မာတိကာ
(၂၀၁၉) ကလေးသူငယ်ဥပဒေအရ အသက် ၁၈နှစ်အောက် ကို ကလေးသူငယ်ဟု သတ်မှတ်သည်။1 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(ခ)။) ကလေးတစ်ယောက်သည် လူကြီးများအတွက်ပြဌာန်းထားသော ဥပဒေများအပြင် အခြားသော အထူးရပိုင်ခွင့်များနှင့် ကာကွယ်စောင့်ရှောက်မှုများကို လည်း အသက်အပိုင်းအခြားအလိုက် ခံစားပိုင်ခွင့်ရှိသည်။
တရားဥပဒေရှေ့မှောက်တွင် ကလေးသူငယ်တိုင်းသည် လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း၊လိင်အမျိုးအစား၊ လူမှုရေးအဆင့်အတန်းအရ ခွဲခြားဆက်ဆံခြင်းမပြုဘဲ တူညီသည့် အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုရရှိရမည်။2 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၄၇။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၉(ဃ)၊ ၁၉(ဎ)။)
ကလေးသူငယ်များတွင် အခြေခံပညာမူလတန်းကို အခမဲ့သင်ယူခွင့်နှင့် အခြားပညာရေးဆိုင်ရာ အခွင့်အရေးများကို ခွဲခြားဆက်ဆံမှုမပြုဘဲ ရရှိပိုင်ခွင့်ရှိသည်။3 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၈(ဂ)။ (၂၀၁၄)အမျိုးသားပညာရေးဥပဒေ(၂၀၁၅ ပြင်ဆင်ချက်)။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၆(က)-(ခ)။)
ကလေးသူငယ်များတွင် အမွေဆက်ခံပိုင်ခွင့် နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ရှိသည်။4 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၉(ဋ)-(ဌ)။)
အနည်းဆုံး အသက် ၁၈နှစ်ရှိမှသာလျှင် အမျိုးသားနှင့် အမျိုးသမီး လက်ထပ်ထိမ်းမြားနိုင်သည်။5 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၃။ (၁၈၇၂)အထူးထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (၂၀၁၇ ပြင်ဆင်ချက်)။)
(၂၀၁၅) မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားရေးဆိုင်ရာဥပဒေ ကဲ့သို့သော အထူးဥပဒေများ၊ မြန်မာ ဓလေ့ထုံးတမ်းဥပဒေများသည် ကလေးအုပ်ထိန်းခွင့်၊ ကလေးအားထောက်ပံကျွေးမွေးစောင့်ရှောက်ခြင်း အစရှိသော ကိစ္စရပ် များစွာအပေါ် သက်ရောက်မှုရှိပါသည်။6 ((၂၀၁၅)မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂(ခ)။)
မွေးစာရင်း
မွေးစာရင်းသည် အသက် ကို သက်သေပြနိုင်သော အကောင်းဆုံးအထောက်အထား တစ်ခု ဖြစ်သည်။7 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၁(ဃ)၊၁၁၃(က)။)
ကျောင်းဝင်မှတ်ပုံတင်စာရင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကဲ့သို့သော နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းများ သည်လည်း အသက် အတွက် အထောက်အထားများဖြစ်သည်။8 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(ဂ)။)
ကလေးမွေးဖွားပြီးသည်နှင့် မှတ်ပုံတင်ခြင်းဖြင့် မွေးစာရင်းကို လွယ်ကူစွာ ရရှိနိုင်သည်။9 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၁(ဂ)။)
မွေးဖွားပြီးသည်နှင့် မှတ်ပုံတင်ခြင်း
ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ မွေးဖွားပြီးသည်နှင့် အခမဲ့ မှတ်ပုံတင်ခံရပိုင်ခွင့်ရှိသည်။10 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၁(က)-(ဂ)။)
ကလေးကို ဆေးရုံ၌မွေးဖွားပါက ဆေးရုံးဝန်ထမ်းများမှ သက်ဆိုင်ရာစာရွက်စာတမ်းများကို မြို့နယ်ကျန်းမာရေးဦးစီးမှူး (TMO) ဆီသို့ တင်သွင်းပေးမည်။
ကလေးကို ဆေးရုံ၌မမွေးဖွားပါက မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လိုအပ်သည့် စာရွက်စာတမ်းများ ကို မြို့နယ်ကျန်းမာရေးဦးစီးမှူးထံ တင်သွင်းနိုင်ရန် နီးစပ်ရာ မြို့နယ် ဆေးရုံသို့ ချက်ချင်း သွားရောက်ရမည်။
ကလေးမွေးဖွားပြီးချင်း မှတ်ပုံတင်ပြီးပါက သက်ဆိုင်ရာ အစိုးရဌာနမှ မွေးစာရင်းထုတ်ပေးမည်ဖြစ်သည်။11 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၁(ဂ)။)
အိမ်ထောင်စုစာရင်း
ကလေးကို အိမ်ထောင်စုစာရင်း ထဲသို့ မွေးဖွားပြီးချင်း ၇ ရက်အတွင်း မိဘ သို့မဟုတ် အုပ်ထိန်းသူမှ ထည့်သွင်းရမည်။12 ((၁၉၈၃)မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ၁၂(က)(၁)။)
ကလေးကို အိမ်ထောင်စုစာရင်းသွင်းရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက် ရှိ မြို့နယ် သို့မဟုတ် ကျေးလက် ဌာနခွဲသို့ သွားရောက်ရမည်။
