ပြစ်မှုတစ်ခု နှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကို မဆို ဖြစ်ပွားသည့် နေရာ1 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ်ခွဲ ၁၄၁၄။) သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ2 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၉၊ ၁၅၆(၁)၊ ၁၅၅။) နှင့် အနီးစပ်ဆုံး ရဲစခန်းတွင် တိုင်ကြားနိုင်ပါသည်။
တိုင်ကြားသူသည် ကျူးလွန်ခံရသူမဟုတ်ဘဲ အခြားသူတစ်ဦး၏ ကိုယ်စား အမှုကိုတိုင်ကြားခြင်းဖြစ်ပါက ကျူးလွန်ခံရသူ၏ သဘောဆန္ဒကို ဖြစ်နိုင်လျှင် အရင် ရယူရန် အရေးကြီးပါသည်။
တိုင်ကြားသော အမှုသည် ရဲအရေးယူပိုင်ခွင့်ရှိသောအမှု ဖြစ်ပါက ရဲအရာရှိသည် ပထမသတင်းပေး တိုင်ကြားချက် ကို ရေးဖွင့်ရမည်။3 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ရဲလက်စွဲအပိုဒ်ခွဲ ၁၄၁၄။)
သတင်းပို့တိုင်ကြားသော အမှုသည် ရဲအရေးယူပိုင်ခွင့်မရှိသောအမှုဖြစ်ပြီး တိုင်ကြားသူမှလည်း အမှုကို ဆက်လက် ဆောင်ရွက်လိုပါက ရဲဝန်ထမ်းသည် အမှုကို မှတ်တမ်းတင်ထားပြီး တိုင်ကြားသူ ကို သင့်လျော်သော တရားရုံးသို့ လမ်းညွှန်ပေးရမည် ဖြစ်ပါသည်။4 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၁)၊ ၁၉၀(၁)(ခ)။)
ရဲစခန်းတွင် အမှုတွင်တိုင်ကြားသည့်အခါ သတင်းပေးသူ/တိုင်ကြားသူ၏ ထွက်ဆိုချက်များကို ရဲအရာရှိမှ ရေးမှတ်မည် ဖြစ်ပါသည်။
တိုင်ကြားသည့်အခါတွင် အချက်အလက်များကို အမှန်ကန်ဆုံးဖြစ်စေရန် သတိကြီးစွာထားရမည်ဖြစ်ပါသည်။ ထိုထွက်ဆိုချက်များကို တရားရုံးတွင် တိုင်ကြားသူတရားလို နှင့် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် အသုံးပြုနိုင်သည်။5 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲ အပိုဒ် ၁၄၁၄။)
အချို့အခြေအနေများတွင် နစ်နာဆုံးရှုံးသွားသူသည် အမှု တိုင်ကြားသည့်အတွက် ဥပဒေကြောင်း အရ အကျိုးဆက်များကို ကြုံတွေ့ရနိုင်ပါသည်။
လုံလောက်သော သက်သေခံအထောက်အထားများ မရှိပါက ရဲအရာရှိသည် အမှုကို စုံစမ်းထောက်လှမ်းခြင်း မပြုရန် ငြင်းဆိုနိုင်ပါသည်။6 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၁)(ခ)။)
ရဲအရာရှိမှ အမှုကိုစုံစမ်းထောက်လှမ်းရန်အတွက် လုံလောက်သော သတင်းအချက်အလက်များ ရရှိ ထားပြီဟု ယုံကြည်ပါက သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားပြီး စုံစမ်းထောက်လှမ်းမှုများကို ဆောင်ရွက်ရပါမည်။7 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၁)၊ ၁၅၆(၁)။)
ရဲအရာရှိမှ အမှုကို စုံစမ်းထောက်လှမ်းခြင်းပြုမည်၊ မပြုမည်ကို တိုင်ကြားသူ/သတင်းပေးသူကို အကြောင်းကြား ရမည်။8 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၂)။)
သင်လုပ်နိုင်သောအရာများ
ပြစ်မှုတစ်ခု ကို ဖြစ်ပွားသည့် နေရာ သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ နှင့် အနီးစပ်ဆုံး ရဲစခန်း တွင် တိုင်ကြားနိုင်ပါသည်။ ထိုသို့ တိုင်ကြားရာတွင် မလိုအပ်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။
ဖြစ်နိုင်ပါက ရှေ့နေ၊ ဥပဒေအသင်းအဖွဲ့များ၏ အကူအညီ ရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်ခြင်းများကဲ့သို့သော ဖြစ်ရပ်များတွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ ကို အမြန်ဆုံး ရယူသင့်ပါသည်။
ပြစ်မှု၊ ရာဇဝတ်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသူများအနေဖြင့် ဥပဒေကြောင်းအရ အကူအညီများကိုသာမက ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လိုအပ်ပါက လုံခြုံစိတ်ချရသော နေရာတွင် ခိုလှုံနေထိုင်ခြင်း အစရှိသည့် အခြားသောဝန်ဆောင်မှုများကိုပါ ရယူသင့်ပါသည်။
အကယ်၍ သက်ဆိုင်ရာ ရဲအရာရှိ သည် ၄င်း၏ တာဝန်ဖြစ်သော ပထမသတင်းပေးတိုင်ချက်ကို ရေးဖွင့် ပေးရန်ပျက်ကွက်ခြင်း အစရှိသော မလျော်ကန်သည့် အပြုအမူများအတွက် (၁၉၉၅) မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်း ထိန်းသိမ်းရေးဥပဒေ မှ တစ်ဆင့် စီမံခန့်ခွဲရေးဆိုင်ရာအရေးယူ ကုစားဖြေရှင်းနိုင်ပါသည်။
ရဲအရာရှိကဲ့သို့သော ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင် ပါသည်။ ရာဇဝတ်မှုအပြင် အခြားနည်းဖြင့် ကုစားခြင်းများ ကို ကြည့်ပါ။
(၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးမှုတွင် အဓမ္မ ဖိအားပေးခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို ဥပဒေအရ အရေးယူ၍မရပါ။54 ((၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၃(က)။) ထိုအခြေအနေတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့သို့ သတင်းပို့ရမည်။