Site icon Lann Pya

ရာဇဝတ်မှုများကို တိုင်ကြားခြင်း

အမှုရင်ဆိုင်ရာတွင် အဆင့်တစ်ခုချင်းစီ၌ ပါဝင်သည့် သင်၏ ရပိုင်ခွင့်များအကြောင်း အောက်ပါအဆင့်များကို နှိပ်၍ ကြည့်ရှုနိုင်သည်။

ပြစ်မှုတစ်ခု နှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကို မဆို ဖြစ်ပွားသည့် နေရာ1 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ်ခွဲ ၁၄၁၄။)  သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ2 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၉၊ ၁၅၆(၁)၊ ၁၅၅။)   နှင့် အနီးစပ်ဆုံး ရဲစခန်းတွင် တိုင်ကြားနိုင်ပါသည်။
တိုင်ကြားသူသည် ကျူးလွန်ခံရသူမဟုတ်ဘဲ  အခြားသူတစ်ဦး၏ ကိုယ်စား အမှုကိုတိုင်ကြားခြင်းဖြစ်ပါက ကျူးလွန်ခံရသူ၏ သဘောဆန္ဒကို ဖြစ်နိုင်လျှင် အရင် ရယူရန် အရေးကြီးပါသည်။
တိုင်ကြားသော အမှုသည် ရဲအရေးယူပိုင်ခွင့်ရှိသောအမှု ဖြစ်ပါက ရဲအရာရှိသည် ပထမသတင်းပေး တိုင်ကြားချက် ကို ရေးဖွင့်ရမည်။3 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ရဲလက်စွဲအပိုဒ်ခွဲ ၁၄၁၄။)
သတင်းပို့တိုင်ကြားသော အမှုသည် ရဲအရေးယူပိုင်ခွင့်မရှိသောအမှုဖြစ်ပြီး တိုင်ကြားသူမှလည်း အမှုကို ဆက်လက် ဆောင်ရွက်လိုပါက ရဲဝန်ထမ်းသည် အမှုကို မှတ်တမ်းတင်ထားပြီး တိုင်ကြားသူ ကို သင့်လျော်သော တရားရုံးသို့ လမ်းညွှန်ပေးရမည် ဖြစ်ပါသည်။4 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၅(၁)၊ ၁၉၀(၁)(ခ)။)
ရဲစခန်းတွင် အမှုတွင်တိုင်ကြားသည့်အခါ သတင်းပေးသူ/တိုင်ကြားသူ၏ ထွက်ဆိုချက်များကို ရဲအရာရှိမှ ရေးမှတ်မည် ဖြစ်ပါသည်။
တိုင်ကြားသည့်အခါတွင် အချက်အလက်များကို အမှန်ကန်ဆုံးဖြစ်စေရန် သတိကြီးစွာထားရမည်ဖြစ်ပါသည်။ ထိုထွက်ဆိုချက်များကို တရားရုံးတွင် တိုင်ကြားသူတရားလို နှင့် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် အသုံးပြုနိုင်သည်။5 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲ အပိုဒ် ၁၄၁၄။)
အချို့အခြေအနေများတွင် နစ်နာဆုံးရှုံးသွားသူသည် အမှု တိုင်ကြားသည့်အတွက် ဥပဒေကြောင်း အရ အကျိုးဆက်များကို ကြုံတွေ့ရနိုင်ပါသည်။
လုံလောက်သော သက်သေခံအထောက်အထားများ မရှိပါက ရဲအရာရှိသည် အမှုကို စုံစမ်းထောက်လှမ်းခြင်း မပြုရန် ငြင်းဆိုနိုင်ပါသည်။6 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၁)(ခ)။)
ရဲအရာရှိမှ အမှုကိုစုံစမ်းထောက်လှမ်းရန်အတွက် လုံလောက်သော သတင်းအချက်အလက်များ ရရှိ ထားပြီဟု ယုံကြည်ပါက သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားပြီး စုံစမ်းထောက်လှမ်းမှုများကို ဆောင်ရွက်ရပါမည်။7 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၁)၊ ၁၅၆(၁)။)
ရဲအရာရှိမှ အမှုကို စုံစမ်းထောက်လှမ်းခြင်းပြုမည်၊ မပြုမည်ကို တိုင်ကြားသူ/သတင်းပေးသူကို အကြောင်းကြား ရမည်။8 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၂)။)

 