နိုင်ငံသားဆိုင်ရာ အထောက်အထားများ
တည်ဆဲဥပဒေများအရ ကလေးသူငယ်တိုင်း သည် နိုင်ငံသား ဖြစ်ခွင့် ရှိသည်။13 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၂၂။) သို့သော် မြန်မာနိုင်ငံတွင်း သို့မဟုတ် နိုင်ငံခြားတွင် မြန်မာမိဘများမှ မွေးဖွားသော ကလေး အနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝကို အလိုအလျောက် ရရှိမည်မဟုတ်ပါ။ နိုင်ငံသားအခွင့်အရေး သည် အခြားအကြောင်းအရာများနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။
နိုင်ငံသားဆိုင်ရာအထောက်အထားများ သို့မဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြား ရခွင့်ရှိသော ကလေး သည် အသက် ၁၀ နှစ်မှစ၍ လျှောက်ထားနိုင်သည်။ အသက် ၁၈၊ ၃၀ နှင့် ၄၅ ပြည့်ချိန်များတွင် ထပ်မံလဲလှယ်ရမည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရန် နီးစပ်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနခွဲ သို့ သွားရမည်။
ထိုကတ်ပြားသည် သက်သေခံကတ်ပြားအဖြစ် အခြေအနေအမျိုးမျိုးတွင် လိုအပ်သည်။
ခရီးသွားခြင်း၊ အလုပ်စတင်လုပ်ကိုင်ခြင်း၊ မြေယာဝယ်ခြင်း၊ တရားဝင်လက်ထပ်ထိမ်းမြားခြင်း၊ ဘဏ်ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်း၊ မသန်စွမ်း များအတွက် ပြုလုပ်ပေးထားသော ပံ့ပိုးမှုရယူခြင်း၊ မွေးဖွားလာသော ကလေးမှ နိုင်ငံသားခံယူခွင့်ရရှိခြင်း စသည်တို့ဖြစ်သည်။
ကလေးသူငယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တရားဝင် တာဝန်ဝတ္တရား
ကလေးသူငယ်တစ်ဦး၏ မိဘသို့မဟုတ် တရားဝင်အုပ်ထိန်းသူသည် ကလေး ကောင်းမွန်စွာနေထိုင်နိုင်ရန် အတွက် စားဝတ်နေရေးအပြင် ညှင်းပန်းနှိပ်စက်ခံရမှုမှ အကာအကွယ်ပေးရန် ငွေကြေးထောက်ပံ့ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်ပေးရန်၊ ပညာသင်ကြားခွင့်ပေးရန်၊ မွေးစားရင်းပြုလုပ် ပေးရန် အစရှိသည့် ကိစ္စရပ်များအတွက် တာဝန်ရှိသည်။
ကလေးသူငယ်တိုင်းသည် ၎င်း၏ မိဘတစ်ဦးဦး သို့မဟုတ် နှစ်ဦးစလုံးနှင့် အတူနေထိုင်နိုင်ခွင့် ရှိသည်။14 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၉(ဂ)။) ကလေးအတွက် ကောင်းကျိုးဖြစ်စေရန် ရည်ရွယ်ချက်မျိုးမှလွဲပြီး မိဘဖြစ်သူ များနှင့် အတင်းအကျပ် ခွဲထားခြင်း မပြုလုပ်ရ။
မိဘတစ်ဦးဦးသေဆုံးသွားခြင်း၊ မိဘအုပ်ထိန်းသူမှ ကလေးကို အကြမ်းဖက်ခြင်း၊ ဥပေက္ခာပြုထားခြင်း၊ အလွဲသုံးစားလုပ်ခြင်း စသည့် အခြေအနေမျိုးများတွင် တရားရုံးမှ တရားဝင်အုပ်ထိန်းသူတစ်ယောက် ကို ဆုံးဖြတ်ပေးမည်။15 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃၈၊ ၃၉။) ထိုသို့ဆောင်ရွက်ရာတွင် ကလေးအတွက် အကောင်းဆုံးဖြစ်စေမည့် ရွေးချယ်ချက်များကိုသာ ပြုလုပ်ရမည်ဖြစ်သည်။ ကလေး၏ ခွင့်ပြုချက် ရယူရာတွင် ကလေး၏ အသက်နှင့် ရင့်ကျက်မှုကိုပါ ထည့်သွင်းစဉ်းစားရမည်။
ကလေးသူငယ်ကို ပြင်ပတွင် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိပါက အမျိုးသမီးအကျဉ်းသူသည် ၎င်း၏ကလေးငယ်ကို အသက် ၆ နှစ် အရွယ်အထိ ၎င်းနှင့်အတူထားရန် တောင်းဆိုနိုင်သည်။16 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ခ)။) ထိုသို့သော အခြေအနေမျိုးတွင် ကလေးငယ်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ပေးရန် အကျဉ်းထောင်အရာရှိမှ တာဝန်ရှိသည်။17 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ဂ)။)
မိသားစု ပတ်ဝန်းကျင်၏ ပြုစုစောင့်ရှောက်မှု မရရှိသော ကလေးကို လူမှုဝန်ထမ်းဦးစီးဌာနမှ အခြား ပြုစု စောင့်ရှောက်ရေးနေရာများဖြစ်သည့် သင်တန်းကျောင်းနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများတွင် ထားရှိနိုင်သည်။18 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃၃။)
မိဘ သို့မဟုတ် အုပ်ထိန်းသူမှ ကလေးအား အကြမ်းဖက်မှု၊ အလွဲသုံးစားလုပ်မှု နှင့် အခြားနည်းလမ်းများဖြင့် ညှင်းပန်းခြင်းတို့ ကို ကြုံတွေ့စေပါက ရာဇဝတ်မှု သို့မဟုတ် တရားမမှု ပြစ်ဒဏ်ခံရနိုင်သည်။19 (ရာဇသတ်ကြီး ပုဒ်မ၃၁၇။) ဥပမာ ကလေးတစ်ဦးကို ပြည့်တန်ဆာလုပ်ခိုင်းစေခြင်းသည် ပြစ်ဒဏ်ထိုက်သော အမှုဖြစ်သည်။20 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၂)။)
