တိုင်ကြားသူနှင့်မျက်မြင်သက်သေများ၏ အခွင့်အရေး

မာတိကာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ –

နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ် ထားသော ရယူပိုင်ခွင့်များကို တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်များ မှတစ်ပါး ငြင်းပယ်ခွင့်မရှိပါ။1 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၁။)

နိုင်ငံသားတိုင်းတွင် တန်းတူညီမျှမှု၊ လွတ်လပ်မှု နှင့် တရားမျှတမှု အခွင့်အရေးများကို ခံစားခွင့်ရှိပါသည်။2 (၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၂၁(က)။)

နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိစေဘဲ လူတိုင်း တန်းတူ ညီမျှအခွင့်အရေးခံစားပိုင်ခွင့်၊ ဥပဒေ၏အကာအကွယ်ကို ရယူပိုင်ခွင့်များကို ပေးထားပါသည်။3 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇။)

နိုင်ငံတော်သည် မည်သူကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ လိင်အမျိုးအစား၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းမပြုရပါ။4 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၈။)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကို စွဲကိုင်ထားပါသည်။

ပြစ်မှုများကို စတင်တိုင်ကြားခြင်း အကျဉ်းချုပ်

အချို့သော ခြွင်းချက်များမှတစ်ပါး ပြစ်မှုတစ်ခုကို အဆိုပါပြစ်မှုဖြစ်ပွားကြောင်းသိရှိသူ မည်သူမဆို စတင်တိုင်ကြား အမှုဖွင့်နိုင် ပါသည်။5 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၁၅၄၊ ၁၅၅(၁)။)

စွဲဆိုသော ပြစ်မှုသည် ရဲအရေးပိုင်သောအမှု သို့မဟုတ် ရဲအရေးမပိုင်သောအမှု အမျိုးအစားပေါ်မူတည်၍ နည်းလမ်းနှစ်ခုဖြင့် အမှုဖွင့် စတင်နိုင်ပါသည်။

 

ရဲအရေးယူပိုင်ခွင့်ရှိသော အမှုများတွင် ဖမ်းဆီးရန် ဝရမ်းမလိုအပ်ပါ။ ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင် ဖမ်းဆီးရန် ဝရမ်းလိုအပ်သည်။
ဥပမာ – လူသတ်မှု

အများပြည်သူကို စိုးရိမ် ထိတ်လန့်စေခြင်း သို့မဟုတ် ကြံရွယ်ခြင်း

သတင်းအမှားမှန်း သိသော်လည်း တမင် ပျံ့နှံစေခြင်း သို့မဟုတ် ကြံရွယ်ခြင်း

ဥပမာ – ကိုယ်ထိလက်ရောက်ကျူးလွန်မှု

လိမ်လည်မှု

ရဲအရာရှိထံ သတင်းပေး တိုင်ကြားရမည်။6 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၁၅၄။) တရားရုံးသို့ တိုက်ရိုက် ဦးတိုက်လျှောက်ထားရမည်။7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၀(၁)(က)။)
အမှုကို ရဲအရေးပိုင်သောအမှု နှင့် ရဲအရေးမပိုင်သောအမှုဟူ၍ ခွဲခြား မသိပါကလည်း ရဲစခန်းသို့ တိုင်ကြားနိုင်ပါသည်။
သတင်းပို့တိုင်ကြားထားသော အချက်အလက်များသည် ရဲအရေးမပိုင်သော ကိစ္စဖြစ်ပါက ရဲဝန်ထမ်းမှ တိုင်ကြားသူ ကို သင့်လျော်သော တရားရုံးသို့ လမ်းညွှန်ပေးရမည်ဖြစ်ပါသည်။8 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၁)၊ ၁၉၀(၁)(ခ)။)

အခြားသူတစ်ဦး၏ကိုယ်စား အမှုတိုင်ကြားခြင်းဖြစ်ပါက ဖြစ်နိုင်လျှင် အမှန်တကယ်နစ်နာသူ၏ သဘောဆန္ဒကို ရယူရန် လွန်စွာအရေးကြီးပါသည်။

ပြစ်မှုတစ်ရပ်ကို စတင်စွဲဆိုနေစဉ်ကာလအတွင်း တိုင်ကြားသူမှ လျော်ကြေး၊နစ်နာကြေးရရှိရန် အတွက်ကိုလည်း ဆောင်ရွက်နိုင် ပါသည်။

