ရာဇဝတ်ကြောင်းအရ စွပ်စွဲခြင်းခံရသူ

မာတိကာ

ရှေ့နေဖြင့်ခုခံပိုင်ခွင့် ရှိသည်။1 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀။)

စတင်ဖမ်းဆီးပြီး ၂၄ နာရီကာလအပါအဝင် ထိန်းသိမ်းခံရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးသန့်တွေ့ခွင့်ရှိသည်။2 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀။ ရဲလက်စွဲ အပိုဒ် ၇၄(ဂ)။)

သေဒဏ်ကျခံရနိုင်သည့်အမှုမျိုး ဖြစ်လျှင် စွပ်စွဲခံရသူမှ ကိုယ်ပိုင် ရှေ့နေငှားရန် မတတ်နိုင်ပါက ရှေ့နေ အခမဲ့ ရပိုင်ခွင့်ရှိသည်။ 3 (၂၀၂၁ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ ၂၀၁၆ ပြင်ဆင်ချက် ပုဒ်မ၂(ခ)။)

စွပ်စွဲခံထားရသည့် ပြစ်မှု ကျူးလွန်ခဲ့သည့်ချိန်တွင် အသက် ၁၈ နှစ်အောက်ဖြစ်ပါက စွပ်စွဲခံရသူလူကြီးများတွင်ရှိသည့် ခံစားခွင့်အပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကိုလည်း ခံစားခွင့်ရှိသည်။4 (၂၀၁၉ ကလေးသူငယ်ဥပဒေ။)

စွပ်စွဲခံရသူ အခွင့်အရေးနှင့် ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် ရဲအရေးယူပိုင်ခွင့်ရှိသောအမှု နှင့် ရဲအရေးယူပိုင်ခွင့်မရှိသောအမှုများပေါ်တွင် မူတည်သည်။

ရဲအရေးယူပိုင်ခွင့်ရှိသောအမှု ရဲအရေးယူပိုင်ခွင့်မရှိသောအမှု
ဖမ်းဆီးရန် ဝရမ်းမလိုအပ်။ ရဲမှဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဖမ်းဆီးရန် ဝရမ်းလိုအပ်။ ရဲမှ တရားရုံးခွင့်ပြုချက်ယူရမည်။
ကြီးလေးသောပြစ်မှုများ သေးငယ်သောပြစ်မှုများ
လူသတ်မှု
မုဒိန်းမှု
ပြန်ပေးစွဲမှု
ခိုးမှု
အများပြည်သူကို စိုးရိမ် ထိတ်လန့်စေခြင်း သို့မဟုတ် ကြံရွယ်ခြင်း
သတင်းအမှားမှန်း သိသော်လည်း တမင် ပျံ့နှံစေခြင်း သို့မဟုတ် ကြံရွယ်ခြင်း
မည်သည့် အစိုးရဝန်ထမ်း ကိုမဆို ပြစ်မှုကျူးလွန်အောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် ကြံရွယ်ခြင်း5 (ရာဇသတ်ကြီး ဥပဒေပြင်ဆင်ချက် (၂၀၂၁) ပုဒ်မ ၅၀၅ (က)။)
ကိုယ်ထိလက်ရောက်ကျူးလွန်မှု
လိမ်လည်မှု
အိမ်ထောင်ရေးဖောက်ပြန်ခြင်း
လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း
မူးယစ်သောက်စားပြီး တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်း
အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း
ကွာရန်တင်း စည်းမျဉ်းစည်းကမ်းများကို သိလျက်နှင့် ဖောက်ဖျက်ခြင်း
သမ္မန်စာ ခေါ် သည်ကို လာရောက်ရန် ပျက်ကွက်ခြင်း
ရဲမှ စုံစမ်းစစ်ဆေးစဉ် ၁၅ ရက်မှ ရက် ၃၀ အတွင်း (ပြစ်မှုပေါ်မူတည်သည်) ထိန်းသိမ်းခံရနိုင်။ ၂၄ နာရီထက်ပို၍ ထိန်းသိမ်းခွင့်မရှိ။
ရှာဖွေခြင်း

