အဓမ္မခိုင်းစေမှု
ဥပဒေချိုးဖောက်မှုကြောင့် အလုပ်ကြမ်း ပြစ်ဒဏ်ပေးခြင်းခံရခြင်းနှင့် နိုင်ငံအရေးပေါ်အခြေအနေတွင် တာဝန်ချထားခံရခြင်းမှ တစ်ပါး မည်သည့် အဓမ္မစေခိုင်းခြင်းကိုမဆို တားမြစ်သည်။24 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၉။ ၂၀၀၅လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ၃။ ရာဇသတ်ကြီးပုဒ်မ ၃၇၄။)
ကလေးအလုပ်သမားဆိုသည်မှာ ကလေးကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခတွင် အသုံးချရန် အဓမ္မ သို့မဟုတ် မလုပ်မနေရ စုဆောင်းခြင်း တို့ဖြစ်သည်။25 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)(၁)။)
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးအရာရှိထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။ နစ်နာသွားရသူများအနေဖြင့် တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုန့်ပြန်ခြင်း ကို ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်းကို ပေးထားပါသည်။
လူကုန်ကူးမှု
လူကုန်ကူးခြင်း ပုံစံအားလုံး ဥပဒေနှင့်ငြိစွန်းပါသည်။ ထို့အပြင် အမျိုးသမီးများနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို လူကုန်ကူးမှုကျူးလွန်ပါက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။26 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၂၄-၂၅။)
လူကုန်ကူးမှုခံရသူများအနေဖြင့် အဓမ္မ ဖိအားပေးခံရခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို ဤဥပဒေအရ အရေးယူခံရခွင့် မရှိပါ။27 (၂ဝဝ၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၃(က)။)
လူကုန်ကူးခံရသူသည် ၂ဝဝ၅လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားသည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားနိုင်သည်။
ဤဥပဒေတွင် အမျိုးသမီးများနှင့် အသက် ၁၈နှစ်အောက် လူကုန်ကူးခံရသူများ ၏ လုံခြုံရေးကို အကာအကွယ်ပေးသည့်အနေဖြင့် တရားခွင်အတွင်းအများသူငှာ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ခြင်း၊ အမှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူများကို တရားရုံးစာရွက်စာတမ်းများရယူခြင်းမှ တားမြစ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ အမှု၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမပြုမီ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက် ရယူရန်လိုသည်။28 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(က)-(ဂ)။)
လူကုန်ကူးခံရသူသည် မိမိအားလူကုန်ကူးခဲ့သူများအပေါ် တရားမ စွဲဆိုနိုင်ရန်အထောက်အပံများ၊ ကျန်းမာရေး နှင့်ဆေးဝါးဆိုင်ရာအကူအညီများ၊ ယာယီခိုလှုံရာနေရာ နှင့် အခြားသော လူမှုရေးဆိုင်ရာအကူအညီများ ရယူနိုင်ပါသည်။29 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၉(က)-(ဆ)။)
ပြည့်တန်ဆာမှု
မြန်မာ့ဥပဒေတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်ပါ။30 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)။ ရာဇသတ်ကြီးပုဒ်မ ၃၇၂ ၊ ၃၇၃။)
(၁၉၄၉)ပြည့်တန်ဆာပပျောက်ရေးဥပဒေ အရ အများနှင့်သက်ဆိုင်သည့်နေရာများတွင် ပြည့်တန်ဆာကိစ္စ အလို့ငှာ စကားလုံးများ၊ အမူအရာများဖြင့် မြှူဆွယ်လျှင် ဥပဒေနှင့်ငြိစွန်းပါသည်။31 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၃(က)-(ခ)။)
ပြည့်တန်ဆာအိမ် တည်ထောင်လုပ်ကိုင်ခြင်း၊ စီမံခန့်ခွဲခြင်း ကဲ့သို့သော လိင်လုပ်ငန်းများမှ စီးပွားရေးအမြတ်ထုတ်ခြင်းများကို ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။32 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၅(၁)-(၂)၊ ပုဒ်မ၈-၉။)
ပြည့်တန်ဆာဟုသိထားသူနှင့် အတူပေါင်းသင်းနေသောသူများကိုပါ အရေးယူနိုင်ပါသည်33 ((၁၉၄၉)ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၁၁။) အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူနှင့် အတူနေစေပါက ငွေဒဏ်နှင့် ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်နိုင် ပါသည်။34 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၁)။)
မိမိကလေးအား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို သိလျက်နှင့်ခွင့်ပြုထားပါက ထိုမိဘ၊ အုပ်ထိန်းသူကို အရေးယူနိုင် ပါသည်။35 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၂)။)
ရာဇသတ်ကြီးအရ ပြည့်တန်ဆာလုပ်ငန်းအတွက် အသက် ၁၈ နှစ်အောက်ကလေးငယ်ကို အသုံးချ၊ ခေါင်းပုံ ဖြတ်မှု ကျူးလွန်ပါက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။36 (ရာဇသတ်ကြီးပုဒ်မ ၃၇၂၊ ၃၇၃။)