အကယ်၍ စွပ်စွဲခံရသူကို တရားရုံးမှ ပြစ်မှုထင်ရှားစီရင်ပြီးသည့်အပြင် ဒဏ်ငွေကိုပါ ပြစ်ဒဏ်အဖြစ်ချမှတ်လိုက်ပါက တိုင်ကြားသူ အနေဖြင့် အဆိုပါဒဏ်ငွေ၏ အစိတ်အပိုင်းကို ခံစားခွင့်ရနိုင်ပါသည်။9 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅။)

ထိုခံစားခွင့်သည် တရားရုံးစရိတ် ကိုသာမက ကျူးလွန်ခဲ့သည့်ပြစ်မှုကြောင့် ခံစားခဲ့ရသည့် ဆုံးရှုံးမှု၊ နစ်နာမှု၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများအတွက်ပါ အကျုံးဝင်သည်။10 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅(က)-(ခ)။)

 

ရဲအရာရှိထံ သတင်းပို့ တိုင်ကြားခြင်း

ပြစ်မှုတစ်ခု ကို ဖြစ်ပွားသည့် နေရာ11 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)၊ ရဲလက်စွဲအပိုဒ် ၁၄၁၄။)  သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ12​ (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၉၊ ၁၅၆(၁)၊ ၁၅၅။) နှင့် အနီးစပ်ဆုံး ရဲစခန်းတွင် တိုင်ကြားနိုင်ပါသည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် မြို့နယ်တစ်ခုတွင် ဓားဖြင့်ထိုးခံရပြီး ထိုဓားဒဏ်ရာကြောင့် အခြားမြို့နယ်တွင် သေဆုံးသွားပါက ယင်းအမှုကို ထိုမြို့နယ်နှစ်ခုအနက် မည်သည့်မြို့နယ်တွင်မဆို အမှုဖွင့် တိုင်ကြားနိုင်ပါသည်။

နောက်ဆက်တွဲ ဖြစ်စဉ်များသည် တိုင်ကြားသည့်အမှုမှာ ရဲအရေးယူပိုင်ခွင့်ရှိသောအမှု နှင့် ရဲအရေးယူပိုင်ခွင့်မရှိသောအမှု ကွဲပြားချက်ပေါ်မူတည်ပါသည်။

အကယ်၍ ဖြစ်ပွားခဲ့သောပြစ်မှုသည် ရဲအရေးယူပိုင်ခွင့်ရှိသောအမှု ဖြစ်ပါက ရဲအရာရှိမှ ပထမသတင်းပေး တိုင်ကြားချက် ကိုရေးဖွင့် ရမည် ဖြစ်ပါသည်။ 13 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ရဲလက်စွဲအပိုဒ် ၁၄၁၄။)

ရဲအရာရှိသည် လုံလောက် သက်သေအထောက်အထားများ မရှိဟု ယုံကြည်ပါက အမှုကို စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်မည် မဟုတ်ပါ။ 14 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၁)(ခ)။)  လုံလောက်သော သက်သေအထောက်အထားများရှိပါက သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားပြီး စုံစမ်းထောက်လှမ်းမှု များကို ဆောင်ရွက်ရပါမည်။15 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၁)၊ ၁၅၆(၁)။)

ရဲအရာရှိမှ အမှု စုံစမ်းထောက်လှမ်းခြင်း ပြုမပြုကို တိုင်ကြားသူ/သတင်းပေးသူအား အကြောင်းကြားရမည်။16 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၂)။)

အကယ်၍ ဖြစ်ပွားခဲ့သောပြစ်မှုသည် ရဲအရေးမပိုင်သောအမှု ဖြစ်နေသော်လည်း တိုင်ကြားသူ/သတင်းပေးသူမှ ထိုပြစ်မှုကို ဆက်လက် တရားစွဲဆိုလိုပါက ရဲအရာရှိသည် တိုင်ကြားချက်ကို မှတ်တမ်းရယူပြီး တိုင်ကြားသူကို သက်ဆိုင်ရာ တရားရုံးသို့ သွားရောက်ရန် ညွှန်ပြပေးရမည်။17 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၁)၊၁၉၀(၁)(ခ)။)

 

တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်း

ရဲအရေးမပိုင်သောအမှု များကို သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား တိုင်ကြားနိုင်ပါသည်။18 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၁၉၀(၁)(က)။)

တရားသူကြီးသည် တိုင်ကြားသူကို ကျမ်းသစ္စာကျိန်ဆိုစေပြီး စစ်ဆေးမေးမြန်းပါမည်။19 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀(က)။)