နေထိုင်သူ သို့မဟုတ် ၄င်း၏ကိုယ်စားလှယ် ရှေ့မှောက်တွင် ရှာဖွေစစ်ဆေး ရမည်။ 6 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၃(၃)။)

ရှာဖွေခွင့်ဝရမ်းတွင် ခွင့်ပြုထားသည့် အတိုင်းအတာအထိသာ ရှာဖွေမှုကိုပြုရမည်။ 7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၉၇။)

သိမ်းဆည်းသည့်ပစ္စည်းများကို (ရှာဖွေပုံစံ)8 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၃။)  တွင် ဖြည့်သွင်းပြီး ရဲထံမှထိုရှာဖွေပုံစံမိတ္တူ တစ်စောင်ကို ရယူခွင့်ရှိသည်။ ထိုရှာဖွေပုံစံကို တရားရုံးတော်တွင် သက်သေအဖြစ် တင်သွင်းနိုင်သည်။

 

ဖမ်းဆီးခြင်း

ရဲအရေးယူပိုင်ခွင့်မရှိသော စွပ်စွဲမှုများတွင် ဖမ်းဝရမ်း လိုအပ်သည်။ ရဲအရေးယူပိုင်ခွင့် 9 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄(၁)(စ)၊ ၄(၁)(ဎ)။)  ရှိသော အမှုများတွင် ဝရမ်း မလိုအပ်ပါ။ ဤနေရာတွင် ဥပမာကြည့်ပါ။

ဖမ်းဆီးခြင်းကို ခုခံခြင်းမရှိလျှင် ရဲအရာရှိမှ အင်အား အလွန်အကျွံသုံး၍ ဖမ်းဆီးခြင်းမပြုရ။10 (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆(၃)၊ ၅၀။)

လက်ထိပ်ခတ်ခြင်းနှင့် အလားတူချုပ်နှောင်ခြင်းများကို လိုအပ်မှသာ အသုံးပြုရပါမည်။ 11 (တရားရုံးများလက်စွဲအပိုဒ် ၃၉၇။)

အမျိုးသမီးအား ရှာဖွေစစ်ဆေးခြင်းကို အခြား အမျိုးသမီး တစ်ယောက်မှသာ ဆောင်ရွက် ရမည်။12 ( ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၂။)

ဘာမှမပြောဘဲ တိတ်ဆိတ်နေခွင့်

စွပ်စွဲခံရသူကို ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း၊ သို့မဟုတ် ဝန်ခံစေရန် ထိခိုက်အနာတရ ဖြစ်အောင် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ပြောလာစေရန် တစ်နည်းနည်းဖြင့် ဖိအားပေး၍ မရပါ။13 (ရာဇသတ်ကြီးပုဒ်မ ၃၃၀၊ ၃၃၁။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၃။)

တရားသူကြီးရှေ့မှောက်တွင် အလိုအလျောက် ကိုယ်တိုင် ဝန်ခံခြင်းသာလျှင် ရုံးတော်တွင် သက်သေအဖြစ် သုံးနိုင်သည်။14 (၁၈၇၂ သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ၂၄။)

ဖမ်းဆီးထိန်းသိမ်းခြင်း

စွပ်စွဲခံရသူကို ၂၄ နာရီအတွင်း တရားသူကြီး ရှေ့မှောက်သို့ ခေါ်ဆောင်လာရမည်။15 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၆။)

ကလေးများအနေဖြင့် (ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရချိန်တွင် အသက် ၁၈ နှစ် အောက်ဖြစ်လျှင်) စွပ်စွဲခံရသူလူကြီးအခွင့်အရေးများအပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကို ခံစားခွင့်ရှိသည်။,16 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀။) ကလေးလူငယ်တရားရုံးသို့ ချက်ချင်းလွှဲပြောင်းပေးရမည်။ 17 ( ၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၁၉။)

အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ခြင်းကို တားမြစ်ထားပါသည်။

ရဲအရေးယူပိုင်ခွင့်မရှိသောအမှုများတွင် ၂၄ နာရီထက်ကျော်ပြီး ထိန်းသိမ်းခွင့်မရှိပါ။

ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများတွင် စွပ်စွဲခံရသူကို တရားသူကြီးမှ လွှတ်ပေးပါရန် (တစ်နည်း) အချုပ်လွတ်ထုချေခွင့်ပြုပါရန် လျှောက်ထားခွင့်ရှိသည်။ (ရမန်ကြားနာခြင်း)18 (တရားရုံးများလက်စွဲအပိုဒ် ၄၀၃(၁)။) ရဲမှ အမှုစုံစမ်းနေစဉ် စွပ်စွဲခံရသူကို စွပ်စွဲခံရသည့် အမှုအမျိုးအစား/ပုဒ်မ ပေါ်မူတည်၍ ၁၅ ရက်မှ ၃၀ ရက်အထိ အချုပ်ချထားနိုင်သည်။ 19 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇၊ ၁၆၇(၂)။)

ရဲမှ ထိန်းသိမ်းထားစဉ်အတွင်း မညှာမတာပြုမှုဆောင်ရွက်ခြင်း

ထိန်းသိမ်းထားစဉ် အချုပ်ချထားခံရသူကို ရဲများမှ ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာမည့်ကိစ္စများကို ခွင့်ပြုထားခြင်း မှ တားမြစ်သည်။ 20 (၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဂ)။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄။ ရာဇသတ်ကြီးပုဒ်မ ၃၃၀၊ ၃၃၁။)

တရားဝင် စစ်ကြောမေးမြန်းနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်မှ အချုပ်ခံထားရသူအား ဝန်ခံစေရန် သို့မဟုတ် သတင်းအချက်အလက် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ထိခိုက်နာကျင်အောင် ပြုလုပ် ခြင်းသည် ရာဇဝတ်မှုပင်ဖြစ်သည်။21 (၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဂ)။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄။ ရာဇသတ်ကြီးပုဒ်မ ၃၃၀၊ ၃၃၁။)

အာမခံရယူခွင့်

စွပ်စွဲခံရသူသည် အာမခံလျှောက်ထားခွင့် နှင့် အာမခံ ကြားနာခွင့် ရှိသည်။22 (ရဲလက်စွဲအပိုဒ် ၁၇၈၅။) အာမခံပေးခွင့်ရှိသောအမှု နှင့် အာမခံပေးခွင့်မရှိသောအမှု ဟူ၍ရှိသည်။

အာမခံပေးနိုင်သောပြစ်မှု အာမခံမပေးနိုင်သောပြစ်မှု
ထောင်ဒဏ် ၃နှစ် သို့မဟုတ် ၃နှစ်ထက် နည်းသောပြစ်ဒဏ်ကို ချမှတ်နိုင်သော ပြစ်မှုများ။ ထောင်ဒဏ် ၃နှစ်နှင့်အထက် ပြစ်ဒဏ်ချမှတ်နိုင်သော ပြစ်မှုများ။
တရားသူကြီးသည် ခြွင်းချက်အနည်းငယ်မှလွဲ၍ အာမခံပေးနိုင်သည်။ တရားသူကြီးသည် ခြွင်းချက်အနည်းငယ်မှလွဲ၍ အာမခံပေးလေ့မရှိပါ။
နမူနာ ချွင်းချက် အမှု –  သေဒဏ်ချမှတ်နိုင်သည့် အမှုမျိုး။23 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆၊ ၄၉၇(၁)၊ ၄(၁)က။) နမူနာ ချွင်းချက် အမှု –  အာမခံမပေးနိုင်သောပြစ်မှု အတွက် စုံစမ်းစစ်ဆေးရာတွင် သက်သေမခိုင်လုံမှု။24(ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆။)

အာမခံပေးခွင့်ရှိသည့် အမှုဖြစ်စေ၊ အာမခံမရနိုင်သည့် အမှုမျိုးဖြစ်စေ၊ စွပ်စွဲခံရသူသည်

 

  1. အသက် ၁၆ နှစ်အောက် ဖြစ်လျှင်
  2. အမျိုးသမီး ဖြစ်လျှင်
  3. မကျန်းမာ သို့မဟုတ် ချည့်နဲ့ မသန်စွမ်းလျှင်25 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)။) အာမခံ ရပိုင်ခွင့်ရှိသည်။