ငွေကြေးဆိုင်ရာ တာဝန်
ကလေး၏ မိဘတစ်ဦးဦးမှ ကလေးကို ထောက်ပံ့ပေးရန် တာဝန်ရှိသည်။21 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၁။)
မိဘမှ လိုအပ်သည့် ပံ့ပိုးမှုများကို ပေးအပ်ခြင်းမရှိပါက ကလေးသည် မိဘထံမှ လစဉ်ငွေကြေး အထောက်အပံ့ တောင်းခံခွင့်ရှိပါသည်။22 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၂(က)-(ခ)။)
အခြေအနေပေါ်လိုက်၍ ဖခင်ကို ငွေကြေး အထောက်အပံ့အတွက် ကလေးကိုယ်တိုင်၊ အခြားမိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူမှ ရာဇဝတ်ကျင့်ထုံးဥပဒေ ဖြင့် တရားစွဲဆိုနိုင်သည်။23 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၂(က)။) ထိုသို့ တရားစွဲရန်အတွက် မိဘများမှာ ကွာရှင်းပြတ်စဲထားခြင်း၊ မထားခြင်း နှင့် မဆိုင်ပါ။24 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၂(က)။)
ကလေးသူငယ်စောင့်ရှောက်မှု ဂေဟာ
ကလေးသည် မိဘ သို့မဟုတ် အုပ်ထိန်းသူ သက်ရှိထင်ရှား မရှိပါက သို့မဟုတ် မိဘ သို့မဟုတ် အုပ်ထိန်းသူ နှင့် အတူနေထိုင်ခြင်းသည် ကလေးအတွက် အကောင်းဆုံး အနေအထားမဟုတ်ခဲ့ပါက ကလေးသူငယ် စောင့်ရှောက်သည့် ဂေဟာ တွင် ထားရှိရမည်။25 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၃-၁၇။ ပုဒ်မ ၃၃။)
ဥပမာ အုပ်ထိန်းမှုလိုအပ်နေသောကလေး နှင့် အချို့သော အခြေအနေမျိုးတွင် ကလေးမှ ရာဇဝတ်မှုကျူးလွန်မိပါက သင်တန်းကျောင်း ၏စောင့်ရှောက်မှုအောက်တွင် ထားရှိခြင်း။26 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(ည)။) ရာဇဝတ်မှုတစ်ခုဖြင့် စွပ်စွဲခံရသောကလေးကို ယာယီစောင့်ရှောက်ရေး ဂေဟာတွင် အမှုစုံစမ်းစစ်ဆေးစဉ်နှင့် တရားရုံးတွင် အမှုရင်ဆိုင် ရသည့် ကာလများတွင် ထားရှိနိုင်သည်။27 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(ဌ)။)
အခြားသော စောင့်ရှောက်ရေးနေရာများ ကို ကလေးအတွက် သင့်တော်သော အခြေအနေမျိုးမရှိမှသာ ထည့်သွင်းစဉ်းစားနိုင်သည်။ ထိုအခါတွင် အချိန်အနည်းဆုံး ဖြစ်စေရန် စီစဉ်ရမည်။28 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃၃။)
ကလေးတစ်ယောက် အတွက် ကာကွယ်စောင့်ရှောက်ပေးမှု လိုအပ်နေသည်ဟု ထင်ပါက သက်ဆိုင်ရာ လူမှုဝန်ထမ်း အရာရှိထံ သို့ မည်သူမဆို သတင်းပေးနိုင်သည်။29 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၅၈။ ကာကွယ်စောင့်ရှောက်မှု လိုအပ်သည့် အခြေအနေအမျိုးမျိုးကို ပုဒ်မ၅၆-၅၇ တွင်ကြည့်ရန်။)
လူမှုဝန်ထမ်းအရာရှိသည် အမှုကို စုံစမ်းစစ်ဆေးမည်။ ကလေးအပေါ် ရာဇဝတ်မှုကျူးလွန်ထားသည်ဟု ယူဆပါက အရာရှိမှ သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားမည်ဖြစ်သည်။30 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၅၈။)
ပြစ်မှုထင်ရှားပါက တရားသူကြီးမှ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်အဖြစ် ကလေးအတွက် နစ်နာကြေး ပေးစေမည်။31 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၉။)
မိဘ သို့မဟုတ် အုပ်ထိန်းသူမှ ကလေးအား အကြမ်းဖက်မှု၊ အလွဲသုံးစားလုပ်မှု နှင့် အခြားနည်းလမ်းများဖြင့် ညှင်းပန်းခြင်းတို့ ကို ကြုံတွေ့စေပါက ရာဇဝတ်မှု သို့မဟုတ် တရားမမှု ပြစ်ဒဏ်ခံရနိုင်သည်။32 (ရာဇသတ်ကြီး ပုဒ်မ၃၁၇။) ဥပမာ ကလေးတစ်ဦးကို ပြည့်တန်ဆာလုပ်ခိုင်းစေခြင်းသည် ပြစ်ဒဏ်ထိုက်သော အမှုဖြစ်သည်။33 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၂)။)
ကလေးတစ်ယောက်ကို အိမ်မှထွက်ပြေးရန် ကူပေးခြင်း၊ အိမ်မှထွက်ပြေးလာသော ကလေးကို ဝှက်ထားပေးခြင်း သို့မဟုတ် အိမ်မပြန်နိုင်အောင်တားဆီးခြင်း တို့သည် ပြစ်ဒဏ်ထိုက်ပါသည်။34 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၀(ဂ)(၁)။)
မုဒိမ်းမှု၊ ပြည့်တန်ဆာ အဖြစ်ခိုင်းစေမှုနှင့် အခြားသော အလွဲသုံးစား နှိပ်စက်ညှင်းပန်းမှုများ
၁၆ နှစ်အောက် အမျိုးသမီးများနှင့် မည်သည့်နည်းလမ်းဖြင့်မဆို လိင်ဆက်ဆံခြင်းသည် မုဒိမ်းမှုမြောက်သည်။35 (ရာဇသတ်ကြီး ပုဒ်မ၃၇၅။ (၂၀၁၆)ရာဇသတ်ကြီးအားပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၉(က)။)
