အစိုးရမှ မြေသိမ်းခြင်း
“အများပြည်သူအကျိုးစီးပွား” အတွက် အစိုးရအာဏာပိုင်များမှတာဝန်ယူအကောင်အထည်ဖော်သော စီမံကိန်းများ အတွက် မြေကိုသိမ်းယူနိုင်ပါသည်။ ထိုသို့သိမ်းယူရာတွင် ယာယီဖြစ်စေ၊ အမြဲတစေဖြစ်စေ သိမ်းယူနိုင်ပြီး နည်းလမ်းတကျ မှတ်ပုံတင်သွင်းထားသော မြေ ဖြစ်မဖြစ် နှင့် မသက်ဆိုင်ပါ။25 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၄(၁)။) ယာယီမြေသိမ်းယူခြင်းသည် ကာလအားဖြင့် ၃ နှစ်ထက် မပိုသင့်ပေ။26 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၃၅(၁)။)
၁၈၉၄ခုနှစ်မြေသိမ်းဆည်းရေးအက်ဥပဒေတွင်အစိုးရမှဥပဒေနှင့်အညီ မြေသိမ်းဆည်းနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်း များကို အတိအကျ သတ်မှတ် ပြဌာန်းထားပါသည်။ သို့သော် “အရေးပေါ်” မြေသိမ်းဆည်းမှုများအတွက် အထူး ခြွင်းချက် များလည်း ရှိပါသည်။27 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၁၇။)
- အစိုးရအနေဖြင့် မြေသိမ်းလိုကြောင်း ရေးသားထားသည့် အသိပေး အကြောင်းကြားစာကို ယင်းမြေနှင့်အကျိုး သက်ဆိုင် သူထံ မဖြစ်မနေ ပေးရမည်။28 ယင်းမြေဥပစာအတွင်းသို့ ဝင်ရောက်ခြင်းမပြုမီ နေထိုင်သူများထံသို့လည်း ကြိုတင် အသိပေးရမည်။29
- မြေသိမ်းခြင်းကို ကန့်ကွက်လိုသူများအနေဖြင့် ကန့်ကွက်လွှာ ရေးသားတင်သွင်းနိုင်သည်။30 ကန့်ကွက်သူအနေဖြင့် ထိုမြေအပေါ် မိမိ ပိုင်ဆိုင်ခွင့်နှင့် ယခင်က အသုံးပြုမှုများအပေါ် သက်သေအထောက်အထားများတင်ပြရန်လိုအပ်မည်ဖြစ်သည်။
- ထပ်မံကန့်ကွက်လိုပါက ထိုအငြင်းပွားမှုကို တရားရုံးသို့နည်းလမ်းတကျ တင်သွင်းကာ ကန့်ကွက်နိုင် ပါသည်။31
- မြေသိမ်းမှုများကို အခြားနည်းလမ်းများဖြင့်လည်း ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ ဥပဒေဆိုင်ရာအထောက် အကူပြုသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တိုင်ကြားရန် နှင့် လျော်ကြေးနစ်နာကြေး တောင်းဆိုရန် အကူအညီ ပေးနိုင်ပါသည်။
အစိုးရမှ မြေသိမ်းသည့်အခါ လျော်ကြေးငွေ တောင်းခံခြင်း
အစိုးရမှ ဥပဒေနှင့်အညီ မြေသိမ်းယူသောအခါ သိမ်းယူလိုက်သည့်မြေနှင့် အကျိုး၊အခွင့် သက်ဆိုင်သူများကို မဖြစ်မနေလျော်ကြေးငွေပေးရမည်ဖြစ်သည်။
အကယ်၍ အစိုးရမှ သတ်မှတ်ပေးသော လျော်ကြေးငွေကို သဘောမတူ ကန့်ကွက်ပါက တရားရုံးမှ လျော်ကြေးငွေကို သတ်မှတ်တွက်ချက်မည်ဖြစ်သည်။32 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၂၃။) လျော်ကြေးငွေသတ်မှတ်ရာတွင် အောက်ပါ အချက်များ အပေါ် အခြေခံပြီးတွက်ရပါသည်။
- အမိန့်ကြေငြာစာထုတ်ပြန်သည့်နေ့က တည်ရှိနေသည့် ထိုမြေ၏ ကာလပေါက်စျေး
- သီးနှံနှင့်အခြားပစ္စည်းများ ထိခိုက်ပျက်စီးမှု
- ပြောင်းရွှေ့စားရိတ် တို့ဖြစ်ပါသည်။
၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ အစိုးရအနေဖြင့် လျော်ကြေးငွေကို မြေအသိမ်းခံရသည့်သူအား နစ်နာမှု လုံးဝမရှိဘဲ ပေးအပ်ရမည်ဖြစ်သည်။33 ((၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၂၆။)
ကုမ္ပဏီမှ မြေသိမ်းခြင်း
“အများပြည်သူအကျိုး” အတွက် အစိုးရ၏ခွင့်ပြုချက်ဖြင့် ကုမ္ပဏီမှ မြေသိမ်းယူနိုင်ပါသည်။34 (Land Acquisition Act (1894) §38)
ထို့သို့ ကုမ္ပဏီမှ မြေသိမ်းယူရာတွင် အစိုးရမှ မြေသိမ်းဆည်းရာတွင် လိုက်နာရသည့် လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေညာစာများ အားလုံးကို လိုက်နာဆောင်ရွက်ရပါသည်။
မြေသိမ်းဆည်းခြင်းကို ကန့်ကွက်ရန်အတွက် တိုင်ကြားစာ/ကန့်ကွက်လွှာကို သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့များမှတစ်ဆင့် တင်သွင်းနိုင်ပါသည်။
အကယ်၍ ကုမ္ပဏီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ပါက ၄င်းတို့အပေါ် ပြစ်မှုကြောင်း၊ တရားမကြောင်းများဖြင့် ပြန်လည်တရားစွဲဆိုကာ ကုစားမှုကို ရယူနိုင်ပါသည်။
ဥပမာအားဖြင့် လူတစ်ယောက်သည် ခြောက်လှန့်ရန်၊ စော်ကားရန် သို့ဟုတ် စိတ်ငြိုငြင်စေရန် အကြံဖြင့် အခြားသူ ပိုင်ဆိုင်သော မြေရာဥပစာ အတွင်း သို့ ဝင်ရောက်ခြင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်ပြီး ဆက်လက် နေထိုင်ခြင်း သည် ရာဇဝတ်မှု ဖြစ်သည်။35 (ရာဇသတ်ကြီး ပုဒ်မ ၄၄၁။)
အခြားသူပိုင်ဆိုင်သော မြေယာ ကို ထိခိုက်ပျက်စီးစေခြင်းသည်လည်း ရာဇဝတ်မှုပင်ဖြစ်သည်။36 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၄၂၅။) လျော်ကြေး၊ နစ်နာကြေးငွေရရှိနိုင်ရန်အတွက် ကျူးလွန်သော ကုမ္ပဏီအပေါ် တရားမ မှု စွဲဆိုရန် လိုအပ်မည်ဖြစ်သည်။