 

အာမခံအတွက် ငွေကြေးပမာဏသည် အလွန်အမင်းမများရပါ။26 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၈(၂)။)

အာမခံစည်းကမ်းများကို မလိုက်နာပါက ပေးထားသည့် အာမခံကို ရုပ်သိမ်းနိုင်သည်။

အပြစ်မရှိဟုမှတ်ယူခံရပိုင်ခွင့်

စွဲချက်တင်ထားသော ပုဒ်မအားလုံးအတွက် ခိုင်လုံသော သက်သေမပြနိုင်သေးသည့်အချိန်ထိ စွပ်စွဲခံရသူကို အပြစ်မရှိသူဟု သတ်မှတ်နိုင်သည်။

ခုခံချေပနိုင်ခွင့်27 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉(ဂ)၊ ၃၇၅။)

စွပ်စွဲခံရသူသည် မိမိ စွဲဆိုခံထားရသည့် ပြစ်မှု/ ပုဒ်မ အကြောင်း သိခွင့်ရှိသည်။ 28 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၁၀။)

စွပ်စွဲခံရသူသည် မိမိအပေါ်စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားရုံးတော်တွင် တင်ပြသည့် မျက်မြင်သက်သေများနှင့် အခြားသော သက်သေများအပေါ်တွင် မေးခွန်း ထုတ်ပိုင်ခွင့် နှင့် စိန်ခေါ် စောဒကတက်ပိုင်ခွင့် ရှိသည်။29 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၈(၂)။)

စွပ်စွဲခံရသူသည် မိမိကိုယ်တိုင်အတွက်/မိမိအကျိုးအတွက်  သက်သေအထောက်အထားများ တင်ပြခွင့်ရှိသည်။30 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၉၈၊ ၂၉၀၊ ၃၄၂။)

စွပ်စွဲခံရသူကို မျက်မြင်သက်သေ31 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၁) (က)။) အဖြစ်   ထွက်ဆိုစေရန် မလိုအပ်သော်လည်း ရုံးတော်တွင် ကြားနာစဉ် အဆင့်တိုင်းတွင် ၎င်းကို တရားသူကြီးမှ မေးခွန်းထုတ်နိုင်သည်။ 32 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၂)။)

လုံလောက်သောအချိန်နှင့်အထောက်အပံ့

စွပ်စွဲချက်အား ထုချေနိုင်ရန် စွပ်စွဲခံရသူကို လုံလောက်သော ပြင်ဆင်ချိန်နှင့် ပံ့ပိုးမှုများ ပေးရမည်။33 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)၊ ၃၇၅။)

အမှုစစ်ဆေးရာ တရားခွင်အတွက် လိုအပ်သည့် စာရွက်စာတမ်းများနှင့် သက်သေများ အပြင် လိုအပ်ပါက ဘာသာပြန်ရရှိပိုင်ခွင့်34 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၁။) တို့ပါဝင်သည်။

မျှတပြီးဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှု

စွပ်စွဲခံရသူသည် မျှတပြီး ဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှုကို ရခွင့်ရှိသည်။35 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇။)

တရားရုံးဆုံးဖြတ်ချက်သည် ဥပဒေနှင့် အမှု၏ အချက်အလက်များ ပေါ်တွင်သာ အခြေခံရမည်ဖြစ်ပြီး အဂတိတရားများ နှင့်ဘက်လိုက်မှုများမှ ကင်းလွတ်ရမည်။36 (၂၀၁၇ မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။)

ကြားနာစစ်ဆေးမှုတိုင်းတွင် သဘာပတိအဖြစ် ဆုံးဖြတ်ဆောင်ရွက်ရမည့် တရားသူကြီး ရှိရမည်။37 (တရားရုံးများလက်စွဲ အပိုဒ် ၁၃။)

