
- နှစ်ဉီးသဘောတူ ကွာရှင်းခြင်း
- တရားရုံးမှ အမိန့်ဒီကရီရယူ ကွာရှင်းခြင်း
- အစ္စလာမ်ကို စွန့်လွှတ်သဖြင့် လင်မယားခန်းပြတ်စဲခြင်း
- လင်၏ ဆန္ဒအရ ကွာရှင်းခြင်းကို တွလာက် ဟုခေါ်ပါသည်။
- တွလာက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ပေးနိုင်သည်။
- လင်၏ တွလာက်ပေးနိုင်သည့် အခွင့်အရေးကို မိမိ၏ဇနီးသည်ကိုဖြစ်စေ ၊ အခြားသူ တစ်ဉီးကို ဖြစ်စေ လွှဲပြောင်းပေးနိုင်သည်။
- တွလာက်ကို လင်မယားခန်းပြတ်စဲရန်ရည်ရွယ်ကြောင်း ရှင်လင်းပြတ်သား၊ အငြင်းမပွားသော အသုံးအနှုန်းဖြစ်ရမည်။
- တွလာက်နှင့် ပတ်သက်၍ ဓမ္မသတ်ဆုံးဖြတ်ချက်များ ကွဲပြားမှုရှိသောကြောင့် သက်ဆိုင်ရာ ဘာသာရေးပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်သင့်ပါသည်။
- လင်၏လွှဲအပ်မှုကြောင့် မယားက ကွာရှင်းခြင်း
- မွတ်စလင်မ် လင်ယောက်ျား တစ်ယောက်သည် ထိမ်းမြားချိန်တွင်ဖြစ်စေ၊ နောက်ပိုင်းတွင် ဖြစ်စေ မိမိ၏ တွလာက်ပေးနိုင်သော အခွင့်အာဏာကို မိမိ၏ ဇနီးကိုယ်တိုင်သို့ ဖြစ်စေ၊ အခြားသူ တစ်ဉီးသို့ဖြစ်စေ လွှဲအပ်ပြီး တွလာက် ပေးစေနိုင်သည်။
- နှစ်ဉီးသဘောတူ ကွာရှင်းခြင်းတွင် ခူလာ နှင့် မူဘာရတ်ဟူ၍ နှစ်မျိုး ရှိပါသည်။
- ခူလာကွာရှင်းခြင်း ဆိုသည်မှာ ဇနီးဘက်မှ ကွာရှင်းလိုသော ဆန္ဒရှိသောကြောင့် လင်ယောက်ျားကို နစ်နာကြေးတစ်စုံတစ်ရာပေးပြီး သို့မဟုတ် ပေးရန် သဘောတူညီပြီး နှစ်ဉီးသဘောတူ ကွာရှင်းကြခြင်းကိုဆိုလိုသည်။ 67 (အဗ္ဗဒူရ် ရဟ်မန်နှင့် မကြယ် ၊ ၁၆ အိုင်စီ ၊ ၁၀၂ (အောက်မြန်မာပြည်)။)
- မူဘာရတ်ကွာရှင်းခြင်းဆိုသည်မှာ လင်မယားနှစ်ဉီးစလုံးက ကွာရှင်းလိုသော ဆန္ဒရှိကြ၍ အမှန်တကယ်နှစ်ဉီးသဘောတူ ကွာရှင်းခြင်းဖြစ်သည်။ လင်သို့မဟုတ်မယားက ကွာရှင်း လိုကြောင်း ကမ်းလှမ်းရာ အခြားတစ်ဖက်က လက်ခံလိုက်သည်နှင့် တွလာက် တကြိမ် ပေးသကဲ့သို့ ကွာရှင်းခြင်း အတည်ဖြစ်သည်။ ခူလာကွာရှင်းခြင်းတွင်ကဲ့သို့ ဇနီးက လင်ယောက်ျားကို နစ်နာကြေးပေးရန် တာဝန်မရှိပေ။
- တရားရုံးမှ အမိန့်ဒီကရီ ရယူ ကွာရှင်းခြင်း
- အစ္စ္စလာမ်ဘာသာဝင် အမျိုးသမီးသည် အောက်ပါအကြောင်းတခုခုကြောင့် ဖြစ်စေ၊ တခုထက်ပိုသော အကြောင်းများကြောင့်ဖြစ်စေ၊ ဒီကရီ ရထိုက်ခွင့် ရှိပါသည်။ 68 (မူဆလင် လင်မယားကွာရှင်းရေးအက်ဥပဒေ။ ပုဒ်မ ၂ (၁)။)
- လင်ဖြစ်သူ မည်သည့်နေရာ၌ ရောက်ရှိနေထိုင်သည်ကို မသိခဲ့ရခြင်း။
- လင်ဖြစ်သူကလုံလောက်သော အကြောင်းမရှိဘဲ စားစရိတ်ထောက်ပံ့ရန် ၆ လ တဆက်တည်း ပျက်ကွက်ခဲ့ခြင်း၊ သို့တည်းမဟုတ် ငြင်းဆန်ခဲ့ခြင်း။
- လင်ဖြစ်သူသည် လုံလောက်သောအကြောင်းမရှိဘဲ တနှစ်ပတ်လုံး သံဝါသပြုရန် ပျက်ကွက်ခဲ့ခြင်း။
- လင်ဖြစ်သူသည် လက်ထပ်စဉ်က ပန်းသေရောဂါ စွဲကပ်နေသည့်ပြင်၊ နောက်လည်း ဆက်လက်၍ ပန်းသေရောဂါစွဲကပ်နေခြင်း။
- လင်ဖြစ်သူသည် တနှစ်အောက်မနည်း ပြင်းထန်စွာ စိတ်ပေါ့သွပ်သော ရောဂါစွဲကပ် နေခြင်း၊ သို့တည်းမဟုတ် လင်ဖြစ်သူသည် ပြင်းထန်သော ကုဋ္ဌနူနာဖြစ်စေ၊ ပြင်းထန်သော ကာလသားရောဂါဖြစ်စေ စွဲကပ်နေခြင်း။
