Main Menu Language
Menu
  • မူလစာမျက်နှာ
  • Open submenu (ရပိုင်ခွင့်)ရပိုင်ခွင့်
  • Open submenu (အကူအညီ)အကူအညီ
  • ရင်းမြစ်များ
  • Open submenu (အခြား)အခြား
Close submenuရပိုင်ခွင့်
Close submenuအကူအညီ
Close submenuအခြား
Menu
  • 4Open submenu (MM)my_MMMM
Close submenuMM
  • en_USEN
  • en_GBSHAN
  • jaMON
  • thKAYIN
Lann Pya
0
Home
  • မူလစာမျက်နှာ
  • ရပိုင်ခွင့်
  • အကူအညီ
  • ရင်းမြစ်များ
  • အခြား
  • my_MMMM
    • en_USEN
    • en_GBSHAN
    • jaMON
    • thKAYIN
  1. Home /
  2. Page
Previous page
  • မိတ်ဆက်
  • ရှေ့နေများကို ရှာဖွေခြင်း
  • ရှေ့နေတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများ
  • ရှေ့နေနှင့်တွေ့ဆုံခြင်း
  • ရှေ့နေနှင့်ကြုံတွေ့ရနိုင်သော အခက်အခဲများ

မိတ်ဆက်

ရှေ့နေဆိုတာဘာလဲ?

  • ရှေ့နေဆိုသည်မှာ သင့်အား ဥပဒေနှင့်သက်ဆိုင်သောကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ဥပဒေ ဆိုင်ရာလုပ်ငန်းစဉ်များကို လမ်းညွှန်ပေးနိုင်သော အရည်အချင်းရှိသည့် ကျွမ်းကျင်ပုဂ္ဂိုလ်ဖြစ်ပါသည်။
  • ဥပဒေရေးရာ စာရွက်စာတမ်းများရေးဆွဲပြင်ဆင်ခြင်း၊ အမှုအခင်းများရင်ဆိုင်ခြင်းအစရှိသည့် ဥပဒေနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် ကိုယ်စားပြုဆောင်ရွက်ပေးနိုင်ပါသည်။
  • ရှေ့နေများသည် ပွဲစားအဖြစ် ဆောင်ရွက်လိမ့်မည်မဟုတ်ပါ။ ထို့အပြင်လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းများတွင် ဥပဒေနှင့်ဆန့်ကျင်သော မသမာသည့်နည်းလမ်းများကိုဆောင်ရွက်သည့် ရှေ့နေသည် ၎င်း၏ ရှေ့နေ လိုင်စင် ရုပ်သိမ်းခံရနိုင်သည့်အပြင် မလျော်ကန်သည့်အပြုအမူများကြောင့် ရာဇဝတ်ကြောင်းဖြင့်ပင် တရားစွဲဆိုခံရနိုင် ပါသည်။
  • မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရှေ့နေအမျိုးအစား နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာအထက်တန်းရှေ့နေနှင့် တရားလွှတ်တော် ရှေ့နေတို့ ဖြစ်ပါသည်။ ပိုမိုလေ့လာနိုင်ရန်အတွက် မေးခွန်းနံပါတ် ၃ တရားလွှတ်တော်ရှေ့နေနှင့်အထက်တန်းရှေ့နေ မည်သို့ကွာခြားပါသလဲ? ကိုကြည့်ပါ။

ရှေ့နေအစား လမ်းပြအက်ပလီကေးရှင်းကို သုံးလို့ရပါသလား?

  • ယခုအက်ပလီကေးရှင်းသည် ဥပဒေနှင့်ဆိုင်သော ယေဘူယျသတင်းအချက်အလက်များကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ တာဝန်များသည် အမှုဖြစ်စဉ်အမျိုးအစား၊ ပကတိသီးခြား ပေါ်ပေါက် နေသော အချက်အလက်၊ အခြေအနေများပေါ်မူတည်၍ ကွဲပြားသွားနိုင်ပါသည်။
  • ယခုအက်ပလီကေးရှင်းသည် ရှေ့နေများကို အစားမထိုးပါ။ ယခုအက်ပလီကေးရှင်းသည် အသုံးပြုများကို အကောင်းဆုံး ရွေးချယ်မှုကိုလည်းကောင်း၊ ဖြစ်နိုင်ချေရှိသောရလဒ်များကိုလည်းကောင်း ပေးလိမ့်မည် မဟုတ်သကဲ့သို့ ပေးနိုင်စွမ်း လဲမရှိပါ။
  • ရှေ့နေတစ်ဦးအနေဖြင့်မိမိအမှုသည်၏အမှုဖြစ်စဉ်တွင် သီးခြားပေါ်ပေါက်လျှက်ရှိသော အချက်အလက်မူတည်ပြီး ဥပဒေကို အသုံးပြုနိုင်သကဲ့သို့ အကောင်းဆုံးလုပ်ဆောင်နိုင်သည့် အချက်များနှင့် ဖြစ်နိုင်ချေရှိသော ရလဒ်ကို အကြံပေးနိုင်မည်ဖြစ်ပါသည်။ သင့်အနေဖြင့် အရည်အချင်းပြည့်မီသော ရှေ့နေထံမှသာ ဥပဒေအကြံဉာဏ် ရယူ သင့်ပါသည်။
  • တရားရုံးအမှုအခင်းများတွင် သင့်အတွက် တိုက်ရိုက်ကိုယ်စားပြုဆောင်ရွက်ပေးနိုင်ရန် ရှေ့နေလိုမည်ဖြစ်ပါသည်။

တရားလွှတ်တော်ရှေ့နေနှင့်အထက်တန်းရှေ့နေ မည်သို့ကွာခြားပါသလဲ?

  • မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရှေ့နေအမျိုးအစား နှစ်မျိုးရှိပါသည်။
  • အထက်တန်းရှေ့နေဆိုသည်မှာ မြို့နယ်နှင့်ခရိုင်အဆင့်တရားရုံးများတွင်သာ လိုက်ပါဆောင်ရွက်ခွင့်ရှိသော ရှေ့နေများ ဖြစ်ပြီး ရှေ့နေလိုက်သူများအက်ဥပဒေ (၁၈၇၉) ကို လိုက်နာရသူများဖြစ်ပါသည်။
  • တရားလွှတ်တော်ရှေ့နေ ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်အားလုံးတွင် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ(၁၉၂၆)ကို လိုက်နာရသူများ ဖြစ်ပါသည်။ ထို့အပြင် ရှေနေလိုက်သူများအက်ဥပဒေပါပြဌာန်းချက်များသည်လည်း တရားလွှတ်တော်ရှေ့နေများ အပေါ် သက်ရောက်မှုရှိပါသည်။

ရှေ့နေတွေက ကျွန်တော့်အခက်အခဲကိုကူညီနိုင်ပါ့မလား?