တရားစွဲဆိုရာတွင် ပါဝင်သည့် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ပြည်သူ့ဝန်ထမ်းတိုင်းသည် အမှုနှင့်ပတ်သက်နေသူ မည်သူ့မဆိုထံမှ လက်ဆောင်ရယူခြင်း သို့မဟုတ် အခြားအဖိုးတန်ပစ္စည်းတစ်ခုခု ရယူခြင်းများကို တားမြစ်သည်။38 (၂၀၁၇ မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။ (၂၀၁၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်))

တရားရုံးတွင် အမှုစစ်ဆေးခြင်းများကို လျင်မြန်စွာ ဆောင်ရွက်ပေးရန် အခွင့်အရေး

စွပ်စွဲခံရသူ၏ တရားစီရင်မှုကို အတတ်နိုင်ဆုံး မြန်မြန်နှင့် မျှတစွာ စစ်ဆေး စီရင်ပေးရမည်။ 39 (တရားရုံးများလက်စွဲ အပိုဒ် ၄၆၆၊ ၄၂။)

အမှုစစ်ဆေးစီရင်ရာတွင် မျှတခိုင်လုံသော အကြောင်းအရင်းမရှိဘဲ နှောင့်နှေးစေခြင်းကို တားမြစ်ထားသည်။40 (တရားရုံးများလက်စွဲ အပိုဒ် ၂၄၊ အပိုဒ် ၄၆၆။) တရားသူကြီးများကလည်း ရုံးချိန်းမကြာခဏ ရွှေ့ဆိုင်းခြင်းကို ရှောင်ကျဉ် သင့်သည်။  41 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၃၄၄(၁)။)

အများပြည်သူရှေ့တွင် တရားရုံးတင် စစ်ဆေးကြားနာခြင်း အခွင့်အရေး

ကလေးသူငယ်တရားရုံးများမှအပ တရားရုံးတွင် စစ်ဆေးချက်များကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်သည့် တရားခွင်/အခန်းတွင် စစ်ဆေး ရမည်။ 42 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ခ)။ (၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)

တရားရုံးအဆုံးအဖြတ် နှင့် အယူခံခြင်း

တရားရုံး၏ စီရင်ချက်/ ဆုံးဖြတ်ချက်ကို ပွင့်လင်းမြင်သာသည့် တရားခွင် (တရားရုံးအခန်း) ထဲတွင် ချမှတ်ရမည်။ 43 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၆(က)။)

တရားသူကြီးသည် ၄င်း၏ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ကို စာဖြင့်ရေးသားပြီး စီရင်ဆုံးဖြတ်ရသည့် အကျိုးအကြောင်းကိုလည်း ရှင်းလင်းစွာဖော်ပြရမည်။44 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၇(၁)။)

စွပ်စွဲခံရသူသည် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့် ရှိသည်။ 45 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၇၊ ၄၀၄။)

ကလေးများနှင့်ပြစ်မှုဆိုင်ရာတာဝန်ယူမှု 

 

၁၈ နှစ်အောက် ကလေးဟုသတ်မှတ်သည်
အသက် ၁၈ နှစ်အောက်ဟု ယူဆရလျှင်  ကလေးသူငယ်အခွင့်အရေးကို ခံစားခွင့်ရှိသည်။ အသက် ‌၁၈နှစ်ပြည့်ပြီးကြောင်း သက်သေအထောက်အထား မခိုင်လုံသရွေ့ ထိုအခွင့်အရေးရနိုင်သည်။46 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၇၉။) ကလေးတစ်ယောက်သည် စွပ်စွဲခံရသူလူကြီးများတွင်ရှိသည့် ခံစားခွင့်အပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ကလေးလူငယ်တရားရုံးတွင် တရားစီရင်ခွင့်ရရှိခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း (Diversion) ကဲ့သို့သော လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကိုလည်း ခံစားခွင့်ရှိသည်။47(၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(က)။)
၁၀ သို့မဟုတ် ၁၁
ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရချိန်တွင် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အပြည့်အဝ နားလည်နိုင်ရန် ကောင်းမွန်စွာ ရင့်ကျက်မှု မရှိသေးကြောင်း တရားသူကြီးမှထင်မြင်ပါက ပြစ်မှုဖြင့်စွဲဆိုခြင်းမပြုဟု ဆုံးဖြတ်နိုင်သည်။48 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၇၈(ခ)။)
၁၀နှစ်အောက် ကျူးလွန်သည့် မည့်သည့် ပြစ်မှုမျိုးမဆို တရားစွဲခြင်း မပြုရ။49 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၇၈(က)။)
ဖမ်းဆီးချုပ်နှောင်ခြင်း

ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် ပြစ်မှုကို ရဲအရာရှိမှ ကလေးနားလည်လွယ်အောင် ရှင်းပြရမည်။50 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ခ)။)

ဖမ်းဆီးချိန်တွင် ကလေးအားလက်ထိပ်ခတ်ခြင်းနှင့် အလားတူချုပ်နှောင်ခြင်းများ  မပြုလုပ်ရ။51 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဃ)။)

ဖမ်းဆီးချိန်တွင် ကလေးအား ရဲဝန်ထမ်းမှ ခြိမ်းခြောက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း မပြုရ။52 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဂ)။) မိဘ သို့မဟုတ် အုပ်ထိန်းသူကို ဖမ်းဆီးထားကြောင်း အကြောင်းကြားပေးရမည်။53 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဆ)။) ကလေးအား မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် ရှေ့နေ တို့ဖြင့် တွေ့ခွင့်ပေးရမည်။54 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဆ)။)

 

သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် အာမခံပေးခြင်း 

ကလေးသူငယ်များကို လူကြီးများနှင့်အတူ ချုပ်နှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း မလုပ်ရ။55 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(စ)။)
မိန်းကလေးများကို အမျိုးသမီးအစောင့်ကသာ စီမံထိန်းချုပ်ရမည်။56 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(စ)။)
ကလေးသူငယ်များကို ရဲအချုပ် နှင့် အကျဉ်းထောင်တွင် ချုပ်မိန့်မပေးရ။57 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(င)၊ ၈၃(င)။)
ဖြစ်နိုင်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ပြန်လည် အပ်နှံရမည်။58 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(ဂ)၊ (ဃ)။)
နောက်ဆုံးနည်းလမ်းအဖြစ် စောင့်ရှောက်ရေးဂေဟာ သို့လည်း ပို့ဆောင်နိုင်သည်။59 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(ဂ)၊ (ဃ)။)
ကလေးတစ်ဦးကို မည်သည့် ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသည် ဖြစ်စေ အာမခံပေးရမည်။60 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)။)

 

တရားရုံးတင်စစ်ဆေးခြင်း

အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း မပြုပါက သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံး လွှဲပြောင်းရမည်။61 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဈ)။)

ကလေးသူငယ်တရားရုံးသည် ကလေးသူငယ်ကို စစ်ဆေးရာတွင် လူကြီးတရားခွင် မဟုတ်သည့် သီးခြားတရားရုံး သို့မဟုတ် အဆောက်အအုံ တွင်ဖြစ်ရမည်။62 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)

ကလေးသူငယ်အမှုကို အမြန်ဆုံးကြားနာစစ်ဆေးရမည်။63 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(စ)။)

ကလေးသူငယ်တရားရုံးသည် ကလေးအတွက် မျှတပြီး အကောင်းဆုံးဖြစ်စေမည့် ဆုံးဖြတ်ချက်ကို ဦးစားပေး ရမည်။64 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(ဃ)။)

 

မိဘ သို့မဟုတ် သင့်လျော်သူတစ်ဦးဦးမှ ကလေးသူငယ်ကိုယ်စား ခုခံချေပရန် ထွက်ဆိုချက်များ၊ တင်သွင်းချက်များကို တရားရုံးမှခွင့်ပြုရမည်။65 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ဂ)။)