- လင်ဖြစ်သူက မိမိအားညှဉ်းပန်း နှိပ်စက်ခြင်း။ ယင်းတွင် လက်ရောက်ကျူးလွန် လေ့ရှိခြင်း၊ သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည် ဖြစ်စေ၊ မရောက်သည်ဖြစ်စေ၊ ရက်စက်သည့် အပြုအမူအားဖြင့် မိမိအားစိတ်ဆင်း ရဲအောင်ပြုခြင်း၊ သို့တည်းမဟုတ် မိမိအား ပြည့်တန်ဆာမ အဖြစ်သို့ရောက်အောင် အတင်းအကြပ်ပြုရန်အားထုတ်ခြင်းတို့ ပါဝင် ပါသည်။
- အစ္စလာမ်ကို စွန့်လွှတ်သဖြင့် လင်မယားခန်းပြတ်စဲခြင်း
- ယင်းတွင် အစ္စလာမ်ဘာသာကို စွန့်လွှတ်ခြင်းနှင့် အခြားဘာသာသို့ ကူးပြောင်းခြင်းလည်း ပါဝင်ပါသည်။
- လင်မယားနှစ်ဉီးအနက် တစ်ဉီးဉီးသည် အစ္စလာမ်ဘာသာမှ အခြားဘာသာသို့ ကူးပြောင်း သွားခြင်းသည် သူတို့၏ ထိမ်းမြားမှုကို ချက်ချင်းပျက်ပြယ်စေသည်။ 69 (အေ၊ အမ်၊ အီဘရာဟင်နှင့် ဖာတီမာဘီဘီ၊ ၁၉၃၉၊ အာရ် အယ်အာ၊ ၃၈၃။)
- အိမ်ထောင်ပြုပြီးသော မူဆလင်မိန်းမတဦးက အစ္စလမ်ဘာသာကို စွန့်လွှတ်လျှင်ဖြစ်စေ၊ အခြားဘာသာသို့ ကူးပြောင်းလျှင်ဖြစ်စေ၊ လင်မယားကွာရှင်းပြီး ဖြစ်စေရမည်။ 70 (မူဆလင် လင်မယားကွာရှင်းရေးအက်ဥပဒေ။ ပုဒ်မ ၄။)
- တွလာက်ပေးလိုက်သည့်အခါ အမျိုးသမီးအနေဖြင့် “အစ်ဒတ်” ခေါ် ကာလတစ်ခု စောင့်ဆိုင်းရန် လိုအပ်ပါ။ အဆိုပါကာလသည် ရာသီပန်း ၃ ကြိမ် သို့မဟုတ် ၃ လ ဖြစ်သည်။
- ဇနီးသည်တွင် ကိုယ်ဝန်ရှိနေလျှင် ကလေးမီးဖွားပြီးသည့် အချိန်အထိ ဖြစ်သည်။
- ထိုကာလအတွင်း ဇနီးသည်အား လင်ယောက်ျား၏နေအိမ်တွင်ပင် နေထိုင်ခွင့်ပြု ရမည်။
- ထိုကာလအတွင်း ဇနီးသည်ကို လင်ယောက်ျားက ဆက်လက်ထောက်ပံ့ကျွေးမွေးရမည်။
- ထိုကာလမကုန်ဆုံးမီ ပြန်လည်ပေါင်းသင်းပါက ကွာရှင်းမှု ပျက်ပြယ်သွားပြီး လင်မယား ဘဝ ပြန်လည် ရောက်ရှိနိုင်ပါသည်။
- ထိုကာလကျော်လွန်သွားပါက ကွာရှင်းမှုအတည်ဖြစ်သွားပြီး အကြင်လင်မယားဘဝ ပြန်လည် ရရှိလိုပါက အသစ်တဖန် လက်ထပ်ထိမ်းမြား (နိကာဟ်) ပြုလုပ်ရန် လိုအပ်ပါသည်။
- လင်ဖြစ်သူက တွလာက် ၃ ကြိမ် တဆက်ပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဘာသာရေး ပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်ပြီး အကြံပြုချက်များ၊ အကူအညီများ ရယူရန် အကြံပေးလိုပါသည်။
- ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
- ခရစ်ယာန် ဥပဒေများအရ လင်မယား ကွာရှင်းပြတ်စဲနိုင်ခြင်း မရှိပါ။ တနည်းအားဖြင့် ခရစ်ယာန် ဘာသာဝင်များအနေဖြင့် နှစ်ဉီးသဘောတူ ကွာရှင်း၍ မရနိုင်ပါ။ သို့သော် ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။
- တရားရုံးဟုဆိုရာတွင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး သို့မဟုတ် ခရိုင်တရားရုံး တို့ကို ဆိုလိုပါသည်။ 71 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၃(၄)။)
- မယားသည် ဝိနည်းတော်နှင့်အညီ ထိမ်းမြားခြင်းပြုပြီး ချိန်မှစ၍ ဖောက်ပြန်မှု ကျုးလွန်သည် ဟူသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် လင်က တရားရုံးတွင် လျှောက်ထားနိုင် ပါသည်။ 72 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၀။)
- လင်သည် ဝိနည်းတော်နှင့်အညီ ထိမ်းမြားခြင်း ပြုပြီးနောက် အောက်ပါအချက်များအနက် တစ်ခု သို့မဟုတ် အများကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟူ အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကို ပယ်ဖျက် ပေးရန် မယားက တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။ 73 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၀။)
