သိုပ်ႇမိုတ်ႈ

လမ်းၼႂ်း

– ရှေ့နေဆိုသည်မှာ သင့်အား ဥပဒေနှင့်သက်ဆိုင်သောကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ဥပဒေ ဆိုင်ရာလုပ်ငန်းစဉ်များကို လမ်းညွှန်ပေးနိုင်သော အရည်အချင်းရှိသည့် ကျွမ်းကျင်ပုဂ္ဂိုလ်ဖြစ်ပါသည်။

– ဥပဒေရေးရာ စာရွက်စာတမ်းများရေးဆွဲပြင်ဆင်ခြင်း၊ အမှုအခင်းများရင်ဆိုင်ခြင်းအစရှိသည့် ဥပဒေနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် ကိုယ်စားပြုဆောင်ရွက်ပေးနိုင်ပါသည်။

– ရှေ့နေများသည် ပွဲစားအဖြစ် ဆောင်ရွက်လိမ့်မည်မဟုတ်ပါ။ ထို့အပြင်လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းများတွင် ဥပဒေနှင့်ဆန့်ကျင်သော မသမာသည့်နည်းလမ်းများကိုဆောင်ရွက်သည့် ရှေ့နေသည် ၎င်း၏ ရှေ့နေ လိုင်စင် ရုပ်သိမ်းခံရနိုင်သည့်အပြင် မလျော်ကန်သည့်အပြုအမူများကြောင့် ရာဇဝတ်ကြောင်းဖြင့်ပင် တရားစွဲဆိုခံရနိုင် ပါသည်။

– မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရှေ့နေအမျိုးအစား နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာအထက်တန်းရှေ့နေနှင့် တရားလွှတ်တော် ရှေ့နေတို့ ဖြစ်ပါသည်။ ပိုမိုလေ့လာနိုင်ရန်အတွက် မေးခွန်းနံပါတ် ၃ တရားလွှတ်တော်ရှေ့နေနှင့်အထက်တန်းရှေ့နေ မည်သို့ကွာခြားပါသလဲ? ကိုကြည့်ပါ။

– ယခုအက်ပလီကေးရှင်းသည် ဥပဒေနှင့်ဆိုင်သော ယေဘူယျသတင်းအချက်အလက်များကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ တာဝန်များသည် အမှုဖြစ်စဉ်အမျိုးအစား၊ ပကတိသီးခြား ပေါ်ပေါက် နေသော အချက်အလက်၊ အခြေအနေများပေါ်မူတည်၍ ကွဲပြားသွားနိုင်ပါသည်။

– ယခုအက်ပလီကေးရှင်းသည် ရှေ့နေများကို အစားမထိုးပါ။ ယခုအက်ပလီကေးရှင်းသည် အသုံးပြုများကို အကောင်းဆုံး ရွေးချယ်မှုကိုလည်းကောင်း၊ ဖြစ်နိုင်ချေရှိသောရလဒ်များကိုလည်းကောင်း ပေးလိမ့်မည် မဟုတ်သကဲ့သို့ ပေးနိုင်စွမ်း လဲမရှိပါ။

– ရှေ့နေတစ်ဦးအနေဖြင့်မိမိအမှုသည်၏အမှုဖြစ်စဉ်တွင် သီးခြားပေါ်ပေါက်လျှက်ရှိသော အချက်အလက်မူတည်ပြီး ဥပဒေကို အသုံးပြုနိုင်သကဲ့သို့ အကောင်းဆုံးလုပ်ဆောင်နိုင်သည့် အချက်များနှင့် ဖြစ်နိုင်ချေရှိသော ရလဒ်ကို အကြံပေးနိုင်မည်ဖြစ်ပါသည်။ သင့်အနေဖြင့် အရည်အချင်းပြည့်မီသော ရှေ့နေထံမှသာ ဥပဒေအကြံဉာဏ် ရယူ သင့်ပါသည်။

– တရားရုံးအမှုအခင်းများတွင် သင့်အတွက် တိုက်ရိုက်ကိုယ်စားပြုဆောင်ရွက်ပေးနိုင်ရန် ရှေ့နေလိုမည်ဖြစ်ပါသည်။

– မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရှေ့နေအမျိုးအစား နှစ်မျိုးရှိပါသည်။

– အထက်တန်းရှေ့နေဆိုသည်မှာ မြို့နယ်နှင့်ခရိုင်အဆင့်တရားရုံးများတွင်သာ လိုက်ပါဆောင်ရွက်ခွင့်ရှိသော ရှေ့နေများ ဖြစ်ပြီး ရှေ့နေလိုက်သူများအက်ဥပဒေ (၁၈၇၉) ကို လိုက်နာရသူများဖြစ်ပါသည်။