  • ရှေ့နေမှ သင့်အား သင်၏ရပိုင်ခွင့်အခွင့်အရေး၊ သင့်အခြေအနေနှင့်သက်ဆိုင်သော ဥပဒေများကို နားလည် သဘောပေါက် အောင် ကူညီပေးနိုင်ပါသည်။
  • ရှေ့နေမှ သင့်အား ဥပဒေကြောင်းအရ ရွေးချယ်ဆောင်ရွက်နိုင်မှုများ၊ ယင်းသို့ဆောင်ရွက်ခြင်းမှ ရရှိလာနိုင်သော အကျိုးရလဒ်များကို အကြံပေးနိုင်ပါသည်။
  • သင်ကိုယ်တိုင် သင့်အပေါ်စွဲဆိုထားသောပြစ်မှုကို ကျူးလွန်ထားမိသည်ဟု ယုံကြည်ပြီး အပြစ်ရှိကြောင်းဝန်ခံလိုသည့် အခြေအနေမျိုးတွင်ပင်လျှင် ရှေ့နေရှေ့ရပ်ငှားရမ်းသင့်ပါသည်။ သို့မှသာ ယင်းသို့ အပြစ်ရှိကြောင်း ဝန်ခံလိုက်သည့် လုပ်ငန်းစဉ်တလျှောက်လုံးတွင်လည်းကောင်း၊ သို့မဟုတ် အမှုရင်ဆိုင်နေရစဉ် ကာလတလျှောက်တွင်လည်းကောင်း သင့်အခွင့်အရေးများကို တလေးတစားရှိစေအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

ပါရာလီဂယ် (paralegal) ဥပဒေအထောက်အကူပေးသူ ဆိုတာဘယ်သူလဲ?

  • ပါရာလီဂယ်ဆိုသည်မှာ အားပေးကူညီပံ့ပိုးပေးခြင်း၊ ညှိနှိုင်းဖြန်ဖြေဆောင်ရွက်ပေးခြင်း အစရှိသည့် ကျွမ်းကျင်မှုများနှင့် ပတ်သတ်ပြီး သင်တန်းပေးခြင်းခံထားရသူများဖြစ်ပါသည်။ သို့သော် ၎င်းတို့သည် ရှေ့နေများ မဟုတ်ကြပါ။
  • ပါရာလီဂယ်များမှ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ရရှိနိုင်သောကုစားမှုများနှင့်ပတ်သတ်သော သတင်းအချက် အလက်များကို ပေးနိုင်ပါသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နယ်ခံအဖွဲ့အစည်းများတွင်လည်း သင့်ကိုယ်စား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ပါသည်။
  • ပါရာလီဂယ်များမှ အရည်အချင်းပြည့်မီသော ရှေ့နေများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ပါသည်။ သို့သော် ၎င်းတို့သည် မည်သည့်ကိစ္စရပ်တွင်မဆို ရှေ့နေများကို အစားထိုးနိုင်ခြင်းမရှိပါ။ ဥပမာ- သင့်အား ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးခြင်းများကို အရည်အချင်းပြည့်မီသော ရှေ့နေများကိုသာ ဆောင်ရွက်စေသင့် ပါသည်။

ပြစ်မှု၊ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတဲ့အခါ ရှေ့နေငှားရမ်းခွင့်ဆိုတာ ဘယ်လိုအခွင့်အရေးတွေလဲ?

  • ရာဇဝတ်မှုတိုင်းတွင် စွပ်စွဲခံရသူတိုင်းတွင် ရှေ့နေဖြင့် ခုခံချေပိုင်ခွင့်ရှိပါသည်။
  • ရှေ့နေဌားရမ်းခွင့်တွင်စတင်ဖမ်းဆီးပြီးနောက် ၂၄နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်ပါ ပါဝင်သည်။
  • အကယ်၍ စွပ်စွဲခံထားရသောအမှုသည် သေဒဏ်ထိုက်သင့်သော ပြစ်မှုမျိုးဖြစ်ပါက စွပ်စွဲခံရသူအတွက် ရှေ့နေ တစ်ဦးကို နိုင်ငံတော်မှ အခမဲ့ငှားရမ်းပေးရမည်ဖြစ်ပါသည်။

ရှေ့နေများကို ရှာဖွေခြင်း

ရှေ့နေတွေကို ဘယ်လိုရှာရမလဲ?

ရှေ့နေလမ်းညွှန်သို့သွားရန် ဤနေရာ ကိုနှိပ်ပါ။

ဘယ်အချိန်မှာရှေ့နေငှားရမလဲ?

  • သင့်အနေဖြင့် တတ်နိုင်သမျှ အစောလျှင်ဆုံး ရှေ့နေငှားရမ်းသင့်ပါသည်။
  • ရာဇဝတ်မှုများတွင် သင့်အနေဖြင့် ဖမ်းဆီးခံသည့် အချိန်မှစ၍ ရှေ့နေငှားရမ်း ခုခံချေပပိုင်ခွင့်ရှိပါသည်။
  • ဥပဒေအကျိုးဆောင်ပေးခြင်းကို စောလျင်သမျှ စောလျှင်စွာ ရရှိခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရှိပါသည်။ အထူးသဖြင့် ရာဇဝတ်မှုများတွင် စောလျှင်စွာ ဥပဒေအကူအညီရရှိခြင်းအားဖြင့် သင့်အပေါ်တွင်စွဲဆိုထားသော စွဲဆိုချက်များကို ရုပ်သိမ်းပေးခြင်း၊ အာမခံဖြင့် လွတ်မြောက်ခွင့်ရခြင်း၊ အစရှိသည်တို့အပြင် ရဲများ၏ မလျော်ကန်သော အပြုအမူများမှလည်း အကာအကွယ်ရရှိနိုင်ပါသည်။

ကျွန်တော်နဲ့အတူ ပူးတွဲစွပ်စွဲခံရတဲ့သူနဲ့ ရှေ့နေအတူတူငှားသင့်ပါသလား?

  • အကယ်၍ အမှုတစ်ခုတွင် စွပ်စွဲခံရသူတစ်ဦးထက် ပိုမိုပါဝင်ပါက စွပ်စွဲခံရသူတစ်ဦးလျှင် သီးခြားရှေ့နေတစ်ဦးစီဖြင့် ခုခံချေပသင့်ပါသည်။
  • အစကနဦးတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းမရှိဟု ထင်ရသော်လည်း နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်ပါသည်။ ဥပမာ- စွပ်စွဲခံရသူတစ်ဦးအတွက် ဝန်ခံလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည့် အခြေအနေတွင် အခြားပူးတွဲ စွပ်စွဲခံရသူအတွက် အမှုကိုဆက်လက်ရင်ဆိုင်ခြင်းသည် အကောင်းဆုံးဖြစ်နေနိုင်ပါသည်။

ရှေ့နေတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများ

ရှေ့နေတစ်ဦးရဲ့ တာဝန်နှင့်ဝတ္တရားက ဘာတွေလဲ?