အသက်၁၂နှစ်အောက် အမျိုးသမီးကို မုဒိန်းမှုကျူးလွန်ပါက ထောင်ဒဏ် အနှစ် ၂၀မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချနိုင်ပါသည်။36 ((၂၀၁၉)ရာဇသတ်ကြီးအားပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၇၆(၃)။)
အသက် ၁၆နှစ်အထက် အမျိုးသမီးအား သဘောတူညီမှုမရဘဲ လိင်ဆက်ဆံလျှင် မုဒိန်းမှုမြောက်သည်။37 (ရာဇသတ်ကြီး ပုဒ်မ၃၇၅။ (၆/၂၀၁၆)ရာဇသတ်ကြီးအားပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၉(က)။)
ကလေးအား လိင်စိတ်ဖြင့် ထိတွေ့ခြင်းသည် ရာဇဝတ်မှုမြောက်သည်။38 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၀(ဂ)(၂)။)
ကလေး၏ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကလေးအား ပြည့်တန်ဆာလုပ်ခိုင်းစေခြင်း သိုမဟုတ် လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယိုများ တွင်ပါစေခြင်း စသည့် လိင်မှုဆိုင်ရာ အလွဲသုံးစား လုပ်ခြင်း သည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။39 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၆၆။ ပြစ်ဒဏ်များကို ပုဒ်မ ၁၀၅ တွင်ကြည့်ရန်။)
အတင်းအကျပ်လက်ထပ်ထိမ်းမြားစေခြင်း သို့မဟုတ် လက်ထပ်ရန် ခွင့်ပြုခြင်း တို့သည်လည်း ရာဇဝတ်မှုမြောက်သည်။40 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၅)။)
ကလေးသည် ပြည့်တန်ဆာအဖြစ်မလုပ်သော်လည်း ပြည့်တန်ဆာအိမ်ကဲ့သို့သော လိင်ပိုင်းဆိုင်ရာလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ တွင် လုပ်ကိုင်စေခြင်းသည် ရာဇဝတ်မှုမြောက်သည်။41 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၁(ခ)(၂)။)
အဓမ္မစေခိုင်းခြင်း
သက် ၁၈ နှစ်နှင့်အထက် လူကြီးများကို ရာဇဝတ်ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်း နှင့်ထောင်ဒဏ်ချမှတ်ခြင်း နှင့် တိုင်းပြည်၏ အရေးပေါ်အခြေအနေများမှ အပ အဓမ္မစေခိုင်းခြင်း ကို တားမြစ်သည်။42 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၅၉)။ ရာဇသတ်ကြီးပုဒ်မ ၃၇၄။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)။ ပြစ်ဒဏ်များကို ပုဒ်မ ၁၀၃ တွင်ကြည့်ရန်။)
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးအရာရှိ ထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။ နစ်နာသွားရသူများအနေဖြင့် တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုန့်ပြန်ခြင်း ကို ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်းကို ပေးထားပါသည်။
အသက် ၁၈ နှစ် နှင့် ၁၈ အထက်ရှိသူများသာ စစ်တပ်တွင် ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့် ရှိသောကြောင့် အသက် ၁၈ နှစ် မပြည့်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းထဲ ခေါ်ယူခြင်းများကိုလည်း တိုင်ကြားနိုင်သည်။43 ((၂၀၁၀)ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂(ခ)။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၆၁-၆၄။ ပုဒ်မ၃(န)(၁)။ ပြစ်ဒဏ်များကို ပုဒ်မ ၁၀၃-၁၀၅၊ ပုဒ်မ ၁၀၇-၁၀၉ တွင်ကြည့်ရန်။)
လူကုန်ကူးခံရခြင်း
မည်သည့်နည်းလမ်းဖြင့်မဆို လူကုန်ကူးခြင်းသည် တရားမဝင်ပါ။ အသက် ၁၈ နှစ်အောက်ငယ်သူကို လူကုန်ကူးပါက ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။44 ((၂၀၀၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄-၂၅။)
ယခုဥပဒေအောက်တွင် လူကုန်ကူးခြင်း၌ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေပြီး အတင်းအကျပ် လုပ်ဆောင်ခံရသည့် အနေအထားမျိုးတွင် ကျူးလွန်ခံရသူကို ဖမ်းဆီး၍ မရပါ။45 ((၂၀၀၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၃(က)။)
ကျူးလွန်ခံရသူသည် လူကုန်ကူးခြင်းနှိမ်နင်းသည့် ဥပဒေ(၂၀၀၅) အောက်တွင် ဖွဲ့စည်းထားသည့် လူကုန်ကူးခြင်း နှိမ်နင်းရေးတပ်ဖွဲ့သို့ သတင်းပို့နိုင်သည်။