ကလေးသူငယ်ကို စစ်ဆေးသည့် တရားရုံးများ တရားခွင်များတွင် အများပြည်သူများ ဝင်ထွက်ခွင့် မရှိစေရ။  မိသားစုဝင်များ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် မျက်မြင်သက်သေ၊ တရားရုံးဝန်ထမ်းများကဲ့သို့သော အမှုနှင့် သက်ဆိုင်သူများကိုသာ ကလေးသူငယ်ဆိုင်ရာ တရားခွင်သို့ ဝင်ရောက်ခွင့်ပြုရမည်။ အခြားသူများ ဝင်ရောက်ခွင့်ကို တရားသူကြီးမှ ဆုံးဖြတ်ပေးရမည်။66 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)

ကလေးသူငယ်၏ ကောင်းကျိုးဖြစ်စေမည့် ရည်ရွယ်ချက်မှအပ အမှု၏ သတင်းအချက်အလက်များကို မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။67 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၅(ခ)။)

ပြစ်မှုကျူးလွန်ခြင်းခံရသောကလေးနှင့် သက်သေထွက်ဆိုသော ကလေး တို့အတွက် ဥပဒေအရ လွတ်လပ်လုံခြုံမှုအပါအဝင် ကာကွယ်စောင့်ရှောက်မှုပေးရမည်။68 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၉၆(က)မှ(င)။)

 

အမိန့်ချမှတ်ခြင်း

ပြစ်မှုထင်ရှားပါက တရားသူကြီးအနေဖြင့် ကလေး၏ ကောင်းကျိုးနှင့် အကျင့်စာရိတ္တ ပြောင်းလဲလာစေရန် ဦးတည်သော ပြစ်ဒဏ်ကိုသာ ချမှတ်ရမည်။69 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၇။)

အမိန့်ချမှတ်ရာတွင် ကလေး၏ အသက်၊ အကျင့်စာရိတ္တ၊ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပြင် အခြားသော အကြောင်းရာ များကိုလည်း အထူး ထည့်သွင်းစဉ်းစားရမည်။70 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၇(က)မှ(စ)။)

ကလေးသူငယ်တစ်ဦးကို သာမန်အားဖြင့် ထောင်ဒဏ်ချမှတ်ခြင်း မပြုရ။71 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(က)။)

ကလေးသူငယ်တရားရုံး ရည်ရွယ်ချက်မှာ ကလေး၏ အကျင့်စာရိတ္တကို ပြုပြင်ပေးရန် အတွက်သာ ဖြစ်ပြီး အပြစ်ပေးရန်အတွက် မဟုတ်ပါ။72 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(က)။ပြစ်ဒဏ်နှင့်ပတ်သက်သည်များကို (၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ဂ)၊ ၈၉ တွင်ကြည့်ပါ။)

 

အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း

အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရာတွင် အချက်အချို့ကို ထည့်သွင်းစဉ်းစားရမည်။ ပြစ်မှု၏သဘောသဘာဝ၊ အသက်၊ စိတ်ပိုင်းဆိုင်ရာဖွံဖြိုး ရင့်ကျက်မှု၊ ပြစ်မှုဟောင်းရှိမရှိ နှင့် ရပ်ရွာ၏ ဘေးကင်းလုံခြုံမှုအပေါ် သက်ရောက်မှု ရှိမရှိ စသည်တို့ပါဝင်သည်။73 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၃(ဎ)၊ ၇၁(က)(၁)မှ(၇)။)

 

အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရာတွင် သတိပေးဆုံးမခြင်း၊ ပြစ်မှုကျူးလွန်ခံရသူအတွက် နစ်နာကြေးပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင်ပါဝင်စေခြင်း စသည့်  ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်သော လုပ်ဆောင်ချက်များ ပါဝင်နိုင်သည်။74 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၇၅(ခ)(၁)မှ(၉)။)

ကလေးမိဘများ၏ အုပ်ထိန်းခွင့်ကို ပယ်ဖျက်ကာ ယာယီစောင့်ရှောက်ရေးဂေဟာ နှင့် ပရဟိတဂေဟာ များတွင် ထားရှိခြင်းဖြင့် ကလေးအတွက် အဆင်ပြေဆုံး အခြေအနေဖြစ်ပါကလည်း ဤနည်းလမ်းကို ဆောင်ရွက်နိုင်သည်။75 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၇၅(ခ)(၇)။)

အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း မပြုလျှင် ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံး ပို့ဆောင်ရမည်။76 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဈ)။)