  • သင့်၏ရှေ့နေအနေဖြင့် သင့်၏ အကျိုးစီးပွားကို တတ်စွမ်းသမျှ၊ ဖြစ်နိုင်သမျှ အကျိုးဆောင်ရွက်ပေးရမည် ဖြစ်သည့် အပြင် ယင်းသို့ဆောင်ရွက်ရာတွင် ရှေ့နေကျင့်ဝတ်သိက္ခာကိုသာမက ဥပဒေအရ တာဝန်ဝတ္တရားများကိုလည်း လိုက်နာ စောင့်ထိမ်းရပါမည်။
  • ရှေ့နေများသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူကိုလည်းကောင်း တရားရုံးတော်သို့ လိမ်လည်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အထင်အမြင်မှားအောင်ပြလုပ်ခြင်းများ မပြုရပါ။
  • ရှေ့နေများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုအပါအဝင် အခြားသောအကျင့်ပျက်ခြစားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရပါ။
  • ရှေ့နေများ၏ မလျော်ကန်သောအပြုအမူများနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက မေးခွန်းနံပါတ် ၁၈ ကျွန်တော့်ရှေ့နေကို တိုင်ကြားလို့ရပါသလား? တွင်ကြည့်ပါ။
  • ရှေ့နေတစ်ဦးအနေဖြင့် အမှုတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သက်ဆိုင်သောဥပဒေများကို လေ့လာထားရန် လိုအပ်ပါသည်။
  • ရှေ့နေတစ်ဦးအနေဖြင့် အမှုတွင်ဖြစ်ပေါ်နေသော အချက်အလက်ပေါ်မူတည်ပြီး ဥပဒေများကို လက်တွေ့ အသုံးချရန် လိုအပ်သကဲ့သို့ အမှုသည်အား အကောင်းဆုံးဖြစ်မည့် ဆောင်ရွက်ချက်နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော ရလဒ်များကို အကြံပေးရန် တာဝန်ရှိပါသည်။
  • ကလေးသူငယ်များအတွက် လိုက်ပါဆောင်ရွက်ပေးရသည့်အခါ၊ ရှေ့နေအနေဖြင့် ထိုကလေးငယ်နားလည် နိုင်မည့် စကားလုံးအသုံးအနှုန်း၊ သဘောတရားများဖြင့် ဥပဒေဆိုင်ရာအခြေအနေများကို အချိန်ယူရှင်းပြပေးသင့် ပါသည်။
  • တရားရုံးတွင် အမှုရင်ဆိုင်သည့်အခါ သက်သေခံအထောက်အထားများကို တင်သွင်းခြင်းနှင့် စစ်ဆေးခြင်း၊ အမှုသည် အတွက် သက်သေများကို တင်သွင်းစစ်ဆေးပေးခြင်း၊ တဘက်မှတင်သွင်းလာသော မျက်မြင်သက်သေများကို ပြန်လှန် မေးခွန်းထုတ် စစ်မေးခြင်း၊ လိုအပ်ပါက ကန့်ကွက်မှုများပြုလုပ်ပေးခြင်းတို့ကို ရှေ့နေမှဆောင်ရွက်ပေးပါလိမ့်မည်။
  • ကြားနာစစ်ဆေးမှုတိုင်းတွင် ရှေ့နေရှိနေရန်လိုအပ်ပြီး၊ လိုအပ်သော တရားရုံးစာရွက်စာတမ်းများကို ရရှိအောင်နှင့် အမှုသည်အတွက် မိတ္တူရရှိအောင် ဆောင်ရွက်ပေးရပါမည်။
  • ရှေ့နေတစ်ဦးအနေဖြင့် အထောက်အထားများကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာ အခင်းဖြစ်နေရာများသို့ သွားရောက် လေ့လာခြင်း၊ မျက်မြင်သက်သေများကို သွားရောက်တွေ့ဆုံခြင်းများ၊ စသည့်လိုအပ်သည့် စုံစမ်းမှုများကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။
  • ရှေ့နေများတွင် အမှုသည်ကိုပြန်လည်အကြောင်းကြားပေးရန်နှင့် အမှု၏ အခြေအနေတိုးတက်ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး နောက်ဆုံးရောက်ရှိနေသော အခြေအနေကို ပြောပြပေးရန် တာဝန်ရှိသည်။
  • ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်နှင့်အမှု၏အချက်အလက်များ၊ အမှုသည်နှင့်ပြောဆိုဆက်ဆံမှုများကို မပေါက်ကြား အောင်၊ လုံခြုံစိတ်ချရအောင် ထိန်းသိမ်းပေးရန် တာဝန်ရှိပါသည်။ မေးခွန်းအမှတ် ၁၁း ရှေ့နေမှ သတင်းအချက် အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ဆိုတာဘာလဲ? ကိုကြည့်ပါ။

ရှေ့နေမှ သတင်းအချက်အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရမည့်တာဝန် ဆိုတာ ဘာလဲ?

  • ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်နှင့်ပတ်သက်သော အချက်အလက်များကို မပေါက်ကြားရလေအောင် အမှုနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လုံခြုံအောင်သိမ်းဆည်းထားခြင်း၊ အမှုသည်နှင့်ရှေ့နေ နှစ်ကိုယ်ကြား ပြောဆိုဆက်သွယ်မှုများကို ထုတ်မပြောခြင်း၊ အစရှိသဖြင့် လုံခြုံအောင်ထိမ်းသိမ်းထားရန် တာဝန်ရှိပါသည်။
  • ရှေ့နေမှ အမှုသည်တစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေစဉ်ကာလအတွင်း လျှို့ဝှက်စွာထိန်းသိမ်းထားရမည့် ဆက်သွယ်ပြောဆိုမှုများကို ထိုရှေ့နေမှ ထုတ်ဖော်ပြောကြားလာအောင် အတင်းအကြပ်ပြုလုပ်ခွင့်မရှိပါ။
  • ယင်း မူသဘောတရားတွင် ချွင်းချက်အနည်းငယ်သာရှိပါသည်။ ၎င်းတို့မှာ
  • သင့်အနေဖြင့် ဥပဒေနှင့်ဆန့်ကျင်သော ပြုလုပ်မှုများ ကိုကျူးလွန်မည်ဖြစ်ကြောင်း ပြောဆိုချက်များကို အကာ အကွယ် ပေးမထားပါ။
  • ရှေ့နေငှားရမ်းပြီးနောက်မှ ကျူးလွန်လိုက်သောပြစ်မှုနှင့်ပတ်သက်ပြီး ထိုကျူးလွန်လိုက်သော ပြစ်မှုအသစ် အတွက် သက်ဆိုင်ရာအာဏာပိုင်များသို့ တိုင်ကြားရန် ရှေ့နေတွင်တာဝန်ရှိပါသည်။
  • အကယ်၍ သင့်အနေဖြင့် ရှေ့နေအားလျှို့ဝှက်လုံခြုံအောင်ထိန်းသိမ်းပေးထားရမည်ဟူသော စည်းကမ်းချက်ကို စာဖြင့်ရေးသားတရားဝင်စွန့်လွှတ်လိုက်ခြင်းသည်လည်း ချွင်းချက် ဖြစ်ပါသည်။
  • သင့်အနေဖြင့် အမှုကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသောအခါ ရှေ့နေအပြင် အခြားသူများပါကြားသိနိုင်သည့် အခြေအနေ မျိုးတွင် အထူးသတိပြုပါ။
  • လျှို့ဝှက်လုံခြုံစွာဆက်သွယ်ပြောဆိုခွင့်သည် ရှေ့နေနှင့်အမှုသည်တို့ အကျဉ်းထောင်အတွင်း ပြောဆိုခြင်းအထိ အကျုံးဝင်ပါသည်။
  • ထို့အတူ စကားပြန်ဖြင့်လည်းကောင်း၊ သင့်ရှေ့နေမှ သင့်အမှုအတွက်လိုက်ပါဆောင်ရွက်ပေးရန် ခန့်အပ်ထားသော ဝန်ထမ်းရှေ့မှောက်တွင်လည်းကောင်း ပြောဆိုခြင်းများသည်လည်း လျှို့ဝှက်လုံခြုံအောင်ထားရှိပေးရမည့် သတင်းအချက် အလက်များဖြစ်ပြီး ယင်းအချက်အလက်များကို ဥပဒေမှ အကာအကွယ်ပေးထားပါသည်။
  • ဖြစ်နိုင်ပါက ရှေ့နေနှင့်တစုံတရာဆက်သွယ်ပြောကြားခြင်းမပြုမီ သင့်ရှေ့နေအား ယခုဆက်သွယ် ပြောကြားမှု များကို အခြားသူများမသိအောင် လျှို့ဝှက်ထိန်းသိမ်းထားရှိပေးစေလိုကြောင်း ဦးစွာအတည်ပြု အသိပေးသင့်ပါသည်။