သင်လုပ်နိုင်သောအရာများ

ပြစ်မှုတစ်ခု ကို ဖြစ်ပွားသည့် နေရာ သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ နှင့် အနီးစပ်ဆုံး ရဲစခန်း တွင် တိုင်ကြားနိုင်ပါသည်။ ထိုသို့ တိုင်ကြားရာတွင် မလိုအပ်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။
ဖြစ်နိုင်ပါက ရှေ့နေ၊ ဥပဒေအသင်းအဖွဲ့များ၏ အကူအညီ ရယူခြင်းသည် အကောင်းဆုံး  ဖြစ်ပါသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်ခြင်းများကဲ့သို့သော ဖြစ်ရပ်များတွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ ကို အမြန်ဆုံး ရယူသင့်ပါသည်။
ပြစ်မှု၊ ရာဇဝတ်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသူများအနေဖြင့် ဥပဒေကြောင်းအရ အကူအညီများကိုသာမက  ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လိုအပ်ပါက လုံခြုံစိတ်ချရသော နေရာတွင် ခိုလှုံနေထိုင်ခြင်း အစရှိသည့် အခြားသောဝန်ဆောင်မှုများကိုပါ ရယူသင့်ပါသည်။
အကယ်၍ သက်ဆိုင်ရာ ရဲအရာရှိ သည် ၄င်း၏ တာဝန်ဖြစ်သော ပထမသတင်းပေးတိုင်ချက်ကို ရေးဖွင့် ပေးရန်ပျက်ကွက်ခြင်း အစရှိသော မလျော်ကန်သည့် အပြုအမူများအတွက် (၁၉၉၅) မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်း ထိန်းသိမ်းရေးဥပဒေ မှ တစ်ဆင့် စီမံခန့်ခွဲရေးဆိုင်ရာအရေးယူ ကုစားဖြေရှင်းနိုင်ပါသည်။
ရဲအရာရှိကဲ့သို့သော ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင် ပါသည်။ ရာဇဝတ်မှုအပြင် အခြားနည်းဖြင့် ကုစားခြင်းများ ကို ကြည့်ပါ။
(၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးမှုတွင် အဓမ္မ ဖိအားပေးခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို ဥပဒေအရ အရေးယူ၍မရပါ။54 ((၂ဝဝ၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၃(က)။)   ထိုအခြေအနေတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့သို့ သတင်းပို့ရမည်။

 

ရှေ့နေငှားရန် အကြံပြုချက်များ >>

အချို့သော ခြွင်းချက်များမှတစ်ပါး ပြစ်မှုတစ်ခုကို အဆိုပါပြစ်မှုဖြစ်ပွားကြောင်းသိရှိသူ မည်သူမဆို စတင်တိုင်ကြား အမှုဖွင့်နိုင်ပါသည်။9 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၄၊ ၁၅၅(၁)။)
စွဲဆိုထားသောအမှုသည် ရဲအရေးမပိုင်သောအမှုဖြစ်ပါက၊ တိုင်ကြားသူအနေဖြင့် တရားရုံးသို့ တိုက်ရိုက် ဦးတိုက် လျှောက်ထားရမည်။10 ()
စွဲဆိုထားသောအမှုသည် ရဲအရေးပိုင်သော အမှုဖြစ်ပါက ရဲအရာရှိထံ သတင်းပေး တိုင်ကြား သင့်ပါသည်။11 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၄။)  သက်ဆိုင်ရာ တရားရုံးသို့လည်း ဦးတိုက်လျှောက်ထားနိုင်ပါသည်။ ထိုအခါ အမှုဖွင့် ပြီး တိုင်ကြားချက်များကို စစ်ဆေးရန် တရားသူကြီးမှ ရဲအရာရှိအား အမိန့်ပေးမည်ဖြစ်သည်။

