ပြစ်ဒဏ်သက်သာခွင့်အတွက် အပေးအယူပြုခြင်း

မာတိကာ

  • အပြစ်ရှိကြောင်း ဝန်ခံရန်အတွက် အပေးအယူပြုလုပ်ခြင်း ဆိုသည်မှာ စွပ်စွဲခံရသူက ၎င်းအပေါ် စွပ်စွဲထားသော စွပ်စွဲချက် အားလုံးကိုဖြစ်စေ အချို့ကိုဖြစ်စေ ဝန်ခံပြီး ပို၍နည်းသော သို့မဟုတ် ပို၍ သက်သာသော ပြစ်ဒဏ်ကို ရရှိရန်အတွက် ဝန်ခံရန် သဘောတူညီခြင်းဖြစ်သည်။
    • အပြစ်ရှိကြောင်းဝန်ခံရန် သဘောတူညီချက် ခိုင်လုံစေရန်အတွက် စွပ်စွဲခံရသူသည် သက်ဆိုင်သော စွဲဆိုထားသောပြစ်မှု၏ ပြစ်မှုအင်္ဂါရပ်တိုင်းကို ဝန်ခံရမည်ဖြစ်ပြီး ယင်းဝန်ခံချက်ကို ရေးသား မှတ်တမ်းတင်ထားရမည် ဖြစ်သည်။
    • အကယ်၍ စွပ်စွဲခံရသူက စွဲဆိုထားသော ပြစ်မှု၏ ပြစ်မှုအင်္ဂါရပ်တိုင်းကို ဝန်ခံခြင်း မပြုလျှင် “အပြစ်မရှိကြောင်း ထုချေသည်” ဟု မှတ်တမ်းတင် ရမည်။ 1 (တရားရုံးများလက်စွဲ အပိုဒ် ၅၆၇)
      • ယင်းအခြေအနေမျိုးတွင် တရားလိုက စွပ်စွဲထားသော စွဲဆိုချက်(များ)၏ ပြစ်မှု အင်္ဂါရပ်တိုင်းကို သက်သေထင်ရှားပြရမည်ဖြစ်ပြီး၊ ယင်းသို့ သက်သေထင်ရှား မပြနိုင်ပါက အမှုကိုပလပ်ရမည်။
  • အမှုကို စစ်ဆေးစီရင်သော တရားသူကြီးက လုပ်ထုံးလုပ်နည်းများနှင့်အညီ စွပ်စွဲခံရသူသည် 2 (Sawarmal v. Union of Burma (U Thein Maung), 1954 BLR (HC) 331)
    • အပြစ်ရှိကြောင်း ဝန်ခံခြင်းကို မိမိသဘောဆန္ဒအလျောက် သိလျက်နှင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း
    • ၎င်းအပေါ် စွဲဆိုထားသော စွပ်စွဲချက်(များ) ၏ သဘောသဘာဝနှင့် အမှုဖြစ် အကြောင်း ချင်းရာ များကို နားလည်သဘောပေါက်ကြောင်း
    • အပေးအယူပြုလုပ်ပြီး ဝန်ခံလိုက်ခြင်းကြောင့် ရရှိလာမည့် ဉပဒေကြောင်းအရ အကျိုးဆက်များ နားလည်သဘောပေါက်ကြောင်း ခိုင်လုံသေချာမှု ရှိစေရန်အတွက် ဆောင်ရွက်ရမည်။
  • စွပ်စွဲခံရသူသည် မိမိ၏ ဥပဒေပါ အခွင့်အရေးများ အလေးထားခံရစေရန် သို့မဟုတ် ချိုးဖောက်ခြင်း မခံရစေရန်အတွက် ရှေ့နေဖြင့် ဉီးစွာတိုင်ပင်သင့်သည်။ အထူးသဖြင့် ရှေ့နေက အောက်ပါ ကိစ္စရပ် များတွင် ကူညီပေးနိုင်ပါသည်။
    • စွပ်စွဲခံရသူအပေါ် ဆန့်ကျင်တင်ပြထားသော သက်သေခံ အထောက်အထားများကို အကဲဖြတ်ပြီး အပြစ်ရှိကြောင်းဝန်ခံရန်အတွက် အပေးယူပြုလုပ်သင့်မသင့် အကြံပေး နိုင်ပါသည်။
    • လိုအပ်ပါက မည်ကဲ့သို့သော ဝန်ခံခြင်းအမျိုးအစားကို ပြုလုပ်သင့်ကြောင်း အကြံပေးနိုင်ပါသည်။
    • ရှေ့နေအနေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေ ရှိမရှိအပါအဝင် အပြစ်ရှိကြောင်း ဝန်ခံလိုက်ခြင်းကြောင့် ပေါ်ပေါက်လာနိုင်သည့် ဉပဒေကြောင်းအရ အကျိုးဆက်များကို မဖြစ်မနေရှင်းပြ နိုင်ပါသည်။