အကျိုးစီးပွား ပဋိပက္ခဖြစ်ခြင်း ဆိုတာ ဘာလဲ?

  • ရှေ့နေတစ်ဦးသည် အချင်းဖြစ်ပွားနေသော အမှုသည်နှစ်ဘက်လုံးအတွက် အမှုလိုက်ပါဆောင်ရွက်ပေးသည့်အခါ အကျိုးစီးပွားပဋိပက္ခ ပေါ်ပေါက်လာပြီး ယင်းသို့ ဆောင်ရွက်ပေးခြင်းကို တားမြစ်ထားပါသည်။
  • ရှေ့နေတစ်ဦးအနေဖြင့် ၎င်းကိုငှားရမ်းထားသော အမှုသည်ထံမှသာ ညွှန်ကြားချက်ကို ရယူရမည်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက တားမြစ်ထားခြင်းမရှိသော်လဲ စွပ်စွဲခံရသူအများအပြားပါဝင်နေသော အမှုများတွင် ရှေ့နေတစ်ဦးသည် စွပ်စွဲခံရသူ တစ်ဦးတည်းအတွက်ကိုသာ လိုက်ပါဆောင်ရွက်ပေးသင့်ပါသည်။
  • အစကနဦးတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းမရှိဟု ထင်ရသော်လည်း နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်ပါသည်။ ဥပမာ- စွပ်စွဲခံရသူတစ်ဦးအတွက် ဝန်ခံလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည့် အခြေအနေတွင် အခြားပူးတွဲ စွပ်စွဲခံရသူအတွက် အမှုကိုဆက်လက်ရင်ဆိုင်ခြင်းသည် အကောင်းဆုံးဖြစ်နေနိုင်ပါသည်။

ရှေ့နေနှင့်တွေ့ဆုံခြင်း

ရှေ့နေထံမှ ဘာတွေကိုမျှော်လင့်နိုင်သလဲ?

  • အကယ်၍ ရှေ့နေမှ သင့်အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသည်ကို သဘောတူပါက ရှေ့နေမှ သင့်အား ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို လက်မှတ်ထိုးစေမည်ဖြစ်သည်။ ယင်းစာသည် သင်(အမှုသည်)နှင့် ရှေ့နေအကြား ရေးသား ထားသော ကတိပဋိဉာဉ်ပင်ဖြစ်သည်။ ထို့နောက်အဆိုပါ ရှေ့နေကိုယ်စားလှယ်လွှဲစားကို သက်ဆိုင်ရာတရားရုံးသို့ တင်သွင်းမည်ဖြစ်ပါသည်။
  • ရှေ့နေမှ အောက်ပါတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားလိမ့်မည် ဖြစ်ပါသည်။
  • အမှုသည်မှာ ဆက်သွယ်လာပါက ပြန်လည်အကြောင်းကြားပေးခြင်း၊ အမှု၏တိုးတက်ဖြစ်ထွန်းမှုနှင့် နောက်ဆုံး ရောက်ရှိနေသော အခြေအနေများကို ပြောပြခြင်း
  • လာမည့်ရုံးချိန်းအတွက်ကြိုတင်ပြင်ဆင်ခြင်းနှင့် ရုံးချိန်းပြီးနောက် ရှေ့ဆက်ဖြစ်ပေါ်လာမည့်အရာများကို ရှင်းပြခြင်း
  • အမှုတွဲအပါအဝင် သင့်အမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ရယူခြင်း
  • တရားရုံးအမိန့်များ၊ ရှေ့နေကိုယ်စားလှယ်လွှဲစာများအပါအဝင ်အမှုနှင့်သက်ဆိုင်သောစာရွက်စာတမ်း အထောက် အထားများ၊ လုံခြုံစိတ်ချရသောနေရာတွင် သိမ်းဆည်းထားရှိခြင်း တို့ဖြစ်ပါသည်။
  • အကယ်၍သင်သည် ရဲအချုပ်တွင်ရောက်ရှိနေပါက၊ သင့်ရှေ့နေအနေဖြင့် ဖြစ်နိုင်ချေရှိသမျှ သင်လတ်တလော လွတ်မြောက်ရေးအတွက်ကို အရေးဆိုပေးမည်ဖြစ်ပါသည်။
  • ရှေ့နေတစ်ယောက်၏ ဝတ္တရားမှာ ၎င်း၏အမှုသည်ဖြစ်သူ သင့် ရွေးချယ်ဆုံးဖြတ်မှုများ ပြုလုပ်ရာတွင် အချက်အလက် ပြည့်စုံမှန်ကန်စွာရှိရေးအတွက် ကူညီပေးရန်ဖြစ်ပါသည်။ ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်ဗဟိုပြု ဆောင်ရွက် သင့်ပြီး သင့်ထံမှသာ ညွှန်ကြားချက်များကို ရယူရမည်ဖြစ်ပါသည်။
  • သို့သော် အချို့သော သင့်ညွှန်ကြားချက်များကို အဘယ်ကြောင့် ဆောင်ရွက်လိမ့်မည် သို့မဟုတ် ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်းရှင်းပြရန် လိုအပ်ပါသည်။ ဥပမာ- ယင်းညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်အတွက် ဥပဒေ လမ်းကြောင်းမရှိခြင်း၊ သို့မဟုတ် ယင်းညွှန်ကြားချက်သည် ဥပဒေနှင့်ဆန့်ကျင်နေခြင်း။

ရှေ့နေနဲ့တွေ့ဆုံဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲ?