အခြားသူတစ်ဦး ကိုယ်စား အမှုတိုင်ကြားခြင်းဖြစ်ပါက ဖြစ်နိုင်လျှင် အမှန်တကယ်နစ်နာသူ၏ သဘောဆန္ဒကို ရယူရန် လွန်စွာအရေးကြီးပါသည်။
ထိုသို့တိုင်ကြားပြီးပါက တရားသူကြီးသည် တိုင်ကြားသူကို ကျမ်းသစ္စာကျိန်ဆိုစေပြီး စစ်ဆေးမေးမြန်းပါမည်။12 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၀(က)။)
တိုင်ကြားသည့်အခါတွင် အချက်အလက်များ မှန်ကန်စေရန် သတိကြီးစွာထားရမည်။ ထိုထွက်ဆိုချက်များကို တရားရုံးတွင် တိုင်ကြားသူတရားလို နှင့် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် အသုံးပြုနိုင်သည်။13 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲ အပိုဒ် ၁၄၁၄။)
အချို့အခြေအနေများတွင် နစ်နာဆုံးရှုံးသွားသူသည် အမှုတိုင်ကြားသည့်အတွက် ဥပဒေကြောင်း အရ အကျိုးဆက်များကို ကြုံတွေ့ရနိုင်ပါသည်။
တရားသူကြီးမှ စစ်ဆေးပြီးသွားသည့်အခါ အမှုကို စုံစမ်းထောက်လှမ်းရန် ရဲဌာနသို့ ပြန်လည် လွှဲပြောင်းပေးခြင်း14 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၂(၁)၊ ၁၅၅(၂)-(၃)။)  သို့မဟုတ် သက်ဆိုင်ရာတရားရုံးသို့ လွှဲပြောင်းပေးခြင်း15 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၂(၁)။)  သို့မဟုတ် အမှုတည်ဆောက်ရန် လုံလောက်သည့် အကြောင်းအရင်းမရှိပါက အမှုကို ပလပ်ခြင်း16 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၃။)  သို့မဟုတ် သမ္မန်စာ၊ ဝရမ်း ထုတ်၍ အရေးယူရန် ဆောင်ရွက်ခြင်း17 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၄။)  များပြုလုပ်မည် ဖြစ်သည်။
လုံလောက်သော သက်သေခံအထောက်အထားများမရှိပါက တရားသူကြီးသည် အမှုကို ပလပ်နိုင်ပါသည်။18 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၃။)
အမှုကိုဆက်လက်စစ်ဆေးကြားနာရန်ဆုံးဖြတ်ပါက တိုင်ကြားသူသည် မိမိအတွက် ကိုယ်ပိုင်ရှေ့နေ ငှားရမ်းကာ အမှုကို ဆက်လက်ဆောင်ရွက်နိုင်ပြီး အဆိုပါ ရှေ့နေသည် ဥပဒေအရာရှိ၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက် ရမည်ဖြစ်ပါသည်။19 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၉၃။)

 

သင်လုပ်နိုင်သောအရာများ

ရဲအရေးမပိုင်သော အမှုများကို တရားရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။
ဖြစ်နိုင်ပါက ရှေ့နေများ၊ ဥပဒေဆိုင်ရာအသင်းအဖွဲ့များ၏ အကူအညီရယူခြင်းသည်  အကောင်းဆုံး  ဖြစ်ပါသည်။
တိုင်ကြားသူအနေဖြင့် တရားရုံးတွင် အမှုစစ်ဆေးခြင်း အပါအဝင် အမှုကာလတစ်လျှောက်လုံး ဥပဒေကြောင်းအရ အကူအညီများကို ရယူထားသင့်ပါသည်။
ပြစ်မှု၊ ရာဇဝတ်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသူများအနေဖြင့် ဥပဒေကြောင်းအရ အကူအညီများကိုသာမက  ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လိုအပ်ပါက လုံခြုံစိတ်ချရသော နေရာတွင် ခိုလှုံနေထိုင်ခြင်း အစရှိသည့် အခြားသောဝန်ဆောင်မှုများ ကိုပါ ရယူသင့်ပါသည်။
တရားသူကြီးနှင့် အခြားသော တရားရုံးဝန်ထမ်းများကဲ့သို့သော ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင် ပါသည်။ ရာဇဝတ်မှုအပြင် အခြားနည်းဖြင့် ကုစားခြင်းများ ကို ကြည့်ပါ။

 