ထို့နောက် တရားသူကြီးသည် –

  • အဆိုပါအမှုကို ရဲအရာရှိထံ စုံစမ်းထောက်လှမ်းရန် ပြန်လွှဲပေးခြင်း20 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂(၁)၊ ၁၅၅(၂)-(၃)။)
  • တိုင်ကြားသူကို သက်ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးခြင်း21 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၁(၁)။)
  • တရားသူကြီးမှ ဆုံးဖြတ်ချက်ချရန်အတွက် လုံလောက်သော အကြောင်းပြချက်မရှိပါက အမှုကိုပလပ်ခြင်း22 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃။) သို့မဟုတ်
  • အရေးယူရန်အတွက် တရားရုံးသို့ လာရောက်ရန် သမ္မန်စာ သို့မဟုတ် ဝရမ်းထုတ်ခြင်း23 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၄။) များပြုလုပ်နိုင်သည်။

တိုင်ကြားသူ၏ကျမ်းကျိန်ထွက်ဆိုချက်နှင့် ရဲအရာရှိ၏ စုံစမ်းထောက်လှမ်းမှုများကို သုံးသပ်ပြီးသည့်အခါ အမှုတွင် လုံလောက်သော သက်သေခံအထောက်အထားများမရှိပါက တရားသူကြီးသည် အမှုကိုပလပ်နိုင်ပါသည်။24 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃။)

အကယ်၍ အမှုကိုဆက်လက်စစ်ဆေးကြားနာရန်ဆုံးဖြတ်ပါက တိုင်ကြားသူသည် မိမိအတွက် ကိုယ်ပိုင်ရှေ့နေငှားရမ်းကာ အမှုကို ဆက်လက်ဆောင်ရွက်နိုင်ပြီး အဆိုပါ ရှေ့နေသည် ဥပဒေအရာရှိ ၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက် ရမည်ဖြစ်ပါသည်။25 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃။)

 

အထူးစဉ်းစားရမည့် အချက်များ

တိုင်ကြားသည့်အခါတွင် အချက်အလက်များကို အမှန်ကန်ဆုံးဖြစ်စေရန် သတိကြီးစွာထားရမည်။ ပထမသတင်းပေး တိုင်ကြားချက် သို့မဟုတ် တရားရုံး ဦးတိုက်လျှောက်ထားလွှာတွင် ဖော်ပြထားသော အချက်များသည် တိုင်ကြားသူတရားလို သို့မဟုတ် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် အသုံးပြုနိုင်သည်။26 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲ အပိုဒ် ၁၄၁၄။)

အမှုကိုစစ်ဆေးစီရင်ရာတွင် အသုံးပြုရန်အတွက် မှားယွင်းသောအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းပေးပို့ပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါသည်။27 (ရာဇသတ်ကြီးပုဒ်မ ၁၉၃။)

လူတစ်ဦးတစ်ယောက်အား ပြစ်မှုထင်ရှားစီရင်ခြင်းခံရစေရန်အတွက် လိမ်လည်ထွက်ဆိုချက်များ၊ သက်သေခံပစ္စည်း အတုများဖန်တီးလျှင် ထိုသူကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များပေးနိုင်ပါသည်။28 (ရာဇသတ်ကြီးပုဒ်မ ၁၉၄-၁၉၅။)

နစ်နာဆုံးရှုံးသွားသူသည် ၄င်း၏အမှုကို တိုင်ကြားသည့်အတွက် ဥပဒေကြောင်းအရ အကျိုးဆက်များကို ကြုံတွေ့ရနိုင်ပါသည်။ ဥပမာ –

လိင်အလုပ်သမတစ်ယောက်သည် မိမိအပေါ် ကိုယ်ထိလက်ရောက်ရိုက်နှက်မှုအား ရဲအရာရှိထံ တိုင်ကြားပါက သူမ အပေါ် (၁၉၄၉) ပြည့်တန်ဆာပပျောက်ရေးအက်ဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)29 ((၁၉၄၉) ပြည့်တန်ဆာပပျောက်ရေးအက်ဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ ၃(က)-(ခ)။) အရ တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။

အခြားတစ်ဖက်တွင်လည်း (၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးမှုခံရသူများအနေဖြင့် အဓမ္မ ဖိအားပေးခံရခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို အရေးယူခံရခွင့် မရှိပါ။30 (၂ဝဝ၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၃(က)။)