  • သင် သို့မဟုတ် သင့်ကိုယ်စားဆောင်ရွက်ပေးသူအနေဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားစာရွက်စာတမ်း များကို ရှေ့နေအားပေးနိုင်ရန် စုဆောင်းထားသင့်ပါသည်။
  • ရှေ့နေနှင့်တွေ့ဆုံသည့်အခါ သင်သိလိုသော (သို့မဟုတ် ဖြေရှင်းလိုသော) မေးခွန်းများ၊ စိုးရိမ်မိသော အချက်များကို ပြင်ဆင်ထားသင့်ပါသည်။
  • အသင့် အရေးကိစ္စအခြေအနေများကို ရိုးရိုးသားသား၊ ရှင်းရှင်းလင်းလင်း၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်ရန် အတွက် ပြင်ဆင်ထားသင့်ပါသည်။

ရှေ့နေကို ဘာတွေပြောသင့်သလဲ?

  • သင်၏ ရပိုင်ခွင့်အခွင့်အရေး၊ တာဝန်ဝတ္တရားများကိုသာမက သင့်တွင် ဥပဒေအရ ဆောင်ရွက်ခွင့်ရှိသော အရာများ ကိုပါ ရှေ့နေအား မေးမြန်းသင့်ပါသည်။
  • သင်ဆုံးဖြတ်ချက် ချမှတ်ရာတွင် အချက်အလက်ပြည့်စုံစွာ ရရှိစေရန်အတွက် သင်လက်တွေ့ရွေးချယ် ဆောင်ရွက်မည် ဖြစ်သောအရာများကို ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူး၊အန္တရယ်များနှင့် ပတ်သက်ပြီး သင့်ရှေ့နေ၏ ဥပဒေဆိုင်ရာ ထင်မြင်ချက်ကို ရှင်းပြစေပါ။
  • သင့်အမှုတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်း ရှိမရှိ သင့်ရှေ့နေကို မေးမြန်းသင့်ပါသည်။ ယင်းတွင် သင့်ရှေ့နေသည် သင့်အမှုနှင့်သက်ဆိုင်သောသူများ (သင့်အမှုတွင်သက်သေအဖြစ်ပါလာနိုင်ချေရှိသောသူများ)ကိုအမှုလိုက်ပါ ဆောင်ရွက် ပေးနေခြင်း သို့မဟုတ် အမှုလိုက်ပါဆောင်ရွက်ပေးဖူးခဲ့ခြင်း ရှိမရှိ မေးမြန်းသင့်ပါသည်။

ရှေ့နေကိုယ်စားလှယ်လွှဲစာဆိုတာဘာလဲ?

  • အကယ်၍ သင်မှ ရှေ့နေတစ်ဦးအား သင့်အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသည်ကို သဘောတူပါက သင့်အနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာကို လက်မှတ်ထိုးရမည်ဖြစ်ပါသည်။ ယင်းစာသည် သင်(အမှုသည်)နှင့် ရှေ့နေအကြား ရေးသားထားသော ကတိပဋိဉာဉ်ပင်ဖြစ်သည်။
  • ရှေ့နေမှလည်း သင့်အတွက် တရားရုံးတွင်အမှုလိုက်ပါဆောင်ရွက်နိုင်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာကို တရားရုံးသို့ တင်သွင်းရမည်ဖြစ်ပါသည်။
  • တရားရုံးသို့တင်သွင်းပြီးဖြစ်သော ရှေ့နေကိုယ်စားလှယ်လွှဲစာသည် အမှုပြီးဆုံးသည်အထိလည်းကောင်း၊ ရှေ့နေ သို့မဟုတ် အမှုသည် သေဆုံးသည်အထိ လည်းကောင်း အကျိုးသက်ဝင်ပါသည်။
  • အမှုသည်မှဖြစ်စေ၊ ရှေ့နေမှဖြစ်စေ အမှုမှ ရှေ့နေကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခွင့်ပြုပါရန် ရေးသားလျှောက်ထား လာပါက တရားရုံးအနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခွင့်ပြုနိုင်သည်။

ရှေ့နေနှင့်ကြုံတွေ့ရနိုင်သော အခက်အခဲများ

အကယ်လို့ ရှေ့နေက ကျွန်တော့်ကို အဆက်အသွယ်မလုပ်တော့ရင် ဘာလုပ်ရမလဲ?

  • ရှေ့နေများတွင် အမှုသည်ကို အချိန်နှင့်တပြေးညီ ဆက်သွယ်အကြောင်းကြားပေးရန် တာဝန်ရှိပါသည်။
  • ရှေ့နေများတွင် အမှုသည်ကို အမှု၏ အခြေအနေတိုးတက်ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး နောက်ဆုံးရောက်ရှိနေသော အခြေအနေကို ပြောပြပေးရန် တာဝန်ရှိသည်။
  • သင့်အား သင့်ရှေ့နေမှ ကာလအတန်ကြာသည်အထိ ဆက်သွယ်အကြောင်းကြားခြင်းမရှိပါက သို့မဟုတ် တင်သွင်း ရမည့် နောက်ဆုံးရက် သို့မဟုတ် ကြားနာရန်ရုံးချိန်း နီးကပ်လာပါက သင့်ရှေ့နေကို အမြန်ဆုံး အကြောင်းကြားသင့် ပါသည်။ ထို့အပြင် ဖြစ်စဉ်အသေးစိတ်ကို မှတ်သားထားပါ။ လိုအပ်ပါက တိုင်ကြားနိုင်ရန် စဉ်းစားသင့်ပါသည်။

ကျွန်တော့်ရှေ့နေကို တိုင်ကြားလို့ရပါသလား?

  • သင့်ရှေ့နေ၏ လုပ်ရည်ကိုင်ရည် အရည်အချင်းနှင့် ၎င်း၏အခြားသော အပြုအမူများကို စိုးရိမ်မှုရှိပါက ယင်းရှေ့နေကို ထုတ်ပယ်နိုင်ပါသည်။
  • အကယ်၍ သင်နှင့် သင့်ရှေ့နေအကြား သဘောထားကွဲလွဲမှုများရှိပါက ၎င်းအား အခြေအနေကို သင့်ကို ထပ်မံ ရှင်းပြစေပါ။ အမှုသည်တစ်ဦးအနေဖြင့် သင်သာလျှင် အပြီးသတ်ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
  • သို့သော် ရှေ့နေတစ်ဦးအနေဖြင့် ရှေ့နေကျင့်ဝတ်သိက္ခာနှင့်ဆန့်ကျင်သော သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စရပ် များကို ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ပါ။
  • ရှေ့နေကျင့်ဝတ်သိက္ခာ ပျက်ယွင်းမှုများအတွက် တိုင်ကြားမှုများ ပြုလုပ်နိုင်ပါသည်။ ကျင့်ဝတ်သိက္ခာပျက်ယွင်းမှုများတွင် အလွန်အမင်းဖောက်လွဲဖောက်ပြန်ပြုခြင်း၊ မဟုတ်မမှန်တိုင်စာပစ်စာရေးသားခြင်း၊ အခြားတနည်းနည်းဖြင့် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ရန် မသင့်တော်ခြင်းတို့ ပါဝင်ပါသည်။
  • အကယ်၍ရှေ့နေသည် တရားလွှတ်တော်ဖြစ်ပါက တိုင်ကြားစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထား နိုင်ပါသည်။ အထက်တန်းရှေ့နေများအတွက် အဆင့်နိမ့်တရားရုံးများတွင် တိုင်ကြားနိုင်ပါသည်။
  • မည်သို့သောရှေ့နေအမျိုးအစားပင် ဖြစ်စေကာမူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် ရှိပြီး ရှေ့နေလိုင်စင်ကို ထာဝရပိတ်သိမ်းနိုင်သည်အထိ အရေးယူနိုင်ပါသည်။