ထိုဥပဒေအရ လူကုန်ကူးခံရသူသည် ကျူးလွန်သူအပေါ် ရာဇဝတ်မှုဖြင့်သာမက တရားမမှုပါ သီးခြားစွဲဆိုနိုင်ပြီး ၎င်းအတွက် လိုအပ်သည့် အထောက်အပံ့များ၊ ဥပမာအားဖြင့် ယာယီနေထိုင်ရန် နေရာ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု နှင့် အခြားသော လူမှုရေး အထောက်အပံ့များ စသည်တို့ ကိုလည်းရရှိနိုင်ပါသည်။46 ((၂၀၀၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၉(က)-(ဆ)။)
ထိုဥပဒေတွင် အမျိုးသမီးနှင့် အသက် ၁၈ နှစ်အောက် လူကုန်ကူးခံရသူအား အကာအကွယ်ပေးသည့်အနေဖြင့် တံခါးပိတ် စစ်ဆေးခြင်း၊ တရားခွင်တွင် တင်ပြသည် စာရွက်စာတမ်းများ ကို အမှုနှင့် တိုက်ရိုက် မသက်ဆိုင်သူများ ကြည့်ခွင့်မပေးခြင်း အပါအဝင် အမှုနှင့်သက်ဆိုင်သည့် အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုမီ သက်ဆိုင်ရာ တာဝန်ရှိသူထံမှ တရားဝင်ခွင့်ပြုမိန့် တောင်းခံစေခြင်း တို့ ပါဝင်သည်။47 ((၂၀၀၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၁(က)-(ဂ)။)
ကလေးသူငယ်တိုင်းသည် အလုပ်လုပ်ပိုင်ခွင့်၊ အနားယူပိုင်ခွင့်၊ အားလပ်ချိန် ရပိုင်ခွင့် များရှိပါသည်။48 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၉(ည)၊ ၄၈(ဂ)။) ကလေးသူငယ်များသည် လူကြီးများနှင့်တန်းတူ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရှိပြီး ထပ်ဆောင်းအကာအကွယ်များလည်း ရပိုင်ခွင့်ရှိသည်။
အသက်လိုအပ်ချက်နှင့် ဆေးစာထောက်ခံချက် | |
အသက် ၁၄ နှစ်အောက် | အလုပ်သမားအဖြစ် ငှားရမ်းခွင့်မရှိပါ။49 ((၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)။ (၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၃(က)။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(ခ)။) |
အသက် ၁၄နှစ်နှင့် အထက် | ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် နှင့် အလုပ်တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည့် စွမ်းဆောင်ရည် ရှိပါက တည်ဆဲအလုပ်သမားဥပဒေများအရ အလုပ် လုပ်ကိုင်နိုင်သည်50 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(ဂ)။) |
အသက် ၁၄ သို့မဟုတ် ၁၅ နှစ် | တစ်ရက် ၄ နာရီထက်ပို၍ အလုပ် မလုပ်စေရ။51 ((၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(က)။ (၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)-(ခ)၊ ၇၉(က)။ အလုပ်ရုံများအက်ဥပဒေ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၃(က)။) အလုပ်ချိန် ညနေ ၆နာရီ နှင့် မနက် ၆နာရီ အချိန်များတွင် အလုပ်မခိုင်းရ။52 ((၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ခ)။ (၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၂(က)-( ခ)၊ ၇၉(ခ)။ အလုပ်ရုံများအက်ဥပဒေ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၃(က)။) |
အသက် ၁၆ နှစ် သို့မဟုတ် ၁၇ | အလုပ်လုပ်ကိုင်နိုင်လောက်သည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ဖြင့်သာ စက်ရုံတွင် လူကြီးများနှင့်တန်းတူ အလုပ်ခန့်ထားနိုင်သည်။53 ((၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၇-၇၈။)
ထိုသို့မရှိပါက အသက် ၁၆နှစ်အောက်များအတွက် ပြဌာန်းထားသော ဥပဒေများသည် ထိုကလေးအတွက် အကျုံးဝင်သည်။54 ((၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၈(၂)။) |
အသက် ၁၈ နှစ်အောက် | ဆိုင်များနှင့် အလုပ်ဌာနများတွင် အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ လိုအပ်သည်။55 ((၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(င)။)
စက်ရုံတွင် အလုပ်လုပ်ကိုင်လျှင် မှတ်ပုံတင်နှင့် အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ အမြဲဆောင်ထားရမည်။56 ((၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၇၆(ခ)။) ဒဏ်ရာ အနာတရ ရနိုင်သည့် ကုန်တင်ကုန်ချ အလုပ်များ သို့မဟုတ် အန္တရာယ်ရှိသည့် အလုပ် များကို မခိုင်းစေရ။57 ((၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ဃ)။ (၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၃၆(၁)။) |
