- မြန်မာနိုင်ငံတွင်လက်ထပ်ထိမ်းမြားခြင်း ၊ ကွာရှင်းပြတ်စဲခြင်း ၊ အမွေဆက်ခံခြင်း တို့သည် တည်ဆဲဥပဒေအပါအဝင် သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးစံ ၊ ကိုးကွယ်သည့်ဘာသာ အစရှိသည်တို့နှင့် သက်ဆိုင်ပါသည်။ 1 (မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (Burma Laws Act) ၁၈၉၈ ၊ ပုဒ်မ ၁၃(၁)။) .အိမ်ထောင်ဖက်နှစ်ဉီးတို့သည် မတူညီသော ရိုးရာဓလေ့ထုံစံထုံးတမ်းကို လိုက်နာသူများဖြစ်ပါက သို့မဟုတ်/ထို့အပြင် မတူညီသော ဘာသာတရားကို ကိုးကွယ်သူများ ဖြစ်ကြပါက အဆိုပါကိစ္စရပ်များသည် ပိုမိုရှုပ်ထွေးသွားနိုင်ပါသည်။
- အသက်နှင့် လက်ထပ်နိုင်သည့်အရည်အချင်း
- ယေဘူယျအားဖြင့် လက်ထပ်ထိမ်းမြားနိုင်ရန်အတွက် အောက်ပါအချက်များသည် အဓိက ကျပါသည်။ သို့သော် ရိုးရာဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာပေါ်မူတည်ပြီး အခြား လိုအပ်ချက်များလည်း ရှိနိုင်ပါသည်။
- အမျိုးသမီးသာမက အမျိုသားကပါ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရန်လိုအပ်ပါသည်။ 2 (၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃။) . အသက် ၁၆ နှစ်အောက် မိန်းမနှင့် ကာမစပ်ယှက်လျှင် မုဒိမ်းမှုမြောက်ပါသည်။ 3 (ရာဇသတ်ကြီးပုဒ်မ ၃၇၅) .
- အိမ်ထောင်ပြုမည့်သူ နှစ်ဉီးလုံးသည် ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်သည်။ 4 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၁။)
- လက်ထပ်ထိမ်းမြားသည့်အချိန်တွင် စိတ်ပေါ့သွပ်သူမဟုတ်ရပါ ။ 5 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၂။)
- နှစ်ဉီးနှစ်ဖက်လုံးက လွတ်လပ်စွာ သဘောဆန္ဒပေးခြင်း ဖြစ်ရပါမည်။ တနည်းအားဖြင့် အနိုင်အထက်ပြုခြင်း၊ မတရားသြဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ အလွဲပြောခြင်း တို့ကင်းရှင်းရမည်။ 6 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၄။)
- လက်ရှိတည်ဆဲ အိမ်ထောင်ရှိနေစဉ် ထပ်မံအိမ်ထောင်ပြုခြင်းသည် ရာဇဝတ်မှု မြောက်ပါသည်။ အသေးစိတ်ကို အိမ်ထောင်ရေး ဖောက်ပြန်မှု ကဏ္ဍတွင် ကြည့်ပါ။
- ယေဘူယျအားဖြင့် လက်ထပ်ထိမ်းမြားနိုင်ရန်အတွက် အောက်ပါအချက်များသည် အဓိက ကျပါသည်။ သို့သော် ရိုးရာဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာပေါ်မူတည်ပြီး အခြား လိုအပ်ချက်များလည်း ရှိနိုင်ပါသည်။
- မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ လက်ထပ်ခြင်း
- ယောကျာ်းသည် အိမ်ထောင်ပြုရန် အတွက် ကျန်းမာသန်စွမ်းရမည်။ 7 (မောင်သိန်းမောင်နှင့် မစော၊ ၆ ရန်ကုန် ၃၄၀။) .မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ ယောက်ျားလေးများ လက်ထပ်ထိမ်းမြားနိုင်သည့် အရွယ်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃ အရ လက်ထပ်ထိမ်းမြားရန် အတွက် အမျိုးသမီးသာမက အမျိုးသား သည်လည်း အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရန် လိုအပ်ပါသည်။
- မိန်းမသည် မုဆိုးမ၊ သို့မဟုတ် တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင် အသက် ၂၀ ပြည့်ရမည်။ အသက် ၂၀ မပြည့်သေးလျှင် မိဘ၊ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက် လိုအပ်ပါသည်။ 8 (မအေးစိန်နှင့် မောင်လှမင်း၊ ၃ ရန်ကုန် ၄၅၅ စုံညီခုံ။) .
- အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုရန် ရည်ရွယ်၍ နှစ်ဦးသဘောတူညီချက်ဆန္ဒကို လွတ်လပ်စွာ ပေးရမည်။ 9 (မောင်စိန်ညွန့်နှင့် မအေးကြည်၊ ၁၉၆၂ မတစ ရုံးချုပ် ၄၀၄။) .
- နှစ်ဦးစလုံးတွင် မပြတ်စဲသော တရားဝင် လင်ယောကျာ်း/မိန်းမ မရှိစေရပါ။ 10 (တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၀။) .
- အထင်အရှား ထိမ်းမြားလက်ထပ်မှု တစ်စုံတခု မပြုလုပ်ခဲ့ပါက လင်မယားအဖြစ် လူသိထင်ရှား ပေါင်းသင်းနေထိုင်မှု ရှိရမည်။ 11 (ဦးပုလေးနှင့် ဒေါ်ချစ်၊ ၁၉၇၄ ခုနှစ် တရားမ ဒုတိယ အယူခံမှု အမှတ် ၃၂။) .
- လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု ဆိုသည်မှာ တရားဝင် လင်နှင့်မယား အဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်းစပ်ယှက်မှုမျိုးကို မဆိုလိုပေ။ 12 (မြစိန်၊ဦး၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၉။) .
- လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရန် ပေါင်းသင်းစပ်ယှက်မှု မလိုအပ်ပါ။ အခမ်းအနားလည်း မလိုအပ်ပါ။ 13 (ဒေါ်ခင်မြမာ (ခ) မာမာနှင့် ဦးညွန့်လှိုင်၊ ၁၉၇၂ခုနှစ် တရားမ ပထမ အယူခံအမှတ် ၃၈။) .
- မြန်မာဗုဒ္ဓဘာသာ အရွယ်ရောက်သည့် ယောကျာ်းနှင့် မိန်းမတို့သည် နှစ်ဦးသဘောတူ တရားရုံးသို့ သွားကာ ကျမ်းကျိန်ဆိုပြီး ထိမ်းမြားလက်ထပ်ခဲ့ပါက လင်မယားအဖြစ် လူသိရှင်ကြား အထင်အရှား ပေါင်းသင်းမှု မရှိစေကာမူ တရားဝင် အကြင်လင်မယားအရာမြောက်ပါသည်။ 14 (မြစိန်၊ဦး၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၈။) .
- အသေးစိတ်အချက်အလက်များအတွက် ဥပဒေပညာကျွမ်းကျင်သူများ၊ ရှေ့နေများဖြင့် တိုင်ပင်သင့် ပါသည်။
- အစ္စလာမ်ဘာသာဝင်များလက်ထပ်ထိမ်းမြားခြင်း
- ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
- အစ္စလာမ်ဘာသာဝင်များ လက်ထပ်ထိမ်းမြားရာတွင် နိကာဟ် (Nikah) ခေါ် လက်ထပ်ထိမ်းမြားခြင်း သဘောတူညီချက် ပဋိညာဉ်သည် အရေးကြီးပါသည်။ ယင်းတွင် အောက်ပါအချက်များ မဖြစ်မနေ လိုအပ်ပါသည်။
- လက်ထပ်ထိမ်းမြားရန် ကမ်းလှမ်းခြင်း
- ကမ်းလှမ်းမှုကို လက်ခံခြင်း
- ဇနိးကို မဟာရ် (Mahar) ခေါ် ခန်းဝင်ပစ္စည်းပေးခြင်း
- ကမ်းလှမ်းချက်နှင့် လက်ခံခြင်းကို ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းနှင့် ပြည်စုံသော မွတ်စလင်မ် အမျိုးသားသက်သေ ၂ ဉီး သို့မဟုတ် အမျိုးသား ၁ ဉီးနှင့် အမျိုးသမီး ၂ ဉီး ရှေ့မှောက်တွင် ပြုလုပ်ရမည်။ 15 (ဉီးဘဖေနှင့် မစောရင် ၊ ၁၉၅၁ ၊ လွှတ်တော် ၊ စာ ၁၁၃။)
- လက်ထပ်ထိမ်းမြားမှုကို အမျိုးသမီးက သဘောတူရန် မဖြစ်မနေလိုအပ်ပြီး၊ ယင်းကို မိမိကိုယ်တိုင် ဖြစ်စေ၊ အုပ်ထိန်းသူမှတဆင့်ဖြစ်စေ ပေးနိုင်ပါသည်။ အတင်းအကြပ်အနိုင်အထက် ပြုလုပ်၍ ထိမ်းမြားခြင်းသည် တရားဝင်သော ထိမ်းမြားမှု မဟုတ်ပေ။ 16 (Sayad Mohinddin v Khatyabi, 4 Bom L. R)