လေ့လာရန်

  • မူလစာမျက်နှာ
  • ရပိုင်ခွင့်
  • အကူအညီ
  • ရင်းမြစ်များ
  • အခြား

Lann Pya © Copyrighted 2024

အဆက်အသွယ်လုပ်ရန်

    ကနဦးဖမ်းဆီးခြင်း

     

    လူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးရန်အတွက် ရဲအရာရှိထံတွင် ခိုင်လုံသော အကြောင်းပြချက် ရှိရပါမည်။အချို့သော အမှုမျိုးတွင် ဖမ်းဆီးခြင်းမပြုမီ တရားသူကြီးထံမှ ရှာဖွေဝရမ်းဖြစ်စေ၊ ဖမ်းဝရမ်းဖြစ်စေရယူရန်လိုအပ်ပါသည်။ ဖမ်းဆီးခံရသည့်အချိန်မှစ၍ စွပ်စွဲခံရသူတွင် ရှေ့နေဖြင့် ခုခံချေပပိုင်ခွင့်ရှိပါသည်။ဖမ်းဆီးခြင်း နှင့် ရှာဖွေခြင်း အကြောင်းကို ကြည့်ပါ။

    ဖမ်းဆီးခြင်းနှင့်ရှာဖွေခြင်းအကြောင်း လေ့လာရန်  >>

    ×

    ရမန်ကြားနာခြင်း

    ရဲမှ ဖမ်းဆီးသည့်အခါ ဖမ်းဆီးခံရသူကို တရားသူကြီးရှေ့မှောက်သို့ ခေါ်ဆောင်သွားရမည်ဖြစ်ပြီးရမန်ပေးသင့်၊ မသင့် ကြားနာပါမည်။ တရားရုံး၏ခွင့်ပြုချက်မရှိဘဲ စွပ်စွဲခံရသူကို ၂၄နာရီထက်ပိုမိုဖမ်းချုပ်ထားခွင့်မရှိပါ။ အခြေအနေပေါ် မူတည်၍ ရဲမှ အမှုကို ဆက်လက်စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် တရားရုံးမှ စွပ်စွဲခံရသူကို ၁၅ ရက်မှ ရက် ၃ဝ အထိဖမ်းဆီးထိန်းသိမ်းထားရန် အမိန့်ချမှတ်နိုင်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကြည့်ပါ။

    ဖမ်းဆီးခြင်းအကြောင်း လေ့လာရန် >>

    ×

    အာမခံကြားနာခြင်း

    အမှုအများစုတွင် စွပ်စွဲခံရသူသည် ရုံးထိုင်တရားသူကြီးထံသို့ အာမခံဖြင့်လွှတ်ပေးပါရန်လျှောက်ထားနိုင်ပါသည်။

    အာမခံပေးခြင်းအကြောင်း လေ့လာရန် >>

    ×

    တရားလိုပြသက်သေများတင်သွင်းခြင်း

    ဥပဒေအရာရှိ (သို့မဟုတ် ၎င်း၏ကြီးကြပ်မှုဖြင့်လိုက်ပါဆောင်ရွက်သော ပုဂ္ဂလိကရှေ့နေ) မှ စွပ်စွဲခံရသူအပေါ်မျက်မြင် သက်သေများ၊ သက်သေခံပစ္စည်းများ တင်ပြစွပ်စွဲပါမည်။ စွပ်စွဲခံရသူတွင် တရားလိုပြသက်သေတစ်ဦးချင်းစီအပေါ် ပြန်လှန်မေးခွန်းထုတ်ခြင်း၊ တင်သွင်းလာသော သက်သေခံပစ္စည်းကိုဆန့်ကျင်ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အသေးစိတ်သိရန် တရားရုံးတွင် အမှုစစ်ဆေးခြင်းကိုကြည့်ပါ။

    တရားရုံးတင် စစ်ဆေးခြင်းအကြောင်း လေ့လာရန် >>

    ×

    စွဲချက်တင်ခြင်း

    တရားသူကြီးမှ စွပ်စွဲခံရသူအပေါ် စွဲချက်မတင်မီ နှစ်ဖက်လုံးကို လျှောက်လဲချက်တင်သွင်းစေမည် ဖြစ်သည်။တရားလိုဘက်မှ စွဲချက်တင်သင့်ကြောင်း၊ စွပ်စွဲခံရသူမှ ၎င်းအပေါ်စွဲချက်မတင်သင့်ကြောင်း လျှောက်လဲမည်ဖြစ်ပါသည်။ ထို့နောက် တရားသူကြီးမှ တရားလိုသည် စွပ်စွဲခံရသူအပေါ် စွဲချက်တင်ရန်အတွက်လုံလောက်သော သက်သေခံ အထောက်အထားများ တင်ပြနိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်မည် ဖြစ်ပါသည်။အကယ်၍ တရားသူကြီးမှ စွဲချက်တင်ပါက စွပ်စွဲခံရသူအား ထိုစွပ်စွဲချက်များကို ဝန်ခံမည်လော (သို့မဟုတ်)ငြင်းဆိုမည်လော မေးမြန်းမည် ဖြစ်ပါသည်။

    တရားရုံးတင် စစ်ဆေးခြင်းအကြောင်း လေ့လာရန် >>

    ×

    တရားရှင်လွှတ်ခြင်း

    တရားရှင်လွှတ်ခြင်းဆိုသည်မှာ တရားသူကြီးမှ တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက်စွပ်စွဲခံရသူအပေါ် စွဲချက်တင်နိုင်လောက်သည့် သက်သေခံ အထောက်အထားမရှိပါက၊ ၎င်းအနေဖြင့်စွပ်စွဲခံရသူအပေါ် စွဲချက်မတင်ပဲ လွှတ်ပေးနိုင်ပါသည်။ သို့သော် နောက်ပိုင်းကာလများတွင် လုံလောက်သောသက်သေခံ အထောက်အထားများကို တွေ့ရှိလာပါက စွပ်စွဲခံရသူကို ယင်းပြစ်မှုဖြင့် ထပ်မံတရားစွဲဆိုနိုင်ပါသည်။