ပြည့်တန်ဆာ၊ လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယို၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း နှင့် ကြွေးမြီနှင့် ဆက်နွယ်၍ အဓမ္မခိုင်းစေခြင်း58 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)။) ကဲ့သို့သော ဆိုးရွားသည့် အလုပ်ခွင် စေခိုင်းမှုများ တွင် မည်သည့် ကလေးတိုင်းကိုမဆို မခန့်အပ်ရ။59 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၈(က)။) အလွဲသုံးစားလုပ်ခြင်း၊ ညှင်းပန်းနှိပ်စက် စော်ကားခြင်း ကဏ္ဍတွင်ကြည့်ပါ။
လက်နက်ကိုင်အဖွဲ့အစည်းများတွင် ကလေးများအား တာဝန်ထမ်းဆောင်ရန် ခေါ်ယူခွင့်မရှိပါ။60 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၆၃-၆၄၊ ၃(န)(၁)။ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပုဒ်မ ၁၀၃-၁၀၅၊ ၁၀၇-၁၀၉ တွင် ကြည့်ပါ။) အသက် ၁၈နှစ်အောက် များကိုလည်း တိုက်ပွဲပြင်းထန်သော နေရာများတွင် စစ်မှုထမ်းရန် မစေလွှတ်ရ။61 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၆၂(ခ)။)
ကလေးများကို ကျန်းမာရေး၊ လုံခြုံရေးနှင့် စာရိတ္တပိုင်းဆိုင်ရာ62 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)(၄)။ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပုဒ်မ ၁၀၀-၁၀၃၊ ၁၀၅၊ ၁၀၇-၁၀၉ တွင် ကြည့်ပါ။) ထိခိုက်စေနိုင်သည့် လောင်းကစားခြင်း၊ အရက်ရောင်းသည့် နေရာတွင် အလုပ်လုပ်ကိုင်ခြင်း63 ((၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပုဒ်မ ၁၄(ဃ)။ (၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ၃၆(၁)။ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၀(က)(၁)၊ ၁၀၀(ခ)(၁)။) စသည့် အလုပ်များကို လုံးဝမခိုင်းစေရ။
ပိုမိုသိရှိရန် အလုပ်သမားအခွင့်အရေး တွင်ကြည့်ပါ။
ကလေးများနှင့် ပြစ်မှုဆိုင်ရာ တာဝန်ယူမှု
သင့်အခွင့်အရေး၊ လုံခြုံဘေးကင်းရေး အစောင့်အရှောက်များနှင့် ပြစ်မှုဆိုင်ရာ တာဝန်ယူမှု တို့သည် ပြစ်မှုတစ်ခုဖြင့် စတင် စွပ်စွဲခံရသော အချိန်တွင် ကျရောက်သော အသက် ပေါ်မူတည်သည်။
အသက် ၁၈နှစ်အောက် | ကလေးသူငယ်ဟု သတ်မှတ်သည်။အသက် ၁၈နှစ်ပြည့်ပြီးကြောင်း အထောက်အထားမပြနိုင်သေးသည့် အချိန်အထိ အသက် ၁၈ နှစ် အောက် ဟု ယူဆရသော သူတစ်ယောက်သည် ကလေးသူငယ်များအတွက် ပြဌာန်းထားသော အခွင့်အရေးများကို ရပိုင်ခွင့်ရှိသည်။64 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၇၉။)
ကလေးသူငယ်သည် စွပ်စွဲခံရသူ လူကြီးများ ရရှိသည့် အခွင့်အရေးများအပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကိုလည်း ခံစားခွင့်ရှိသည်။ ကလေးသူငယ်တရားရုံးတွင် စီရင်ပေးခြင်း နှင့် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း ကဲ့သို့သော အခွင့်အရေးများ ရရှိပိုင်ခွင့်ရှိသည်။65 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၃(က)။) |
၁၀ သို့မဟုတ် ၁၁နှစ် | ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရချိန်တွင် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အပြည့်အဝ နားလည်နိုင်ရန် ကောင်းမွန်စွာ ရင့်ကျက်မှု မရှိသေးကြောင်း တရားသူကြီးမှထင်မြင်ပါက ပြစ်မှုဖြင့်စွဲဆိုခြင်းမပြုဟု ဆုံးဖြတ်နိုင်သည်။66 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၇၈(ခ)။) |
အသက် ၁၀နှစ်အောက် | မည်သည့်အမှုမျိုးနှင့်မျှ တရားစွဲဆိုခြင်းမပြုရ။67 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၇၈(က)။) |
ဖမ်းဆီးခြင်း
ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် ပြစ်မှုကို ရဲအရာရှိမှ ကလေးနားလည်လွယ်အောင် ရှင်းပြရမည်။68 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ခ)။)
ဖမ်းဆီးချိန်တွင် ကလေးအားလက်ထိပ်ခတ်ခြင်းနှင့် အလားတူချုပ်နှောင်ခြင်းများ မပြုလုပ်ရ။69 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ဃ)။)
ဖမ်းဆီးချိန်တွင် ကလေးအား ရဲဝန်ထမ်းမှ ခြိမ်းခြောက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း မပြုရ။70 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ဂ)။)
မိဘ သို့မဟုတ် အုပ်ထိန်းသူကို ဖမ်းဆီးထားကြောင်း ချက်ချင်း အကြောင်းကြားပေးရမည်။71 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ဆ)။)