စုံစမ်းထောက်လှမ်းသော အဆင့်သည် တရားစီရင်သော မှုခင်းကိစ္စများတွင် ပါဝင်သည့် အဆင့်တစ်ခု ဖြစ်သည်။31 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄(ဍ)၊ ရှင်းလင်းချက် ၂ ကို လည်း ကြည့်ပါ။ ရာဇသတ်ကြီးပုဒ်မ ၁၉၃။)  ဖြစ်နိုင်လျှင် ရှေ့နေ သို့မဟုတ် ဥပဒေအဖွဲ့အစည်းများ၏ အကူအညီ ရယူပါ။

ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများတွင် ရဲအရာရှိသည် လုံလောက် သက်သေအထောက်အထားများ မရှိဟု ယုံကြည်ပါက အမှုကို စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်မည် မဟုတ်ပါ။32 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၁)(ခ)။) လုံလောက်သော သက်သေအထောက်အထားများရှိပါက သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားပြီး စုံစမ်းထောက်လှမ်းမှု များကို ဆောင်ရွက်ရပါမည်။33 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၁)၊ ၁၅၆(၁)။)

ရဲအရာရှိမှ အမှု စုံစမ်းထောက်လှမ်းခြင်း ပြုမပြုကို တိုင်ကြားသူ/သတင်းပေးသူအား အကြောင်းကြားရမည်။34 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၇(၂)။)

ရဲအရာရှိသည် ရဲအရေးမပိုင်သောအမှု ကို တရားသူကြီ၏အမိန့်ဖြင့်သာ စုံစမ်းထောက်လှမ်းမည် ဖြစ်ပါသည်။35 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၂)-(၃)။)

ရဲအရာရှိမှ စုံစမ်းထောက်လှမ်းမှုတိုင်းကို မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများမရှိစေဘဲ ဆောင်ရွက်ရမည်။36 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၃(၁)။)

ရဲအရာရှိသည် အမှု အကြောင်းအရာနှင့် ပတ်သက်ပြီး သိရှိထားသူကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ရဲစခန်းသို့ ဆင့်ခေါ်နိုင်သည်။37 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၀၊ ၁၆၁။)

စုံစမ်းထောက်လှမ်းမေးမြန်းနေစဉ်ကာလအတွင်း လူပုဂ္ဂိုလ်တစ်ယောက်မှ မိမိသဘောဆန္ဒနှင့် အလိုအလျောက်ထွက်ဆိုချက်ပေးခြင်း ကို ရဲအရာရှိအပါအဝင် မည်သူကမျှ တားမြစ်ခြင်းမပြုရ။38 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၃(၂)။)

အကယ်၍ လူတစ်ယောက်သည် တရားရုံးတွင် လာရောက်သက်သေထွက်ဆိုပါက ၄င်းမှ ရဲအရာရှိထံထွက်ဆိုခဲ့သော မည်သည့် ထွက်ဆိုချက်ကိုမဆို တရားရုံးတွင်အမှုစစ်ဆေးသည့်အခါ ပြန်လည်ထုချေနိုင်သည်။39 (၁၈၇၂ သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂(၁)၊ ရဲလက်စွဲအပိုဒ် ၁၄၁၄။)

အချို့သောခြွင်းချက်အနည်းငယ် မှတစ်ပါး အမှုကိုစုံစမ်းထောက်လှမ်းစဉ်အခါက ရဲအရာရှိထံ ထွက်ဆိုခဲ့သော ထွက်ဆိုချက်များ၏ မိတ္တူကို စွပ်စွဲခံရသူမှ ရပိုင်ခွင့်ရှိသည်။40 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂(၂)။)

လိုအပ်ပါက ရဲအရာရှိအနေဖြင့် နယ်မြေခံဆေးရုံနှင့်ဆက်သွယ်ကာ ဆေးစစ်ချက် အစီရင်ခံစာကို ရရှိအောင်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်သည့်အခါ ထိခိုက်နစ်နာသူအနေဖြင့် ဆေးစစ်မှုကို ခံယူရမည် ဖြစ်ပါသည်။

တရားရုံးတွင်သက်သေခံခြင်း

တရားရုံးတွင်အမှုကို စစ်ဆေးစီရင်သည့်အခါ တိုင်ကြားသူတရားလို သို့မဟုတ် နစ်နာသူကိုယ်တိုင်က သက်သေထွက်ဆိုရမည် ဖြစ်ပြီး အခင်းဖြစ်အကြောင်းခြင်းရာနှင့်သက်ဆိုင်သော မေးခွန်းများကိုလည်း ဖြေဆိုရမည်ဖြစ်သည်။41 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၁၈၊ ၁၃၂။)