ရှေ့နေငှားရန် အကြံပြုချက်များ >>

ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများတွင် ရဲအရာရှိမှ အမှုကိုစုံစမ်းထောက်လှမ်းရန် လုံလောက်သော သတင်းအချက်အလက်များကို ရရှိ ထားပြီး ဟု ယုံကြည်ပါက သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားပြီး စုံစမ်းထောက်လှမ်းမှု များကို ဆောင်ရွက်ရပါမည်။20 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၁)၊ ၁၅၆(၁)။)
ရဲအရာရှိသည် ရဲအရေးယူပိုင်ခွင့်မရှိသောအမှုကို တရားသူကြီးက အမိန့်ပေးမှာသာ စုံစမ်းထောက်လှမ်းမည် ဖြစ်ပါသည်။21 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၅(၂)-(၃)။)
ရဲအရာရှိမှ အမှုကို စုံစမ်းထောက်လှမ်းခြင်းပြုမည်၊ မပြုမည်ကို တိုင်ကြားသူ/သတင်းပေးသူကို အကြောင်းကြား ရမည်။22 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၇(၂)။)
ရဲအရာရှိမှ စုံစမ်း ထောက်လှမ်းမှုတိုင်းကို မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ မရှိစေဘဲ ဆောင်ရွက်ရမည်။23 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၇၃(၁)။)
ရဲအရာရှိသည် အခင်းဖြစ်အကြောင်းအရာနှင့်ပတ်သက်ပြီး သိရှိသောသူများကို စုံစမ်းမေးမြန်းရန်အတွက် ရဲစခန်းသို့ ဆင့်ခေါ်နိုင်သည်။24 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၆၀-၁။)
စုံစမ်းထောက်လှမ်းမေးမြန်းနေစဉ်ကာလအတွင်း လူပုဂ္ဂိုလ်တစ်ယောက်မှ မိမိသဘောဆန္ဒနှင့် အလိုအလျောက် ထွက်ဆိုချက်ပေးခြင်း ကို ရဲအရာရှိအပါအဝင် မည်သူကမျှ တားမြစ်ခြင်းမပြုရ။25 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၆၃(၂)။)
လူတစ်ယောက်သည် တရားရုံးတွင် လာရောက်သက်သေထွက်ဆိုပါက ၎င်းမှ ရဲအရာရှိထံထွက်ဆိုခဲ့သော မည်သည့် ထွက်ဆိုချက်ကိုမဆို တရားရုံးတွင်အမှုစစ်ဆေးသည့်အခါ ပြန်လည်ထုချေနိုင်သည်။26 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃) ၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
လိုအပ်ပါက ရဲအရာရှိအနေဖြင့် နယ်မြေခံဆေးရုံနှင့်ဆက်သွယ်ကာ ဆေးစစ်ချက် အစီရင်ခံစာကို ရရှိအောင်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်သည့်အခါ နစ်နာသူအနေဖြင့် ဆေးစစ်မှုကို ခံယူရမည် ဖြစ်ပါသည်။

 

သင်လုပ်နိုင်သောအရာများ

ဖြစ်နိုင်ပါက ရှေ့နေ၊ ဥပဒေအသင်းအဖွဲ့များ၏ အကူအညီ ရယူခြင်းသည် အကောင်းဆုံး  ဖြစ်ပါသည်။
ပြစ်မှု၊ ရာဇဝတ်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသူများအနေဖြင့် ဥပဒေကြောင်းအရ အကူအညီများကိုသာမက  ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လိုအပ်ပါက လုံခြုံစိတ်ချရသော နေရာတွင် ခိုလှုံနေထိုင်ခြင်း အစရှိသည့် အခြားသောဝန်ဆောင်မှုများကိုပါ ရယူသင့်ပါသည်။
ရဲအရာရှိများ၏ မလျော်ကန်သော အပြုအမူများဖြစ်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးခြင်း၊ သက်သေများကိုခြိမ်းခြောက်ခြင်း အစရှိသည်တို့ကို (၁၉၉၅) မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်း ထိန်းသိမ်းရေးဥပဒေ မှ တစ်ဆင့် စီမံခန့်ခွဲရေးဆိုင်ရာအရေးယူ ကုစားဖြေရှင်းနိုင်ပါသည်။
တရားသူကြီးနှင့် အခြားသော တရားရုံးဝန်ထမ်းများကဲ့သို့သော ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင် ပါသည်။ ရာဇဝတ်မှုအပြင် အခြားနည်းဖြင့် ကုစားခြင်းများ ကို ကြည့်ပါ။

ရှေ့နေငှားရန် အကြံပြုချက်များ >>

ဥပဒေနှင့်အညီ ရှေ့နေဖြင့် ဆောင်ရွက်ခြင်း 

တိုင်ကြားသူတရားလိုသည် မိမိအတွက် ကိုယ်ပိုင်ရှေ့နေငှားရမ်းကာ အမှုကို ဆက်လက် တရားစွဲဆို ဆောင်ရွက်နိုင်ပြီး အဆိုပါ ရှေ့နေသည် ဥပဒေအရာရှိ၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်ရမည်ဖြစ်ပါသည်။27 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၉၃။)

ရုံးချိန်းတက်ရောက်ခြင်းနှင့်သက်သေထွက်ဆိုချက်ပေးခြင်း

တရားရုံးတွင်အမှုကို စစ်ဆေးစီရင်သည့်အခါ တိုင်ကြားသူတရားလို သို့မဟုတ် နစ်နာသူကိုယ်တိုင်က သက်သေ ထွက်ဆိုရမည် ဖြစ်ပြီး အခင်းဖြစ်အကြောင်းအရာနှင့်သက်ဆိုင်သော မေးခွန်းများကိုလည်း ဖြေဆိုရမည်ဖြစ်သည်။28 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၁၈၊ ၁၃၂။)
တရားသူကြီးအနေဖြင့် မျက်မြင်သက်သေကို တရားရုံး ၌ သက်သေထွက်ဆိုစေရန် သမ္မန်စာ သို့မဟုတ် ဝရမ်း ထုတ်ဆင့်ပိုင်ခွင့်ရှိသည်။29 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၉၀(က)။)