    • အကယ်၍ လိုအပ်သည်၊ သင့်လျော်သည်ဟု ထင်မြင်ပါက အမှုကို ဆက်လက် ရင်ဆိုင် သွားခြင်းအပါအဝင် အပြစ်ရှိကြောင်းဝန်ခံခြင်းအစား အခြား ဆောင်ရွက် နိုင်သည့် နည်းလမ်းများကို အကြံပေးနိုင်ပါသည်။
      • အပေးအယူပြုလုပ်ပြီး အပြစ်ရှိကြောင်းဝန်ခံမည့် အစား အာမခံ လျှောက်ထားခြင်း၊ ပြင်ဆင်မှု သို့မဟုတ် အယူခံ တင်သွင်းပေးခြင်း၊ တရားသူကြီးက စွဲချက်များကို ပယ်ဖျက်ပေးပါရန် သို့မဟုတ် ဥပဒေအရာရှိမှ စွဲချက်များကို ဖြုတ်ပေးပါရန် လျှောက်ထားခြင်း သို့မဟုတ် ကျေအေးနိုင်သော အမှုဖြစ်ပါက တရားလိုမှ အမှု ရုပ်သိမ်းခြင်း ကဲ့သို့သော နည်းများဖြင့် စွပ်စွဲခံရသူ၏ အခြေအနေကို ပိုမို ကောင်းမွန်အောင် ရှေ့နေမှ ဆောင်ရွက်ပေးနိုင်ပါသည်။
  • မျှတသော တရားခွင်ကို တောင်းဆိုခြင်းအပါအဝင် အခြေခံအခွင့်အရေးများကို စွပ်စွဲခံရသူက အခိုင်အမာ တောင်းဆိုရာတွင် ခြိမ်းခြောက်မှုများကိုရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် စွပ်စွဲခံရသူ အနေဖြင့် အာဏာပိုင်များထံ ထွက်ဆိုချက်တစ်စုံတစ်ရာ မပြုလုပ်မီ အရည်အချင်း ပြည့်ဝသော ရှေ့နေဖြင့် အကြံဉာဏ်ရယူခွင့်ပေးပါရန် မရမက တောင်းဆိုသင့်သည်။
    • မမှန်မကန်သော ထွက်ဆိုချက်များကို ပြုလုပ်ပါက မုသားသက်သေ ထွက်ဆိုမှု ဖြင့် စွပ်စွဲခံရ နိုင်ပါသည်။
  • စွပ်စွဲခံရသူအနေဖြင့် အပေးအယူပြုလုပ်ပြီး အပြစ်ရှိကြောင်း ဝန်ခံခြင်း မပြုမီ အခြားသော အခြေခံ အခွင့်အရေး များကို သိထားသင့်ပါသည်။ ဥပမာ
    • ဖြောင့်ချက်ပေးစေရန်၊ တနည်းနည်းဖြင့် သတင်းအချက်အလက်ကို ပေးစေရန် ရဲတပ်ဖွဲ့ဝင် များက မလျော်စွပ်စွဲခံရသူကို ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း၊ ထိခိုက် စေခြင်း နည်းလမ်း များဖြင့် အတင်းအကြပ် မပြုနိုင်ပါ။ 3 (ရာဇသတ်ကြီး ပုဒ်မ ၃၃၀ ၊ ၃၃၁ ၊ ၃၄၃)
    • တရားသူကြီးရှေ့မှောက် မိမိသဘော ဆန္ဒအလျောက် ဖြောင့်ချက် ပေးခြင်း ကသာလျှင် တရားခွင်၌ စွပ်စွဲခံရသူအပေါ် ဆန့်ကျင်သက်သေခံချက်အဖြစ် အသုံးပြုနိုင်ပါသည်။ 4 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၄)
  • စွပ်စွဲခံရသူအနေဖြင့် တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုနိုင်ပါသည်။
    • သမ္မန်မှုများတွင် ဥပဒေ အရာရှိက သက်သေခံအထောက်အထားများ မတင်ပြမီ စွပ်စွဲခံရသူက အပြစ်ရှိကြောင်း ဝန်ခံနိုင်ပါသည်။ 5 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၂၄၂) သို့တည်းမဟုတ်