တရားသူကြီးအနေဖြင့် သမ္မန်စာဖြင့်စေ၊ ဝရမ်းဖြစ်စေ ထုတ်ဆင့်ပြီး မျက်မြင်သက်သေတစ်ဦးကို တရားရုံးသို့လာရောက် သက်သေထွက်ဆိုစေရန် ဖိအားပေးနိုင်သည်။42 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၉၀(က)။)

အကယ်၍အမှုသည် တိုင်တန်းချက်အရစွဲဆိုသောအမှုဖြစ်ပြီး တိုင်တန်းသူကိုယ်တိုင် ရုံးတော်မှချိန်းဆိုသောနေ့တွင် လာရောက်ရန် ပျက်ကွက်ပါက အမှုကိုပလပ်နိုင်သည်။43 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၇၊ ၂၅၉။)

စွပ်စွဲခံရသူမှ တရားလိုပြသက်သေများ တစ်နည်းအားဖြင့် မိမိအားဆန့်ကျင်ထွက်ဆိုနေသော မျက်မြင်သက်သေများကို ပြန်လှန် မေးခွန်းများ မေးမြန်းခွင့်ရှိသည်။44 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၈(၂)။)

ပထမသတင်းပေးတိုင်တန်းချက် သို့မဟုတ် ဦးတိုက်တိုင်ကြားလွှာတွင် ဖော်ပြထားသော အချက်များကို တိုင်ကြားသူ တရားလို သို့မဟုတ် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် အသုံးပြု နိုင်သည်။45 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂(၁)၊ ရဲလက်စွဲအပိုဒ် ၁၄၁၄။)

မုဒိမ်းမှုနှင့်စပ်လျဉ်း၍ တိုင်ကြားသူ သို့မဟုတ် မျက်မြင်သက်သေသည် ယခင်က လိင်ပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်သော မေးခွန်းများကို ခုခံချေပသူဘက်မှ မေးမြန်းသည်ကို ခံရနိုင်ပါသည်။46 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၅၅(၄)။)

တရားသူကြီးသည် မသင့်လျော်သော မေးခွန်းများ မေးမြန်းခြင်းကို တားမြစ်နိုင်ပါသည်။.47 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၅၂။)

အခင်းဖြစ်အကြောင်းခြင်းရာနှင့် ဆက်စပ်သည်မှတစ်ပါး မေးခွန်းများသည် ဂုဏ်သိက္ခာ၊ အသရေကို ထိခိုက်စေသည်ဟုယူဆရပါက တရားသူကြီးသည် ထိုမေးခွန်းများကို မေးမြန်းခြင်းမှ တားမြစ်နိုင်သည်။48 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၅၁။)

 

အများပြည်သူမှ ဝင်ရောက်ကြားနာခွင့်

ကလေးသူငယ် တရားရုံး၌စီရင်သော အမှုများအပါအဝင် အချို့သော ခြွင်းချက်အမှုများမှလွဲ၍ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အမှုစစ်ဆေးစီရင်ခြင်းများကို အများပြည်သူရှေ့မှောက်တွင် စီရင်ရပါမည်။49 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ခ)။ (၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၄(ခ)။)  တစ်နည်းအားဖြင့် အများပြည်သူမှ လာရောက်နားထောင်ခွင့်ရှိပါသည်။

ကလေးသူငယ်မှုခင်းများတွင် အမှုနှင့်တိုက်ရိုက်သက်ဆိုင်သော မိသားစုဝင်များနှင့် သက်ဆိုင်သောအမှုသည်များ မှအပ အခြားသူများကို အမှုစစ်ဆေးနေစဉ်အတွင်းတရားခွင်တွင် ရှိမနေစေရန် ဖယ်ရှားနိုင်ပါသည်။50 ((၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၄(ခ)။)

အမှုကိုစစ်ဆေးစီရင်နေသော တရားသူကြီးမှ သင့်လျော်သည်ဟုထင်မြင်ပါက မည်သည့်ရာဇဝတ်မှုမျိုးတွင်မဆို အများပြည်သူ ဝင်ထွက်ခြင်းမပြုရန် တားမြစ်နိုင်ပါသည်။51 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂။)