 

ပြန်လှန်စစ်မေးခြင်း

စွပ်စွဲခံရသူမှ တရားလိုပြသက်သေများ၊ တစ်နည်းအားဖြင့် မိမိအားဆန့်ကျင်ထွက်ဆိုနေသော မျက်မြင်သက်သေများကို ပြန်လှန် မေးခွန်းများ မေးမြန်းခွင့်ရှိသည်။30 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၂၀၈(၂)။)
ပထမသတင်းပေးတိုင်တန်းချက် သို့မဟုတ် ဦးတိုက်တိုင်ကြားလွှာတွင် ဖော်ပြထားသော ဖော်ပြချက်များကို တိုင်ကြားသူတရားလို သို့မဟုတ် နစ်နာသူကို ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန်အသုံးပြု နိုင်သည်။31 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၁၄၅၊ ၁၅၅(၃)၊ ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
မုဒိမ်းမှုနှင့်စပ်လျဉ်း၍ ထွက်ဆိုသော တိုင်ကြားသူ သို့မဟုတ် မျက်မြင်သက်သေ သည် ယခင်က လိင်ပိုင်းဆိုင်ရာကိစ္စများနှင့် ဆိုင်သည့် မေးခွန်းများ ကို ခုခံချေပသူဘက်မှ မေးမြန်းခြင်းခံရနိုင်သည်။32 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ၁၅၅(၄)။)
တရားသူကြီးသည် မသင့်လျော်သော မေးခွန်းများ မေးမြန်းခြင်းကို တားမြစ်နိုင်ပါသည်။33 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ၁၅၂။)
အခင်းဖြစ်အကြောင်းချင်းရာနှင့် ဆက်စပ်သည်မှလွဲ၍ မေးခွန်းများသည် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ယူဆရပါကတရားသူကြီးသည် ထိုမေးခွန်းများကို မေးမြန်းခြင်းမှ တားမြစ်နိုင်သည်။34 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ၁၅၁။)

 

 

လျှို့ဝှက်ထားခြင်း သို့မဟုတ် လုံခြုံစိတ်ချမှုရှိခြင်း

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အမှုစစ်ဆေးစီရင်ခြင်းများကို အများပြည်သူရှေ့မှောက်တွင် စီရင်ရပါမည်။ တစ်နည်းအားဖြင့် အများပြည်သူမှ လာရောက်နားထောင်ခွင့်ရှိပါသည်။35 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၃၅၂။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉(ခ)။)
အများပြည်သူရှေ့မှောက် စစ်ဆေးစီရင်ရာတွင် ခြွင်းချက် အနည်းငယ်ရှိသည်။ ကလေးသူငယ် တရားရုံး၌ စွပ်စွဲစီရင်သော အမှုကဲ့သို့သော အချို့ကိစ္စရပ်များတွင် တံခါးပိတ် စစ်ဆေးပေးရန်လိုသည်။36 ((၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၄(ခ)။)
အမှုကိုစစ်ဆေးစီရင်နေသော တရားသူကြီးမှ သင့်လျော်သည်ဟုထင်မြင်ပါက မည်သည့်ရာဇဝတ်မှုမျိုးတွင်မဆို အများပြည်သူ ဝင်ထွက်ခြင်းမပြုရန် တားမြစ်နိုင်ပါသည်။37 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂။)
တရားသူကြီးသည် အချို့အခြေအနေများ နှင့် သင့်တော်သည်ဟု မှတ်ယူနိုင်သည့် အချိန်များတွင် အသက် ၁၆ နှစ်အောက် ကလေး အပါအဝင် လူပုဂ္ဂိုလ်တစ်ယောက်ကို ဗီဒီယိုကွန်ဖရန်ဇင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှု မှတစ်ဆင့် သက်သေ ထွက်ဆိုရန် ခွင့်ပြုနိုင်သည်။38 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၆၀ က(၁)(က)၊ (ခ)၊ (ဃ)။)
(၂၀၀၅) လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ စွဲဆိုသော မှုခင်းများတွင် သက်သေထွက်ဆိုသော နစ်နာဆုံးရှုံးသူ  အမျိုးသမီး၊ကလေးသူငယ်၊လူငယ်သည် လုံခြုံစိတ်ချရပြီး အများပြည်သူ ဝင်ထွက်ခွင့်မရှိသော တရားခွင်တွင် သက်သေ ထွက်ဆိုချက် ပေးရမည်။39 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၁(က)။)
အချို့သောအခြေအနေများတွင် တရားသူကြီး တရားရုံးတွင်တင်သွင်းထားသောစာရွက်စာတမ်းကို အများသူငှာ ကြည့်ရှုခြင်းမှ ကန့်သတ်နိုင်သည်။40 ((၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၁(ခ)။)
အချို့သောအခြေအနေများတွင် တရားသူကြီးသည် စစ်ဆေးနေသောအမှုနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များ ဥပမာ- သက်သေ (သို့မဟုတ်) စွပ်စွဲခံရသူ (သို့မဟုတ်) နစ်နာသူ မည်သူမည်ဝါဖြစ်ကြောင်း သိသာစေသော အချက်အလက်များကို အများငှာသိရှိအောင် ထုတ်ပြန်ခြင်းမပြုရန် ကန့်သတ်နိုင်သည်။41 ((၂၀၁၉) ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၅(ခ)၊ ၉၆။ (၂၀၀၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၁(ဂ)။)