ကလေးအား မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် ရှေ့နေ တို့ဖြင့် တွေ့ခွင့်ပေးရမည်။72 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ဆ)။)
သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် အာမခံပေးခြင်း
ကလေးသူငယ်များကို လူကြီးများနှင့်အတူ ချုပ်နှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း မလုပ်ရ။73 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(စ)။)
မိန်းကလေးများကို အမျိုးသမီးအစောင့်ကသာ စီမံထိန်းချုပ်ရမည်။74 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(စ)။)
ကလေးသူငယ်များကို ရဲအချုပ် နှင့် အကျဉ်းထောင်တွင် ချုပ်မိန့်မပေးရ။75 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(င)၊ ၈၃(င)။)
ဖြစ်နိုင်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ပြန်လည် အပ်နှံရမည်။76 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၃(ဂ)-(ဃ)။)
နောက်ဆုံးနည်းလမ်းအဖြစ် စောင့်ရှောက်ရေးဂေဟာ သို့လည်း ပို့ဆောင်နိုင်သည်။77 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၈၃(ဂ)-(ဃ)။)
ကလေးတစ်ဦးကို မည်သည့် ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသည် ဖြစ်စေ အာမခံပေးရမည်။78 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)။)
တရားရုံးတင်စစ်ဆေးခြင်း
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း မပြုပါက သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံး လွှဲပြောင်းရမည်။79 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဈ)။)
ကလေးသူငယ်တရားရုံးသည် ကလေးသူငယ်ကို စစ်ဆေးရာတွင် လူကြီးတရားခွင် မဟုတ်သည့် သီးခြားတရားရုံး သို့မဟုတ် အဆောက်အအုံ တွင်ဖြစ်ရမည်။80 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)
ကလေးသူငယ်အမှုကို အမြန်ဆုံးကြားနာစစ်ဆေးရမည်။81 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(စ)။)
ကလေးသူငယ်တရားရုံးသည် ကလေးအတွက် မျှတပြီး အကောင်းဆုံးဖြစ်စေမည့် ဆုံးဖြတ်ချက်ကို ဦးစားပေး ရမည်။82 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(ဃ)။)
မိဘ သို့မဟုတ် သင့်လျော်သူတစ်ဦးဦးမှ ကလေးသူငယ်ကိုယ်စား ခုခံချေပရန် ထွက်ဆိုချက်များ၊ တင်သွင်းချက်များကို တရားရုံးမှခွင့်ပြုရမည်။83 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ဂ)။)
ကလေးသူငယ်ကို စစ်ဆေးသည့် တရားရုံးများ တရားခွင်များတွင် အများပြည်သူများ ဝင်ထွက်ခွင့် မရှိစေရ။မိသားစုဝင်များ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် မျက်မြင်သက်သေ၊ တရားရုံးဝန်ထမ်းများကဲ့သို့သော အမှုနှင့် သက်ဆိုင်သူများကိုသာ ကလေးသူငယ်ဆိုင်ရာ တရားခွင်သို့ ဝင်ရောက်ခွင့်ပြုရမည်။ အခြားသူများ ဝင်ရောက်ခွင့်ကို တရားသူကြီးမှ ဆုံးဖြတ်ပေးရမည်။84 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)
ကလေးသူငယ်၏ ကောင်းကျိုးဖြစ်စေမည့် ရည်ရွယ်ချက်မှအပ အမှု၏ သတင်းအချက်အလက်များကို မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။85 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၅(ခ)။)
ပြစ်မှုကျူးလွန်ခြင်းခံရသောကလေးနှင့် သက်သေထွက်ဆိုသော ကလေး တို့အတွက် ဥပဒေအရ လွတ်လပ်လုံခြုံမှုအပါအဝင် ကာကွယ်စောင့်ရှောက်မှုပေးရမည်။86 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၆(က)မှ(င)။)
အမိန့်ချခြင်းနှင့် အယူခံဝင်ခြင်း
ပြစ်မှုထင်ရှားပါက တရားသူကြီးအနေဖြင့် ကလေး၏ ကောင်းကျိုးနှင့် အကျင့်စာရိတ္တ ပြောင်းလဲလာစေရန် ဦးတည်သော ပြစ်ဒဏ်ကိုသာ ချမှတ်ရမည်။87 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၇။)
အမိန့်ချမှတ် ရာတွင် ကလေး၏ အသက်၊ အကျင့်စာရိတ္တ၊ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပြင် အခြားသော အကြောင်းရာ များကိုလည်း အထူး ထည့်သွင်းစဉ်းစားရမည်။88 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၇(က)မှ(စ)။)