    ဖမ်းဆီးခြင်းနှင့်ရှာဖွေခြင်းအကြောင်း လေ့လာရန် >>

    ×

    အမှုကိုခုခံချေပခြင်း

    စွဲချက်တင်ပြီးနောက် တရားသူကြီးမှ စွပ်စွဲခံရသူအား တရားလိုပြသက်သေများကိုပြန်လည်ခေါ်ယူစစ်ဆေးလိုခြင်းရှိ၊ မရှိ ဦးစွာမေးမြန်းမည် ဖြစ်ပါသည်။ ထို့နောက် စွပ်စွဲခံရသူသည် ၎င်းအတွက်ခုခံချေပနိုင်ရန် မျက်မြင်သက်သေများ၊ သက်သေခံ ပစ္စည်းများကို တင်ပြနိုင်ပါသည်။ ၎င်းကိုယ်တိုင်လည်းထွက်ဆိုချက်များ ပေးနိုင်ပါသည်။ အသေးစိတ်ကို တရားရုံးတွင် အမှုစစ်ဆေးခြင်းကို ကြည့်ပါ။

    ခုခံချေပနိုင်ခွင့်အကြောင်း လေ့လာရန် >>

    ×

    ပြင်ဆင်မှုတင်သွင်းခြင်း

    တရားရုံး၌ အမှုစစ်ဆေးစဉ် အပြီးသတ်လျှောက်လဲချက် မတိုင်ခင်အထိ စွပ်စွဲခံရသူသည် ပြင်ဆင်မှု တင်သွင်းခွင့်ရှိသည်။ စွပ်စွဲခံရသူသည် မူလတရားရုံးမှ တရားသူကြီး၏ ဆုံးဖြတ်ချက်တွင် ကျင့်ထုံးဆိုင်ရာ ချမှတ်မှုများ လွဲမှားနေသည်ဟု ထင်ပါက အထက်ရုံးတော် သို့ အဆိုတင်သွင်းနိုင်သည်။ မြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့ ရက် ၃၀ အတွင်း ပြင်ဆင်မှုကို တင်သွင်းရမည်။

    ပြင်ဆင်မှုတင်သွင်းခြင်းကို လေ့လာရန် | အကူအညီရယူရန် >>

    ×

    အပြီးသတ်လျှောက်လဲချက်

    တရားသူကြီးမှ အမှုအတွက် အပြီးသတ် ဆုံးဖြတ်ချက်မချခင် တရားလို နှင့် စွပ်စွဲခံရသူ နှစ်ဦးလုံးအားနောက်ဆုံးအနေဖြင့် အပြီးသတ်လျှောက်လဲချက် ပေးစေမည် ဖြစ်ပါသည်။ ထိုအပြီးသတ်လျှောက်လဲချက်ကိုနှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ တင်သွင်းနိုင်ပါသည်။

    တရားရုံးတင် စစ်ဆေးခြင်းအကြောင်း လေ့လာရန် >>

    ×

    တရားသေလွှတ်ခြင်း

    တရားသေလွှတ်ခြင်းဆိုသည်မှာ တရားလို (သို့) တိုင်ကြားသူ၊ စွပ်စွဲခံရသူ နှင့် ၎င်းတို့မှတင်သွင်းသောမျက်မြင်သက်သေများ၊ သက်သေခံ အထောက်အထားများကို စစ်ဆေးကြားနာပြီးနောက်၊ စွပ်စွဲခံရသူသည်အပြစ်မရှိကြောင်း (သို့မဟုတ်) ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ မရှိသည့်အခါ တရားသူကြီးမှ စွပ်စွဲခံရသူကို တရားသေလွှတ်ပေးနိုင်ပါသည်။ ယင်းသို့တရားလွှတ်ပေးသည့်အခါ စွပ်စွဲခံရသူကို အဆိုပါ ပြစ်မှုဖြင့် ထပ်မံအရေးယူ၍ မရတော့ချေ။

    တရားရုံးတင် စစ်ဆေးခြင်းအကြောင်း လေ့လာရန် >>

    ×

    အပြီးသတ်အမိန့် နှင့် ပြစ်ဒဏ်ချမှတ်ခြင်း

    တရားသူကြီးအနေဖြင့် တရားလိုသည် ၎င်းစွပ်စွဲလိုက်သည့် စွပ်စွဲချက် (သို့) ပုဒ်မ၏ပြစ်မှုအင်္ဂါရပ်တိုင်းအပေါ် သက်သေ ထင်ရှားပြနိုင်ခြင်းရှိ၊ မရှိ အပေါ်မူတည်ပြီး စွပ်စွဲခံရသူကိုပြစ်မှုထင်ရှားစီရင်ခြင်း (သို့မဟုတ်) အမှုမှ တရားသေလွှတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ အကယ်၍စွပ်စွဲခံရသူကို ပြစ်မှုထင်ရှားစီရင်လိုက်ပါက တရားသူကြီးမှ သင့်လျော်သော ပြစ်ဒဏ်ကို ဥပဒေနှင့်အညီသတ်မှတ်မည် ဖြစ်ပါသည်။

    တရားရုံးအဆုံးအဖြတ်အကြောင်း လေ့လာရန် >>

    ×

    အယူခံဝင်ခြင်း

    စွပ်စွဲခံရသူသည် ၎င်းအပေါ်ပြစ်မှုထင်ရှားစီရင်ခြင်းအားလည်းကောင်း၊ ၎င်းအပေါ်ချမှတ်လိုက်သောပြစ်ဒဏ်အားလည်းကောင်း ပြန်လည်သုံးသပ်ပေးပါရန် အထက်အဆင့်မြင့်တရားရုံးသို့ လျှောက်ထားတင်ပြခွင့်ရှိပါသည်။ ထို့အတူ တရားလိုဘက်မှလည်း စွပ်စွဲခံရသူကို တရားသေလွှတ်ပေးသည့်အမိန့် (သို့မဟုတ်)ပြစ်ဒဏ်အား ပြန်လည်သုံးသပ်ပေးပါရန် လျှောက်ထားနိုင်ပါသည်။

    အယူခံဝင်ခြင်းအကြောင်း လေ့လာရန် >>

    ×

    ကနဦးဖမ်းဆီးခြင်း

    ရဲ (သို့မဟုတ်) တပ်မတော်သားများသည် ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးနိုင်သည်။ အမှုအခင်းအများစုတွင် ဖမ်းဆီးခံရသူ များကို စစ်ကြောရေးစခန်းများသို့ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ထိုစစ်ဆေးမှုများသည် ရက်ပေါင်း များစွာမှ ရက်သတ္တပတ်များစွာအထိကြာတတ်သည်။စစ်ဆေးမေးမြန်းနေစဉ်အတွင်းရှေ့နေ(သို့မဟုတ်)မိသားစုဝင် များက ဖမ်းဆီးခံရသူအား တွေ့ဆုံခွင့်မရကြပါ။
    ယင်းနောက် ဖမ်းဆီးခံရသူကို FIR (ပထမသတင်းပေးတိုင်ချက်) ကို ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့ထံလွှဲပြောင်း ပေးအပ်သည်။ အမှုအများအပြားတွင် ရဲများက ဖမ်းဆီးခံရသူများကို စုံစမ်းစစ်ဆေးမှုအတွင်း တရားရုံးအမိန့်ဖြင့် ထိန်းသိမ်း ထားသည်။ ဥပဒေအရအာမခံပေးပိုင်ခွင့်ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းစွပ်စွဲခံရသူများကို အာမခံနှင့် အချုပ်လွတ် ထုချေခွင့် ပေးသည်မှာ ရှားပါသည်။
    ထို့နောက် ၎င်းတို့အား ထိန်းသိမ်းရန်အတွက် အကျဉ်းထောင်များသို့ပြောင်းရွှေ့ကာ ထောင်တွင်း တရားရုံးများတွင် စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ဤအဆင့်တွင် စွပ်စွဲခံရသူသည် ရှေ့နေနှင့် တွေ့ဆုံခွင့် ရပါသည်။