- လက်ထပ်ထိမ်းမြား နိကာဟ်ပြုလုပ်ရာတွင် အမျိုးသားမှ အမျိုးသမီးကို မဟာရ် (Mahar) ခေါ် ခန်းဝင် ပစ္စည်း သို့မဟုတ် လက်ဆောင်ကိုပေးရန် မဖြစ်မနေလိုအပ်ပါသည်။ ယင်းသည် လင်ယောက်ျားက ထမ်းဆောင်ရမည့် အရေးကြီးသော ဥပဒေတာဝန်ဖြစ်သည်။ 17 (စိုက်ယက်ဒ် ဆေဘာဟူစိန်နှင့် ဖာဇန်ဟူစိန် (၁၉၃၇) ၊ ၆၅၊ အိုင်အေ ၁၁၉၊ ၁၂၇။)
- ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ငွေသားဖြစ်စေ၊ ၊ တန်ဖိုးရှိသော အခြားရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ၊ အခွင့်အရေး တို့ကို ဖြစ်စေ မဟာရ်အဖြစ်ပေးနိုင်သည်။
- ယင်း “မဟာရ်” ကို လက်ငင်း ဖြစ်စေ၊ ဆိုင်းငံ ဖြစ်စေ ပေးနိုင်ပါသည်။
- “မဟာရ်” မည်ရွေ့မည်မျှ ပေးရမည်ကို နှစ်ဉီးနှစ်ဖက် သဘောတူညီချက်ဖြင့် သတ်မှတ် နိုင်ပြီး အနိမ့်ဆုံးပမာဏကို တရားတော်တွင် အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း အများလက်ခံထားသော မူအရ Dirham ၁၀ အနည်း ဆုံးရှိရမည်ဟု ဆိုပါသည်။
- ပေးအပ်သည့် သို့မဟုတ် ပေးအပ်မည့် မဟာရ် ပမာဏ၊ ပေးအပ်သည့် နည်းလမ်း (တနည်း လက်ငင်း/ဆိုင်းငံ့)၊ အစရှိသည်ကို နိကာဟ်သဘောတူစာချုပ်တွင် အတိအလင်း ဖော်ပြသင့်ပါသည်။
- အသေးစိတ်အချက်အလက်များအတွက် ဥပဒေပညာကျွမ်းကျင်သူများ၊ ရှေ့နေများဖြင့် တိုင်ပင်သင့် ပါသည်။
- ခရစ်ယာန်ဘာသာဝင်များ လက်ထပ်ထိမ်းမြားခြင်း
- ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
- ခရစ်ယာန်ဘာသာဝင်များ လက်ထိမ်းမြားခြင်းကို အောက်ဖော်ပြပါ လက်ထပ်ထိမ်းမြားပေးခွင့် ရှိသည့် ပုဂ္ဂိုလ်တစ်ဉီးဉီးရှေ့မှောက် ဝိနည်းနှင့်အညီ ပြုလုပ်ရန် လိုအပ်ပါသည်။ 18 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅။)
- သာသနာပိုင်ဆရာတော်အဖြစ် သိက္ခာတင်ထားသူ၊ စကော့တလန်အသင်းတော်၏ ဘုန်းတော်ကြီး၊ လိုင်စင်ရထားသော ဘာသာရေးအမှုတော်ဆောင် ၊ ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိ ၊ လိုင်စင် ရထားသူ တစ်ဦးဦး
- လက်ထပ်ထိမ်းမြားခြင်း မပြုမီ အကြောင်းကြားစာ ပေးပို့ခြင်း 19 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၂။) ၊ အဆိုပါ အကြောင်းကြားစာကို အများသိစေရန်ကြေညာခြင်း 20 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၃။) ၊ အထောက်အထားလက်မှတ်ထုတ်ပေးခြင်း 21 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၇။) စသည့် ထုံးနည်းတကျ ဆောင်ရွက်များကို ပြုလုပ်ရန် လိုအပ်ပါသည်။ (အသေးစိတ်အချက်အလက်များအတွက် သက်ဆိုင်ရာ အသင်းတော်များ၊ ဥပဒေ ပညာရှင်များ၏ လမ်းညွှန်ချက်ကို ရယူရန် အကြံပြုလိုပါသည်။)
- ဝိနည်းနှင့်အညီ ထိမ်းမြားခြင်းကို အမှုတော်ဆောင်အပြင် သက်သေအနည်းဆုံး နှစ်ဦး၏ ရှေ့မှောက်တွင် ဆောင်ရွက်ရမည်။ 22 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၂၅။) . ထို့အပြင် အထောက်အထားလက်မှတ်၊ ထိမ်းမြားခြင်း မှတ်ပုံတင် စာအုပ် တို့တွင် ဝိနည်းနှင့်အညီ ထိမ်းမြားပေးသူ၊ ထိမ်းမြားခြင်းပြုသူနှစ်ဉီး၊ ယုံကြည်ထိုက်သော သက်သေ နှစ်ဉီးတို့က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရပါမည်။ 23 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၃၃။) .