 

သင်လုပ်နိုင်သောအရာများ
ဥပဒေနှင့်အညီ ရှေ့နေဖြင့် ဆောင်ရွက်ခြင်း 

တိုင်ကြားသူများ၊ နစ်နာသူများ၊ သက်သေများအနေဖြင့် ဥပဒေဆိုင်ရာ အကူအညီများကို တတ်နိုင်သမျှ ရယူသင့်ပါသည်။

ရုံးချိန်းတက်ရောက်ခြင်းနှင့် ထွက်ဆိုခြင်း 

 

တရားရုံးတော်သို့ ရုံးချိန်းချိန်းဆိုသည့်နေ့တိုင်း မပျက်မကွက်သွားရောက်ရန်နှင့် မှန်ကန်စွာသက်သေထွက်ဆိုရန် လွန်စွာ အရေးကြီးပါသည်။
ရုံးချိန်းလာရောက်ရန် ပျက်ကွက်ပါက အကျိုးဆက်အနေဖြင့် အမှုကို ပလပ်ခြင်း သို့မဟုတ် ရုံးတော်မှ ဖမ်းဝရမ်းထုတ်၍ ရုံးတော်သို့ လာရောက်စေရန် ဖိအားပေးနိုင်ပါသည်။55 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၉၀(က)။)
မှန်ကန်စွာသက်သေထွက်ဆိုခြင်းမပြုလျှင် အကျိုးဆက်အဖြစ် စွပ်စွဲခံရသူကို တရားသေလွှတ် ပေးခြင်း အပြင် တရားလိုအပေါ်ကိုပင် ရာဇဝတ်မှုဖြင့် ပြန်လည်တရားစွဲဆိုခြင်းများကို ခံရ နိုင်ပါသည်။56 (ရာဇသတ်ကြီး ပုဒ်မ ၁၉၃။)
တိုင်ကြားသူသို့မဟုတ် နစ်နာသူသည် အမှုကို ပြန်လည်ရုပ်သိမ်းလိုပါက ၎င်း၏ ရှေ့နေ (သို့မဟုတ်) ရှေ့နေမရှိပါက အမှု၏တာဝန်ခံဥပဒေအရာရှိဖြင့် ဦးစွာ တိုင်ပင်သင့်ပါသည်။
အမှုတွင် တိုင်ကြားသူများ၊ သက်သေများလာရောက် ထွက်ဆိုချက်ပေးနိုင်အောင် အကူအညီပေးနေသော အဖွဲ့ အစည်းများ ရှိပါသည်။

ပြန်လှန်စစ်မေးခြင်း

အမှုနှင့်သက်ဆိုင်ခြင်းမရှိသော၊ အနှောင့်အယှက်ပေးလိုသော၊ မေးမြန်းပုံနည်းလမ်းမကျသော သို့မဟုတ် မသင့်လျော်သော မည်သည့်မေးခွန်းကိုမဆို ကန့်ကွက်သင့်ပါသည်။