တရားသူကြီးသည် အချို့သောအခြေအနေများတွင် အသက်၁၆နှစ်အောက် ကလေးသူငယ်အပါအဝင် လူပုဂ္ဂိုလ်တစ်ယောက်ကို ဗီဒီယိုကွန်ဖရန်းဇင်း မှတစ်ဆင့် သက်သေထွက်ဆိုရန်အတွက် ခွင့်ပြုနိုင်သည်။52 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၆၀က(၁)(က)၊ (ခ)၊ (ဃ)။)

တရားသူကြီးမှ သက်သေထွက်ဆိုချက်ပေးသည့်နေရာနှင့် ထိုသက်သေထွက်ဆိုချက်ကို ပြသ နေသည့် တရားရုံးတရားခွင် တွင် မည်သူသာ ရှိရမည်ကို သတ်မှတ်ဆုံးဖြတ် ပေးနိုင်သည်။53 ((၁၈၇၂ )သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၆၀(က)(၃)(က)။)

(၂၀၀၅) လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ စွဲဆိုသော မှုခင်းများတွင် သက်သေထွက်ဆိုသော နစ်နာဆုံးရှုံးသူ အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်သည် လုံခြုံစိတ်ချရပြီး အများသူငှာ ဝင်ထွက်ခွင့်မရှိသော တရားခွင်တွင် သက်သေထွက်ဆိုချက် ပေးရမည်။54 ((၂၀၀၅) လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(က)။)

 

လှို့ဝှက်ထားခြင်း သို့မဟုတ် လုံခြုံစိတ်ချမှုရှိခြင်း

တရားခွင်အမှုစစ်ဆေးခြင်းကို အများသူငှာဝင်ထွက်သွားလာခြင်းအား ကန့်သတ်ခြင်းများအပြင် –

ကလေးသူငယ် မှုခင်းများတွင် တရားသူကြီးမှ ကလေးသူငယ်၏ ကောင်းကျိုးဖြစ်စေမည့် ရည်ရွယ်ချက်မှအပ အမှု၏ သတင်းအချက်အလက်များကို မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။55 ((၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၅(ခ)။)

နစ်နာသူ ကလေးသူငယ်များနှင့် မျက်မြင်သက်သေ များအတွက် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအပါအဝင် တည်ဆဲဥပဒေများအရ လုံခြုံမှုရှိစေရန် အကာအကွယ်ပေးထားပါသည်။56 ((၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၉၆(က)-(င)။)

(၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ နစ်နာဆုံးရှုံးသူ၏ ကိုယ်ရေးအချက်များကို လုံခြုံအောင် လျှို့ဝှက်ပေးရမည်ဟု အကာအကွယ် ပေးထားပါသည်။ ၎င်းတို့မှာ –

  • အမှုနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသောသူများကို တရားရုံးစာရွက်စာတမ်းများ ရယူခြင်းမှ တားမြစ်ထားခြင်း
  • အမှု၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမပြုမီ သက်ဆိုင်ရာတာဝန်ရှိသူ၊ အရာရှိများ၏ ခွင့်ပြုချက် ရယူစေခြင်း တို့ဖြစ်ပါသည်။57 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(ခ)၊(ဂ)။)

 

အမှုရုပ်သိမ်းခြင်း

စွဲဆိုခံရသော ပြစ်မှုအမျိုးအစားပေါ်မူတည်၍ တိုင်ကြားသူသည် အမှုစစ်ဆေးနေစဉ်ကာလအတွင်း မည်သည့်အချိန်တွင် မဆို ၄င်း၏ တရားစွဲဆိုမှုကို ရုပ်သိမ်းနိုင်သည်။58 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅။)

ကျေအေးနိုင်သည့် ပြစ်မှု နှင့် ကျေအေးခွင့်မရှိသော ပြစ်မှု ဟူ၍ ရှိသည်။ မည်သည့်အမှုက ကျေအေးနိုင်သည်၊ ကျေအေးခွင့်မရနိုင်သည် ကို သိရှိရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ၏ ဇယား ၂ တွင်ကြည့်ပါ။ ကျေအေးနိုင်သည့် ပြစ်မှု ဆိုလျှင် တိုင်ကြားသူမှ အခြေအနေအချို့ပေါ် မူတည်ပြီး အမှုကျေအေးနိုင်သည်။