 

အကျဉ်းထောင်ရှိ ကလေးများ

လူကြီးအကျဉ်းသားများနှင့် သီးသန့်ထားရှိရမည်။ ပုံမှန်ဆေးစစ်ပေးခြင်း၊ ပုံမှန် ဧည့်တွေ့လက်ခံခွင့်ရရှိခြင်း နှင့် ပညာရေးနှင့်ဆိုင်သည့် အခွင့်အရေးများ ထောက်ပံ့ပေးခြင်း တို့ကိုရပိုင်ခွင့်ရှိသည်။77 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(က)၊(ဂ)၊(စ)၊(ဆ)။)

အလုပ်ကြမ်းခိုင်းစေခြင်း သို့မဟုတ် အကျဉ်းဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ထိန်းချုပ်စခန်းများသို့ ပေးပို့ခြင်းမပြုရ။78 (၂၀၁၉ ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(င)။)

ရပိုင်ခွင့်များ နှင့် အကန့်အသတ်များ

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ၏ ရည်ရွယ်ချက်သည် ပြစ်မှုတစ်ခုတွင် စွပ်စွဲခံရသူ သို့မဟုတ် ပြစ်ဒဏ်ချခံရသူ အတွက် ဥပဒေအကူအညီများ ရရှိစေရန်ဖြစ်သည်။79 (၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် (၂၀၂၁) ပုဒ်မ ၄။)

ဥပဒေဆိုင်ရာ အထောက်အကူဆိုသည်မှာ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူအား ရှေ့နေဌားရမ်းပေးခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ အကြံပေးခြင်း နှင့် အကူအညီပေးခြင်း တို့ဖြစ်သည်။80 (၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် (၂၀၂၁/၁၇၅) ပုဒ်မ ၂(က)။)

ဥပဒေအထောက်အကူ ရရှိခွင့်ရှိသူသည် မြန်မာလူမျိုးဖြစ်ရမည်။ ဒုက္ခသည်များ၊ နိုင်ငံခြားသားများ နှင့် ရွှေ့ပြောင်းနေထိုင်သူများ ရခွင့်မရှိပါ။81 (၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် (၂၀၂၁/၁၇၅) ပုဒ်မ ၂(ခ)။)

စွပ်စွဲခံရသူသည် တရားရုံး၌ အမှုစစ်ဆေးစဉ်နှင့် ပြစ်ဒဏ်ချမှတ်ပြီးချိန်တွင် ဥပဒေအထောက်အကူ ရပိုင်ခွင့်ရှိသည်။ ရဲမှ ထိန်းသိမ်းခံရစဉ် သို့မဟုတ် ဖမ်းဆီးခံရပြီးချိန် တွင် ဥပဒေအကူအညီ ရပိုင်ခွင့်မရှိပါ။82 (၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် (၂၀၂၁/၁၇၅) ပုဒ်မ ၂(ခ)။)

ဥပဒေအထောက်အကူပေးသူများအနေဖြင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲရှိပါက ဘာသာပြန် အကူအညီပေးရမည်။83 (၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် (၂၀၂၁/၁၇၅) ပုဒ်မ ၂၇(က)။)

  • (၂၀၁၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်)
  • ၂၀၁၉ ကလေးသူငယ်ဥပဒေ။
  • ၂၀၁၇ မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်
  • (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ
  • တရားရုံးများလက်စွဲ
  • ရာဇဝတ်ကျင့်ထုံးဥပဒေ
  • ၁၈၇၂ သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်)
  • ၂၀၁၅ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ (၂၀၁၇၊ ၂၀၂၁ ပြင်ဆင်ချက်)
  • ၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်)
  • ရာဇသတ်ကြီး ဥပဒေပြင်ဆင်ချက် (၂၀၁၉ နှင့် ၂၀၂၁)
  • ရဲလက်စွဲအပိုဒ်
  • အကျဉ်းထောင်များ အက်ဥပဒေ
  • (၂၀၁၀) ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ
  • ၂၀၁၀ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ (၂၀၁၃ ပြင်ဆင်ချက်)