- လက်ထပ်ထိမ်းမြားခြင်းကို မနက် (၆) နာရီမှ ည(၇)နာရီ အတွင်းသာ ပြုလုပ်ရပါမည်။ 24 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၁၀။) .
- ထိမ်းမြားမည့်သူများက “ကျွန်ုပ် ဝိနည်းနှင့်အညီ ကြေညာသည်မှာ – ကျွန်ုပ် A.B. သည် C.D.နှင့် ထိမ်းမြားမှု မပြုသင့်ကြောင်း ဥပဒေအရ အဟန့်အတား ပိတ်ပင်ထားသည့်အချက် မရှိဟု ကျွန်ုပ်သိရှိပါသည်။” သို့မဟုတ် ထိုသို့သဘောသက်ရောက်သော ကြေညာချက်ကို ပြုလုပ်ရမည်။ 25 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅၁။) ”
- ထို့ပြင်ထိမ်းမြားမည့်သူတစ်ဦးသည် ကျန်တစ်ဦးအား “ကျွန်ုပ်သည် ယခုတက်ရောက်လာသော အသိသက်သေများရှေ့မှောက်တွင် ကျွန်ုပ် A.B. သည် သင် C.D.အား ကျွန်ုပ်၏ တရားဝင်ထိမ်းမြား ထားသောဇနီး (သို့မဟုတ် ခင်ပွန်း) အဖြစ် တရားဝင် ရယူပါသည်။” သို့မဟုတ် ထိုသို့သဘော သက်ရောက်သော စကားကို ပြောရမည်။ 26 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅၁။) ”
- ဟိန္ဒူဘာသာဝင်များ လက်ထပ်ထိမ်းမြားခြင်း
- ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
- မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာ အုပ်စုဝင် အနည်းဆုံး ၁၁ မျိုး ရှိပြီး အဆိုပါသာသနာဝင် အုပ်စု တစ်ခုနှင့် တစ်ခုအကြား မတူညီမှုများ ရှိသည့်အတွက် သက်ဆိုင်ရာ ဘာသာရေးပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်ပြီး အကြံဉာဏ်များ၊ အကူအညီများ ရယူရန် အကြံပြုလိုပါသည်။
- ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ သတို့သားနှင့် သတို့သမီးတို့သည် ဘာသာရေးအရ အခမ်းအနားဖြင့် ထုံးပုံနည်းလမ်းတကျ လက်ထပ်မှသာ တရားဝင်အတည်ဖြစ်သည်။ 27 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၉။)
- ဟိန္ဒူဘာသာအရ လက်ထပ်မှုပြီးမြောက်စေရန် အောက်ပါ အချက် ၃ ချက်နှင့် ပြည့်စုံရမည် 28 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၃၁၀။)
- လက်ဆောင်ပေးခြင်းနှင့် လက်ခံခြင်း
- မီးပူဇော်ထားသည့် ဟိန္ဒူဘုရား ရှေ့မှောက်တွင် ကျမ်းစာများ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း
- သတို့သားနှင့် သတို့သမီးတို့ တူစုံယှဉ်တွဲကာ မီးပုံရှေ့တွင် လမ်းလျှောက်ခြင်း
- ထိမ်းမြားလက်ထပ်ခြင်းအခမ်းအနားတွင် သတို့သမီးနှင့် သတို့သားတို့သည် သတ္တမမြောက်ခြေလှမ်း (Saptapadi) လှမ်းပြီးသည်အချိန်တွင် ထိမ်းမြားမှုသည် အထမြောက်သည်။ 29 (ဦးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၃၁၅။)
- ဟိန္ဒူမုဆိုးမများအနေဖြင့် နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိပါသည်။ 30 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၁။) . သို့သော် သေဆုံးသူ လင်ယောက်ျား၏ ပစ္စည်းမှ စားစရိတ်ခံစားခွင့်၊ အမွေဆက်ခံခွင့်အခွင့်အရေး၊ အစရှိသော အခွင့်အရေးများ နောက်အိမ်ထောင်ပြုသည့်အခါ ရပ်စဲပါသည်။ 31 (ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၂။) .