အချို့ကိစ္စရပ်များတွင် တရားသူကြီး ၏ ဆုံးဖြတ်ချက် မလိုအပ်ဘဲ ကျေအေးနိုင်သည်။59 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅(၁)။)  ဥပမာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၆၊ ၄၂၇ တွင် လူတစ်ဦးတစ်ယောက် ၏ ပစ္စည်းဥစ္စာကို ပျောက်ဆုံး၊ ပျက်စီးမှု အနည်းငယ်သာ ဖြစ်စေလျှင် ထိခိုက်နစ်နာသူ သည် ထိုကဲ့သို့ “အကျိုးဖျက်ဆီးမှု” မျိုး ကို ကျေအေး နိုင်သည်။

အချို့ကိစ္စများကို တရားသူကြီး အမိန့်ဖြင့်သာ ကျေအေးနိုင်သည်။60 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅(၂)။)  ဥပမာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၄၆ အရ လျှို့ဝှက်စွာ မတရား ချုပ်နှောင်ထားမှု ကဲ့သို့သော အမှုများတွင် တိုင်ကြားသူသည် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့်သာ ကျေအေး နိုင်သည်။

တိုင်ကြားသူသည် ကလေးဖြစ်လျှင် ကလေးကို တာဝန်ရှိသောသူ မှ ကလေး ကိုယ်စား အမှုကို ကျေအေးပေးနိုင်သလို တရားသူကြီး ၏ ခွင့်ပြုချက်ဖြင့် ကျေအေးပေးနိုင်သည်။61 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅(၄)။)

ကျေအေးခွင့်မရှိသောအမှုများတွင် တိုင်ကြားသူ အနေဖြင့် အမှုရုပ်သိမ်းမှုကို ဆောင်ရွက်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် အမှု၏ ဥပဒေအရာရှိ နှင့် တရားသူကြီး ၏ ခွင့်ပြုချက်လိုသည်။ တိုင်ကြားသူ မဟုတ်ဘဲ ဥပဒေအရာရှိမှ ထိုခွင့်ပြုချက်ကို တရားသူကြီး ထံ တောင်းဆိုရမည်ဖြစ်သည်။62 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄။)

အသေးစိတ် ကို အမှုလမ်းကြောင်းနှင့် စွပ်စွဲခံရသူ၏ အခွင့်အရေးများ တွင် ကြည့်ပါ။

မည်သည့် လူကုန်ကူးမှုမျိုးမဆို ဥပဒေနှင့်ငြိစွန်းပါသည်။ အမျိုးသမီးများနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို လူကုန်ကူးမှုကျူးလွန်ပါက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်နိုင်ပါသည်။63 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄-၂၅။)

လူကုန်ကူးခြင်းခံရသူများအနေဖြင့် အဓမ္မ ဖိအားပေးခံရခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို အရေးယူခံရခွင့် မရှိပါ။64 ((၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၃(က)။)

လူကုန်ကူးခံရသူသည် ၂ဝဝ၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားနိုင်သည်။

မှုခင်းဆောင်ရွက်နေစဉ်ကာလအတွင်း လူကုန်ကူးခံရသူ၏ လျှို့ဝှက်ချက်များကိုအောက်ပါနည်းလမ်းများဖြင့် အကာအကွယ် ပေးရမည်။

  • အမှုနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသောသူများကို တရားရုံးစာရွက်စာတမ်းများ ရယူခြင်းမှ တားမြစ်ထားရမည်။65 ((၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(ဂ)။)
  • အမှုနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသောသူများကို တရားရုံးစာရွက်စာတမ်းများ ရယူခြင်းမှ တားမြစ်ထားရမည်။66 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(ခ)၊(ဂ)။)
  • နစ်နာဆုံးရှုံးသူ အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ် သည် လုံခြုံစိတ်ချရပြီး အများသူငှာ ဝင်ထွက်ခွင့်မရှိသော တရားခွင်တွင် သက်သေထွက်ဆိုချက်ကို ပေးရမည်။67 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(က)။)

လူကုန်ကူခံရသူသည် မိမိအားလူကုန်ကူးခဲ့သူများအပေါ် တရားမ စွဲဆိုနိုင်ရန်အပြင် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာအကူအညီများ၊ ယာယီခိုလှုံရာနေရာ နှင့် အခြားသော လူမှုရေး ဆိုင်ရာအကူအညီများ ရယူနိုင်ပါသည်။68 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၉(က)-(ဆ)။)

(၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အရ ဖွဲ့စည်းထားသည့် ဗဟို အဖွဲ့သည် လူကုန်ကူးခံရသူ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ လူငယ်များ၏ ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန်နှင့် ၄င်းတို့၏ စိတ်ပိုင်း နှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ကို အကာအကွယ်ပေးရန် အထူးတာဝန်ပေးခြင်းခံထားရသည့် အဖွဲ့ဖြစ်ပါသည်။69 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၂။)