လျှို့ဝှက်ထားခြင်း သို့မဟုတ် လုံခြုံစိတ်ချမှုရှိခြင်း 

သက်သေတစ်ဦးအနေဖြင့် မိမိထွက်ဆိုရမည့်အကြောင်းအရာများသည် အကဲဆတ်လွန်းခြင်း၊ ရှက်ဖွယ်ရာများ ဖြစ်နေခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် သက်သေ၏ဂုဏ်သရေကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်မျိုးဖြစ်ပါက တရားသူကြီးအား မိမိကိုသီးခြားစစ်မေးပေးရန် သို့မဟုတ် တရားခွင်သို့ အများသူငှာဝင်ရောက်ခွင့်အား ကန့်သတ် ပေးပါရန် တောင်းဆိုသင့်ပါသည်။
ထိုနည်းတူစွာပင် တိုင်ကြားသူ သို့မဟုတ် သက်သေများအနေဖြင့် တရားရုံးသို့ မိမိ၏ကိုယ်ရေး အသေးစိတ် အချက်အလက်များကို အများပြည်သူသို့ထုတ်ပြန်ခြင်းမပြုဘဲ လျှို့ဝှက်ထားပေးရန် တောင်းဆိုသင့်ပါသည်။
(၂၀၁၅) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အရ စွဲဆိုထားသော အမှုတွင် သက်သေထွက်ဆိုသည့် အမျိုးသမီးနှင့် အသက်၁၆နှစ်အောက် ကလေးသူငယ်များအနေဖြင့် အချက်အလက်များကို လုံခြုံအောင် လျှို့ဝှက် ထားရှိပေးရန် ထပ်လောင်း အကူအညီများ ရယူနိုင်ပါသည်။

ရှေ့နေငှားရန် အကြံပြုချက်များ >>

တရားမမှုစွဲဆိုခြင်း

 

နစ်နာသူအနေဖြင့် တရားမမှုစွဲဆိုကာ မိမိ၏ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက်  လျော်ကြေးနစ်နာကြေးတောင်းခံနိုင်ပါသည်။42 (တရားမကျင့်ထုံးဆိုင်ရာဥပဒေ ပုဒ်မ ၁၉။)

ILO ထံသို့ အဓမ္မခိုင်းစေမှုများကို တိုင်ကြားခြင်း

 

မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ဆက်ဆံရေးအရာရှိထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။
ILO တိုင်ကြားမှုဆိုင်ရာလုပ်ထုံးလုပ်နည်းသည် အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် နစ်နာသွားရသူများကို တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုံ့ပြန်ခြင်းများကို  ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်း ပေးထားပါသည်။

ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးလုပ်ထုံးလုပ်နည်းများ

 

(၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲအရာရှိတစ်ယောက်သည် အောက်ပါကိစ္စရပ်များကို ကျူးလွန် ပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခံရနိုင်ပါသည်။

 

 

  • မိမိရာထူးတာဝန်အလျောက် အရေးယူဆောင်ရွက်ရမည်ကို မဆောင်ရွက်ဘဲ ပျက်ကွက်ခြင်း သို့မဟုတ် လုံလောက်သော အကြောင်းပြချက်မရှိဘဲ အရေးယူဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း43 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၃(က)။)
  • ဥပဒေအရဖမ်းဆီးရမည့်သူကို မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း၊44 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၃(ခ)။)
  • တမင် သို့မဟုတ် ယုတ္တိတန်သောအကြောင်းမရှိဘဲ တရားရုံးသို့သက်သေအဖြစ် လာရောက်ရန် ပျက်ကွက်ခြင်း၊45 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၂၀(က)။)
  • ခြိမ်းခြောက်သော သို့မဟုတ် မထီမဲ့မြင်ပြုသောစကားကို အသုံးပြု၍ တရားရုံးမှုခင်းကိစ္စကို နှောင့်ယှက်ခြင်း၊ တရားရုံးကို မထီလေးစားပြုခြင်း၊46 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၂၀(ခ)။)
  • အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊47 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဇ)။)
  • ဖြစ်နိုင်ခြေရှိသောသက်သေများကိုနှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီး ခြင်းနှင့်  ရဲမှတ်တမ်းတွင် လိမ်လည်၍ မှတ်တမ်းတင်ခြင်း ကဲ့သို့သော လုပ်ရပ်များ။48 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၈ – ၁၉။)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

 

တရားသူကြီးများ၊ ဥပဒေအရာရှိများအပါအဝင် ပြည်သူ့ဝန်ထမ်းများမှ တံစိုးလက်ဆောင်ရယူခြင်း၊ ခြောက်လှန့် တောင်းယူ ခြင်းနှင့် အာဏာအလွဲသုံးစားပြုလုပ်ခြင်းများရှိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သို့ တိုင်ကြားနိုင်ပါသည်။49 ((၂၀၁၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်)။)

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်(MNHRC)

 