    ×

    တရားစွဲဆိုခြင်း

    စွပ်စွဲခံရသူသည် သက်သေများကို ပြန်လှန်စစ်မေးခွင့်ရှိသော်လည်း သက်သေအထောက်အထားများ တင်ပြရာတွင် စိန်ခေါ်မှုများ ရှိနေသည်။ စောဒကတက်ရန် (သို့မဟုတ်) ပြန်လှန်စစ်မေးရန် ကြိုးပမ်းဆောင်ရွက်နေသော ရှေ့နေများ အတွက် လုံခြုံကောင်းမွန်သောပတ်ဝန်းကျင်မရှိပါ။ ရှေ့နေများသည်တရားရုံးရှိတရားသူကြီးများ(သို့မဟုတ်) လုံခြုံရေးအရာရှိ များ၏ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကိုခံနေကြရပါသည်။

    ×

    စွဲချက်တင်ခြင်း

    တင်ပြချက်များ (သို့မဟုတ်) သက်သေအထောက်အထားများ မည်မျှပင်ရှိစေကာမူ၊ အမှုအများစုတွင် စွပ်စွဲခံရသူများကို မဖြစ်မနေစွဲချက် တင်ရမည်ဟူသော ဖိအားသည် တရားသူကြီးများအပေါ်တွင် ရှိနေသည်ဟု ယုံကြည်ရပါသည်။

    ×

    အမှုကိုခုခံချေပခြင်း

    ရှေ့နေများနှင့် စွပ်စွဲခံရသူများသည် မိသားစုဝင်များကို မျက်မြင်သက်သေအဖြစ် တင်ပြလေ့ရှိပြီး ယင်းသို့ တင်ပြသည့် အခါမှသာ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိနိုင်နိုင်မည်ဖြစ်သည်။ ( ထိုအချိန်မှလွဲ၍အကျဉ်းထောင်များတွင် စွပ်စွဲခံရသူသည် ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံခွင့် မရှိပါ။ )

    ×

    ပြင်ဆင်မှုလျှောက်ထားခြင်း

    လက်တွေ့တွင် စွပ်စွဲခံရသူသည် အထက်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းလေ့ မရှိပါ။ လွန်ခဲ့သည့်နှစ် အာဏာသိမ်းပြီးကတည်းက စာချွန်တော် လျှောက်ထားမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ဖြစ်သည်။

    ×

    အပြီးသတ် စီရင်ချက်ချခြင်း

    အမှုတိုင်းလိုလိုတွင် တရားသူကြီးများသည် အထောက်အထားမခိုင်လုံဘဲ စွပ်စွဲခံရသူအား ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ် အများအပြားချမှတ်လေ့ရှိသည်။

    ×

    အယူခံဝင်ခြင်း

    စွပ်စွဲခံရသူအများအပြားသည် စစ်အုပ်ချုပ်ရေးအောက်ရှိ တရားစီရင်ရေးစနစ်ကိုမယုံကြည်သောကြောင့် အယူခံ လုပ်ငန်းစဉ်များကိုလည်း အယုံအကြည်မရှိကြပေ။ ထို့ကြောင့် စွပ်စွဲခံရသူအများအပြားသည် အယူခံလုပ်ငန်းစဉ်ကို လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။

    ×

    ကနဦးဖမ်းဆီးခြင်း

    တရားရုံးအမိန့်မရှိဘဲ စစ်အုပ်ချုပ်ရေးအောက်ရှိနယ်မြေများတွင် ဖမ်းဆီးခံရသူများကို ယေဘုယျအားဖြင့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထုတ်ဖော်မပြသော စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းထားလေ့သည်။ တချို့သော ကိစ္စများတွင် စွပ်စွဲခံရသူများကို ရဲစခန်းတွင်ချုပ်ထားကြပါသည်။ ထိန်းသိမ်းခံရသူများကို အကျဉ်းထောင် စနစ်သို့ လွှဲပြောင်းပြီးသည်နှင့် ၎င်းတို့သည် အဆိုပါကိစ္စရပ်များအတွက် မိသားစု (သို့မဟုတ် )ရှေ့နေများနှင့်တွေ့ဆုံခြင်း (သို့မဟုတ်) ဆက်သွယ်ခြင်း မပြုလုပ်နိုင်ပေ။

    ×

    စီရင်ချက်ချခြင်း

    စစ်ခုံရုံးတွင် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ထောင်ဒဏ်တစ်သက် (သို့မဟုတ်) သေဒဏ်ကျခံရနိုင်သည်။၊
    • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့်သာ သေဒဏ်ချမှတ်နိုင်သည်။
    • တိုင်းမှူး၏ခွင့်ပြုချက်ဖြင့်သာ နှစ်အကန့်အသတ်မရှိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်နိုင်သည်။
    • သတ်မှတ်ထားသောပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ကိုလည်း ချမှတ်ခံရနိုင်ပါသည်။

    ×

    အယူခံဝင်ခြင်း

    စစ်ခုံရုံးများ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ်နှင့်အတည်ဖြစ်သည်။ စစ်ခုံရုံး၏ အမိန့်များကို တရားရုံးများသို့ အယူခံမဝင်နိုင်သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ သို့မဟုတ် စစ်တိုင်းမှူးထံသို့ ပြင်ဆင်မှုတင်သွင်းနိုင်ပါသည်။

    ×

    ပြင်ဆင်မှုလျှောက်ထားခြင်း

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတိုင်းမှူးသည် အမှုစီရင်ချက်နှင့် ပတ်သက်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ခြင်း၊ နိမ့်သော ပြစ်ဒဏ်အမျိုးအစား ပြောင်းလဲခြင်း များပြုလုပ်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ သည်။ ၎င်းတို့သည် စစ်ခုံရုံး၏ ပြစ်ဒဏ်ကို အတည်ပြုရန် အခွင့်အာဏာကိုလည်းကျင့်သုံးနိုင်သည်။

    လျှောက်ထားခြင်း

    သေဒဏ်ချမှတ်ကိစ္စတွင်သေဒဏ်ချမှတ်ကိစ္စတွင် အပြီးသတ်စီရင်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်းလျှောက်လွှာတင်ရမည်ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံလျှောက်ထားနိုင်သည်။
    အခြားပြစ်ဒဏ်များတွင် အပြီးသတ်စီရင်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်းလျှောက်လွှာတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းမှူးထံ တင်သွင်းနိုင်သည်။

    ×
    • Login
    Enter your username and password to login.

    Lost password?

    Go to mobile version