ရာဇဝတ်မှုဖြင့်တရားစွဲဆိုခြင်းများအပြင် အခြားနည်းလမ်းဖြင့် ကုစားမှုများကိုလည်း ရှာဖွေနိုင်ပါသည်။ ဥပမာ-

  • နစ်နာသူအနေဖြင့် တရားမမှု စွဲဆိုကာ မိမိ၏ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေးနစ်နာကြေးတောင်းခံ နိုင်ပါသည်။70 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉။)
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးအရာရှိ ထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။ နစ်နာသွားရသူများအနေဖြင့် တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုန့်ပြန်ခြင်း ကို ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်းကို ပေးထားပါသည်။

ရဲအရာရှိတစ်ယောက်သည် အောက်ပါကိစ္စရပ်များကို ကျူးလွန် ပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခံရနိုင်ပါသည်။

  • မိမိရာထူးတာဝန်အလျောက် အရေးယူဆောင်ရွက်ရမည်ကို မဆောင်ရွက်ဘဲ ပျက်ကွက်ခြင်း သို့မဟုတ် လုံလောက်သော အကြောင်းပြချက်မရှိဘဲ အရေးယူဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း71 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၃(က)။)
  • ဥပဒေအရဖမ်းဆီးရမည့်သူကို မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း72 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၃(ခ)။)
  • တမင် သို့မဟုတ် ယုတ္တိတန်သောအကြောင်းမရှိဘဲ တရားရုံးသို့သက်သေအဖြစ် လာရောက်ရန် ပျက်ကွက်ခြင်း73 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၂၀(က)။)
  • ခြိမ်းခြောက်သော သို့မဟုတ် မထီမဲ့မြင်ပြုသောစကားကို အသုံးပြုခြင်းအားဖြင့် တရားရုံးမှုခင်းကိစ္စကို နှောင့်ယှက်ခြင်း အားဖြင့် တရားရုံးကို မထီလေးစားပြုခြင်း74 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၂၀(ခ)။))
  • အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း75 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဇ)။)
  • ဖြစ်နိုင်ခြေရှိသောသက်သေများကိုတားဆီးနှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းနှင့် ရဲမှတ်တမ်းတွင်လိမ်လည်၍ မှတ်တမ်းတင်ခြင်း များနှင့် စပ်လျဉ်းသည့်အခြားလုပ်ရပ်များလုပ်ဆောင်ခြင်76 ((၁၉၉၅ )ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၈ – ၁၉။)

တရားသူကြီးများ၊ ဥပဒေအရာရှိများအပါအဝင် ပြည်သူ့ဝန်ထမ်းများမှ တံစိုးလက်ဆောင်ရယူခြင်း၊ ခြောက်လှန့် တောင်းယူ ခြင်းနှင့် အာဏာအလွဲသုံးစားပြုလုပ်ခြင်းများရှိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင် ပါသည်။77 ((၂၀၁၃ )အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်))

တိုင်ကြားသူသည် မိမိတိုင်ကြားချက်အတွက် ခိုင်မာသည့်သက်သေအထောက်အထားများကို ပူးတွဲ တင်ပြပေးခြင်းဖြင့် အသရေဖျက်မှုသို့မဟုတ် အခြားသောဥပဒေကြောင်းဖြင့် မိမိအားပြန်လည်တိုင်ကြားတရားစွဲဆိုမှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။78 ((၂၀၁၃ )အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်) ပုဒ်မ၄၆။)

  • ၂၀၁၃အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်)
  • ၂ဝဝ၅လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
  • (၂၀၁၉) ကလေးသူငယ်ဥပဒေ
  • (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ
  • ၂၀၁၃တရားရုံးများကိုမထီမဲ့မြင်ပြုမှုဥပဒေ
  • ရာဇဝတ်ကျင့်ထုံးဥပဒေ
  • တရားမကျင့်ထုံးဥပဒေ
  • တရားရုံးများလက်စွဲ
  • ၁၈၇၂သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်)
  • ၁၉၉၅ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ
  • ရာဇသတ်ကြီး (၂၀၁၉၊ ၂၀၁၂ ပြင်ဆင်ချက်)
  • ရဲလက်စွဲ
  • (၁၉၄၉) ပြည့်တန်ဆာပပျောက်ရေးအက်ဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)