    • ဝရမ်းမှုများတွင် ဥပဒေအရာရှိက သက်သေခံအထောက်အထားများ တင်ပြပြီး တရားသူကြီးက စွဲချက်တင်ရန် လုံလောက်သော သက်သေအထောက်အထားများ ရှိသည်ဟု တွေ့ရှိသဖြင့် စွဲချက်တင်သည့်အခါတွင်လည်း အပြစ်ရှိကြောင်း ဝန်ခံနိုင်ပါသည်။ 6 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၅(၁))
  • သမ္မန်မှုနှင့် ဝရမ်းမှု နှစ်မျိုးလုံးတွင် စွပ်စွဲခံရသူက အပြစ်ရှိကြောင်းဝန်ခံလျှင် ရုံးထိုင် ကြားနာသည့် တရားသူကြီးက ယင်းဝန်ခံချက်ကို မှတ်တမ်းတင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း အဆင့်ကို ဆက်လက်ဆောင်ရွက်သွားပါမည်။ 7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၂ နှင့် ၂၅၅(၂))
  • အပြစ်ရှိကြောင်း ဝန်ခံခြင်းဆိုသည်မှာ အယူခံဝင်ခွင့်ကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုလိုပါသည်။ 8 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၂)
    • သို့သော် တရားသူကြီးက ဥပဒေနှင့် မညီသော ပြစ်ဒဏ်ကို ချမှတ်လျှင်မူ ပြင်ဆင်မှု တင်သွင်းနိုင်ပါသည်။
  • စွပ်စွဲခံရသူက အပြစ်ရှိကြောင်း ဝန်ခံလိုက်သည့်တိုင်အောင် တရားသူကြီးက ယင်းဝန်ခံကို လက်ခံခြင်း မပြုပဲ နေနိုင်ပါသည်။ 9 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၃ ၊ ၂၅၅(၂))
  • ဝန်ခံပြီးနောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ပုံမှန်တရားစီရင် ဆုံးဖြတ်သည့် အတိုင်းပင်ဖြစ်သည်။
  • အပြစ်ရှိကြောင်း ဝန်ခံလိုက်ခြင်းသည် အယူခံဝင်ခွင့်ကို စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ 10 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၂)
    • သို့သော် တရားသူကြီး ဥပဒေနှင့်မညီသော ပြစ်ဒဏ်ကို ချမှတ်လိုက်သည့်အခါ ပြင်ဆင်မှု တင်သွင်းနိုင်ပါသည်။
  • အပြစ်ရှိကြောင်း ဝန်ခံပြီးနောက်မှ ရှေ့နေငှားရမ်းလျှင် အဆိုပါ ရှေ့နေအနေဖြင့် မှတ်တမ်း များနှင့် ဝန်ခံခြင်းမပြုမီ ပြုလုပ်ခဲ့သည့် သဘောတူညီချက်များကို စစ်ဆေးသင့်ပါသည်။
    • ဥပဒေအရာရှိက တင်ပြသော သက်သေခံအထောက်အထားများနှင့် အပြစ်ရှိကြောင်း ဝန်ခံချက် သည် ပြည့်စုံလုံလောက်မှု မရှိသည့်အပြင် ဝန်ခံလိုက်သည့် ပြစ်မှု၏ ပြစ်မှု အင်္ဂါရပ်တိုင်းကို သက်သေထင်ရှား ပြနိုင်ခြင်း မရှိပါက ယင်းသို့ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် ဉပဒေနှင့် မညီညွတ်သည့်အပြင် ပြင်ဆင်မှုတင်သွင်းသင့်ပါသည်။