အသက်အရွယ်ပေါ်မူတည်၍ ပြစ်ဒဏ်အမျိုးမျိုးပြောင်းလဲနိုင်သော်လည်း ကလေးတစ်ယောက်အား ထောင်ဒဏ် ၁၀နှစ် ထက်ပိုပြီးချမှတ်ခွင့်မရှိပါ။89 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ဃ)။)
ကျူးလွန်သည့် ပြစ်မှု၏ ပြစ်ဒဏ်မှာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက် တစ်ကျွန်း အထိဖြစ်နိုင်သော်လည်း ကလေးသူငယ် တစ်ဦးကို အများဆုံး ၇ နှစ်သာ ထောင်ဒဏ် ချမှတ်နိုင်သည်။
ကလေးသူငယ်တရားရုံး သည် သာမန်အားဖြင့် ထောင်ဒဏ်ချမှတ်ခြင်း မပြုရ။90 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(က)။)
ကလေးသူငယ်တရားရုံး မှ ပြစ်ဒဏ်ချမှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေး၏ အကျင့်စာရိတ္တကို ပြုပြင်ပေးရန် အတွက်သာ ဖြစ်ပြီး အပြစ်ပေးရန်အတွက် မဟုတ်ပါ။91 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(က)။ ပြစ်ဒဏ်နှင့်ပတ်သက်သည်များကို (၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ဂ)၊ ၈၉ တွင်ကြည့်ပါ။)
တရားရုံးမှ ချမှတ်လိုက်သည့် အမိန့်နှင့် ဆုံးဖြတ်ချက်များ အား ကလေးသူငယ်တစ်ဦးသည် အယူခံဝင်ပိုင်ခွင့်ရှိသည်။92 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၁(ဃ)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း
ထောင်ချခြင်းထက် အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း ကို ဦးစားပေးဆောင်ရွက်ရမည်။93 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၇(င)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း မပြုလျှင် ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံး ပို့ဆောင်ရမည်။94 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဈ)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရာတွင် အချက်အချို့ကို ထည့်သွင်းစဉ်းစားရမည်။ ပြစ်မှု၏သဘောသဘာဝ၊ အသက်၊ စိတ်ပိုင်းဆိုင်ရာဖွံဖြိုး ရင့်ကျက်မှု၊ ပြစ်မှုဟောင်းရှိမရှိ နှင့် ရပ်ရွာ၏ ဘေးကင်းလုံခြုံမှုအပေါ် သက်ရောက်မှု ရှိမရှိ စသည်တို့ပါဝင်သည်။95 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၃(ဎ)၊ ၇၁(က)(၁)မှ(၇)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရာတွင် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရာတွင် သတိပေးဆုံးမခြင်း၊ ပြစ်မှုကျူးလွန်ခံရသူအတွက် နစ်နာကြေးပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင်ပါဝင်စေခြင်း စသည့် ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်သော လုပ်ဆောင်ချက်များ ပါဝင်နိုင်သည်။96 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၅(ခ)(၁)မှ(၉)။)
အကျဉ်းထောင်ရှိ ကလေးများ
လူကြီးအကျဉ်းသားများနှင့် သီးသန့်ထားရှိရမည်။ ပုံမှန်ဆေးစစ်ပေးခြင်း၊ ပုံမှန် ဧည့်တွေ့လက်ခံခွင့်ရရှိခြင်း နှင့် ပညာရေးနှင့်ဆိုင်သည့် အခွင့်အရေးများ ထောက်ပံ့ပေးခြင်း တို့ကိုရပိုင်ခွင့်ရှိသည်။97 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(က)၊(ဂ)၊(စ)၊(ဆ)။)
အလုပ်ကြမ်းခိုင်းစေခြင်း သို့မဟုတ် အကျဉ်းဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ထိန်းချုပ်စခန်းများသို့ ပေးပို့ခြင်းမပြုရ။98 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(င)။)
- ၂၀၁၉ ကလေးသူငယ်ဥပဒေ
- ရာဇဝတ်ကျင့်ထုံးဥပဒေ
- (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ
- (၁၉၅၁)အလုပ်ရုံများအက်ဥပဒေ(၂၀၁၆ ပြင်ဆင်ချက်)
- ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၂၀၁၆)
- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ(၁၉၉၃)
- ၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ(၁၉၉၈ပြင်ဆင်ချက်)
- ရဲလက်စွဲ
- အကျဉ်းထောင် အက်ဥပဒေ
- (၂၀၁၀)ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ
- (၂၀၁၆)ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ
- (၁၈၇၂)မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ(၂၀၁၇ ပြင်ဆင်ချက်)
- ၂၀၀၅လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