- ခရစ်ယာန်ဘာသာမှ အခြားဘာသာ သို့ ကူးပြောင်း ကိုးကွယ်သည့်အပြင် အခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားခဲ့သည်ဟူသော အကြောင်း
- သွေးရင်းတော်စပ်သူနှင့် ဖောက်ပြန်ကြောင်း၊
- ဖောက်ပြန်ခြင်းဖြင့် နောက်မယား ယူကြောင်း ၊
- အခြားမိန်းမနှင့် ဖောက်ပြန်ခြင်းဖြင့် ထိမ်းမြားကြောင်း၊
- မုဒိမ်းမှု၊ လိင်တူခြင်းစပ်ယှက်မှု၊ တိရစ္ဆာန်နှင့် စပ်ယှက်မှု ကျူးလွန်ကြောင်း၊
- ရက်စက်မှုပါသော ဖောက်ပြန်မှုကို ဖောက်ပြန်မှု မပါသကဲ့သို့ ကန့်သတ်ချက်ဖြင့် ကွာရှင်းခွင့်ရှိကြောင်း၊
- ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နှစ်နှစ် သို့မဟုတ် ယင်းနှင့်အထက် စွန့်ပစ်ခြင်းပါသော ဖောက်ပြန်မှုရှိကြောင်း
- လင် သို့မဟုတ် မယားမဆို အောက်ပါ အချက်အကြောင်းပြချက်များကြောင့် 74 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၉။) ၎င်း၏ ထိမ်းမြားမှုအထမမြောက်ကြောင်းနှင့် ပျက်ပြယ်ကြောင်း ကြေညာပေးရန် တရားရုံးတွင် လျှောက်ထားနိုင်သည်။ 75 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၈။)
- တရားပြိုင်သည် ထိမ်းမြားချိန်နှင့် တရားမကြီးမှုစွဲဆိုချိန်တွင် ပန်းသေရောဂါရှိနေကြောင်း၊
- ထိမ်းမြားသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးသားတော်စပ်သူများ (သွေးသား တော်စပ်ခြင်းအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ) သို့မဟုတ် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြောင်း
- ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားချိန်က စိတ်မနှံ့သူ သို့မဟုတ် အသိဉာဏ် နုံနဲ့သူ ဖြစ်ကြောင်း
- ထိမ်းမြားသူတစ်ဦးဦး၏ ယခင် လင် သို့မဟုတ် မယားသည် ထိမ်းမြားစဉ်က အသက်ရှင်လျက် ရှိကြောင်းနှင့် ယခင်ထိမ်းမြားခြင်းမှာ ထိုအချိန်က အတည်ဖြစ်ကြောင်း။
- ဟိန္ဒူဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
- မြန်မာနိုင်ငံတွင် အာဏာသက်ရောက်လျှက်ရှိသော ဟိန္ဒူဓလေ့ထုံးတမ်း ဥပဒေအရ မယားဖြစ်သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ ကွာရှင်းခွင့်မရှိချေဟု ဆိုပါသည်။ 76 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၁၁၂။)
- ဟိန္ဒူမုဆိုးမများအနေဖြင့် နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိပါသည်။ 77 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၁။) သို့သော် သေဆုံးသူလင်ယောက်ျား၏ ပစ္စည်းမှ စားစရိတ်ခံစားခွင့်၊ အမွေဆက်ခံခွင့်အခွင့်အရေး၊ အစရှိသော အခွင့်အရေးများ နောက်အိမ်ထောင်ပြုသည့်အခါ ရပ်စဲပါသည်။ 78 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၂။)
- သို့သော် ဓလေ့ထုံးတမ်းဥပဒေများကို တည်ဆဲပြဌာန်းဥပဒေက လွှမ်းမိုးသည့်အတွက်ကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်နှင့် အကူအညီများရယူရန် အကြံပြုလိုပါသည်။
တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်