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မိမိ၏ကိုယ်ပိုင် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း ခံရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်(MNHRC) ကိုတိုင်ကြားနိုင်ပါသည်။50 ((၂၀၁၄) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၀။)
ယင်းသို့တိုင်ကြားနိုင်သော အမှုများတွင် တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲ မဟုတ်သော အမှုများကိုသာ တိုင်ကြားနိုင်ပါသည်။51 ((၂၀၁၄) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၇။)
တိုင်ကြားသူအနေဖြင့် အောက်ပါတို့ကို တင်သွင်းရမည်။

  • မိမိ၏အမည်၊ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်
  • မိမိ၏မှတ်ပုံတင်မိတ္တူ
  • မိမိ၏အခွင့်အရေး မည်ကဲ့သို့ ချိုးဖောက်ခြင်းခံရပုံ နှင့် အခြားသော အသေးစိတ်အချက်အလက်များ

MNHRC သည် တိုင်ကြားစာများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များမှ အပ မည်သူ့ကိုမဆို သက်သေခံ စာရွက်စာတမ်း အထောက်အထားများ တင်ပြစေရန် ဆင့်ဆိုနိုင်သည်။52 ((၂၀၁၄) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၆။)
MNHRC သည် ကျူးလွန်သူအား နစ်နာကြေးလျော်ကြေးပေးအပ်စေရန် သို့မဟုတ် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူသွားရန် အကြံပြုတိုက်တွန်းနိုင်သည်။53 ((၂၀၁၄) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၄၀။)
ပိုမိုသိရှိလိုပါက MNHRC ဝက်ဘ်ဆိုဒ် တွင် လေ့လာနိုင်သည်။

 

သင်လုပ်နိုင်သောအရာများ
တရားမမှုစွဲဆိုခြင်း

ဖြစ်နိုင်လျှင် ရှေ့နေများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ အကူအညီ ရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

ILO ထံ အဓမ္မလုပ်အားပေးခိုင်းစေမှုများကိုတိုင်ကြားခြင်း

ILO အရာရှိထံတိုင်ကြားနိုင်ရန် ဤနေရာ ကို နှိပ်ပါ။

ရဲတပ်ဖွဲ့စည်းကမ်းထိမ်းသိမ်းရေး လုပ်ထုံးလုပ်နည်းများ

ရာဇဝတ်မှုများကဲ့သို့ပင် တိုင်ကြားလိုက်သည့်အတွက် မလိုအပ်သော အကျိုးဆက်များ ရှိလာ နိုင်ပါသည်။

ဖြစ်နိုင်လျှင် ရှေ့နေများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ အကူအညီ ရယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

တိုင်ကြားသူသည် မိမိတိုင်ကြားချက်အတွက် ခိုင်မာသည့်သက်သေအထောက်အထားများကို ပူးတွဲ တင်ပြပေးခြင်းဖြင့် အသရေဖျက်မှု သို့မဟုတ် အခြားသောဥပဒေကြောင်းဖြင့် မိမိအားပြန်လည်တိုင်ကြားတရားစွဲဆိုမှုများကို ရှောင်ရှား နိုင်မည် ဖြစ်သည်။57

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ မည်သို့တိုင်ကြားရမည်ကို လေ့လာရန်အတွက် ကော်မရှင်ကို ဤနေရာ သို့ နှိပ်၍ ဆက်သွယ်ပါ။

ရာဇဝတ်မှုများကဲ့သို့ပင် တိုင်ကြားလိုက်သည့်အတွက် မလိုအပ်သော အကျိုးဆက်များ ရှိလာနိုင်ပါသည်။

ဖြစ်နိုင်လျှင် ရှေ့နေ နှင့် သက်ဆိုင်ရာအဖွဲအစည်းများမှ အကူအညီ ရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)

တိုင်ကြားစာကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတဆင့် မှတ်ပုံတင်စာရင်းသွင်း၍ ဖြစ်စေ အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့ ပေးပို့နိုင်ပါသည်။  သို့သော် အီးမေးလ်ဖြင့် ပေးပို့၍မရပါ။

ရာဇဝတ်မှုများကဲ့သို့ပင် တိုင်ကြားလိုက်သည့်အတွက် မလိုအပ်သော အကျိုးဆက်များ ရှိလာ နိုင်ပါသည်။

ဖြစ်နိုင်လျှင် ရှေ့နေ နှင့် သက်ဆိုင်ရာအဖွဲအစည်းများမှ အကူအညီ ရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

ရှေ့နေငှားရန် အကြံပြုချက်များ >>

Exit mobile version