– တရားလွှတ်တော်ရှေ့နေ ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်အားလုံးတွင် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ(၁၉၂၆)ကို လိုက်နာရသူများ ဖြစ်ပါသည်။ ထို့အပြင် ရှေနေလိုက်သူများအက်ဥပဒေပါပြဌာန်းချက်များသည်လည်း တရားလွှတ်တော်ရှေ့နေများ အပေါ် သက်ရောက်မှုရှိပါသည်။

– ရှေ့နေမှ သင့်အား သင်၏ရပိုင်ခွင့်အခွင့်အရေး၊ သင့်အခြေအနေနှင့်သက်ဆိုင်သော ဥပဒေများကို နားလည် သဘောပေါက် အောင် ကူညီပေးနိုင်ပါသည်။

– ရှေ့နေမှ သင့်အား ဥပဒေကြောင်းအရ ရွေးချယ်ဆောင်ရွက်နိုင်မှုများ၊ ယင်းသို့ဆောင်ရွက်ခြင်းမှ ရရှိလာနိုင်သော အကျိုးရလဒ်များကို အကြံပေးနိုင်ပါသည်။

– သင်ကိုယ်တိုင် သင့်အပေါ်စွဲဆိုထားသောပြစ်မှုကို ကျူးလွန်ထားမိသည်ဟု ယုံကြည်ပြီး အပြစ်ရှိကြောင်းဝန်ခံလိုသည့် အခြေအနေမျိုးတွင်ပင်လျှင် ရှေ့နေရှေ့ရပ်ငှားရမ်းသင့်ပါသည်။ သို့မှသာ ယင်းသို့ အပြစ်ရှိကြောင်း ဝန်ခံလိုက်သည့် လုပ်ငန်းစဉ်တလျှောက်လုံးတွင်လည်းကောင်း၊ သို့မဟုတ် အမှုရင်ဆိုင်နေရစဉ် ကာလတလျှောက်တွင်လည်းကောင်း သင့်အခွင့်အရေးများကို တလေးတစားရှိစေအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

– ပါရာလီဂယ်ဆိုသည်မှာ အားပေးကူညီပံ့ပိုးပေးခြင်း၊ ညှိနှိုင်းဖြန်ဖြေဆောင်ရွက်ပေးခြင်း အစရှိသည့် ကျွမ်းကျင်မှုများနှင့် ပတ်သတ်ပြီး သင်တန်းပေးခြင်းခံထားရသူများဖြစ်ပါသည်။ သို့သော် ၎င်းတို့သည် ရှေ့နေများ မဟုတ်ကြပါ။

– ပါရာလီဂယ်များမှ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ရရှိနိုင်သောကုစားမှုများနှင့်ပတ်သတ်သော သတင်းအချက် အလက်များကို ပေးနိုင်ပါသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နယ်ခံအဖွဲ့အစည်းများတွင်လည်း သင့်ကိုယ်စား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ပါသည်။

– ပါရာလီဂယ်များမှ အရည်အချင်းပြည့်မီသော ရှေ့နေများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ပါသည်။ သို့သော် ၎င်းတို့သည် မည်သည့်ကိစ္စရပ်တွင်မဆို ရှေ့နေများကို အစားထိုးနိုင်ခြင်းမရှိပါ။ ဥပမာ- သင့်အား ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးခြင်းများကို အရည်အချင်းပြည့်မီသော ရှေ့နေများကိုသာ ဆောင်ရွက်စေသင့် ပါသည်။

– ရာဇဝတ်မှုတိုင်းတွင် စွပ်စွဲခံရသူတိုင်းတွင် ရှေ့နေဖြင့် ခုခံချေပိုင်ခွင့်ရှိပါသည်။

– ရှေ့နေဌားရမ်းခွင့်တွင်စတင်ဖမ်းဆီးပြီးနောက် ၂၄နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်ပါ ပါဝင်သည်။

– အကယ်၍ စွပ်စွဲခံထားရသောအမှုသည် သေဒဏ်ထိုက်သင့်သော ပြစ်မှုမျိုးဖြစ်ပါက စွပ်စွဲခံရသူအတွက် ရှေ့နေ တစ်ဦးကို နိုင်ငံတော်မှ အခမဲ့ငှားရမ်းပေးရမည်ဖြစ်ပါသည်။