Site icon Lann Pya

ရှေ့နေနှင့်တွေ့ဆုံခြင်း

မာတိကာ

– အကယ်၍ ရှေ့နေမှ သင့်အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသည်ကို သဘောတူပါက ရှေ့နေမှ သင့်အား ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို လက်မှတ်ထိုးစေမည်ဖြစ်သည်။ ယင်းစာသည် သင်(အမှုသည်)နှင့် ရှေ့နေအကြား ရေးသား ထားသော ကတိပဋိဉာဉ်ပင်ဖြစ်သည်။ ထို့နောက်အဆိုပါ ရှေ့နေကိုယ်စားလှယ်လွှဲစားကို သက်ဆိုင်ရာတရားရုံးသို့ တင်သွင်းမည်ဖြစ်ပါသည်။

– ရှေ့နေမှ အောက်ပါတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားလိမ့်မည် ဖြစ်ပါသည်။

– အမှုသည်မှာ ဆက်သွယ်လာပါက ပြန်လည်အကြောင်းကြားပေးခြင်း၊ အမှု၏တိုးတက်ဖြစ်ထွန်းမှုနှင့် နောက်ဆုံး ရောက်ရှိနေသော အခြေအနေများကို ပြောပြခြင်း

– လာမည့်ရုံးချိန်းအတွက်ကြိုတင်ပြင်ဆင်ခြင်းနှင့် ရုံးချိန်းပြီးနောက် ရှေ့ဆက်ဖြစ်ပေါ်လာမည့်အရာများကို ရှင်းပြခြင်း

– အမှုတွဲအပါအဝင် သင့်အမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ရယူခြင်း

– တရားရုံးအမိန့်များ၊ ရှေ့နေကိုယ်စားလှယ်လွှဲစာများအပါအဝင ်အမှုနှင့်သက်ဆိုင်သောစာရွက်စာတမ်း အထောက် အထားများ၊ လုံခြုံစိတ်ချရသောနေရာတွင် သိမ်းဆည်းထားရှိခြင်း တို့ဖြစ်ပါသည်။

– အကယ်၍သင်သည် ရဲအချုပ်တွင်ရောက်ရှိနေပါက၊ သင့်ရှေ့နေအနေဖြင့် ဖြစ်နိုင်ချေရှိသမျှ သင်လတ်တလော လွတ်မြောက်ရေးအတွက်ကို အရေးဆိုပေးမည်ဖြစ်ပါသည်။

– ရှေ့နေတစ်ယောက်၏ ဝတ္တရားမှာ ၎င်း၏အမှုသည်ဖြစ်သူ သင့် ရွေးချယ်ဆုံးဖြတ်မှုများ ပြုလုပ်ရာတွင် အချက်အလက် ပြည့်စုံမှန်ကန်စွာရှိရေးအတွက် ကူညီပေးရန်ဖြစ်ပါသည်။ ရှေ့နေတစ်ဦးအနေဖြင့် အမှုသည်ဗဟိုပြု ဆောင်ရွက် သင့်ပြီး သင့်ထံမှသာ ညွှန်ကြားချက်များကို ရယူရမည်ဖြစ်ပါသည်။

– သို့သော် အချို့သော သင့်ညွှန်ကြားချက်များကို အဘယ်ကြောင့် ဆောင်ရွက်လိမ့်မည် သို့မဟုတ် ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်းရှင်းပြရန် လိုအပ်ပါသည်။ ဥပမာ- ယင်းညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်အတွက် ဥပဒေ လမ်းကြောင်းမရှိခြင်း၊ သို့မဟုတ် ယင်းညွှန်ကြားချက်သည် ဥပဒေနှင့်ဆန့်ကျင်နေခြင်း။

– သင် သို့မဟုတ် သင့်ကိုယ်စားဆောင်ရွက်ပေးသူအနေဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားစာရွက်စာတမ်း များကို ရှေ့နေအားပေးနိုင်ရန် စုဆောင်းထားသင့်ပါသည်။

– ရှေ့နေနှင့်တွေ့ဆုံသည့်အခါ သင်သိလိုသော (သို့မဟုတ် ဖြေရှင်းလိုသော) မေးခွန်းများ၊ စိုးရိမ်မိသော အချက်များကို ပြင်ဆင်ထားသင့်ပါသည်။

– အသင့် အရေးကိစ္စအခြေအနေများကို ရိုးရိုးသားသား၊ ရှင်းရှင်းလင်းလင်း၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်ရန် အတွက် ပြင်ဆင်ထားသင့်ပါသည်။

– သင်၏ ရပိုင်ခွင့်အခွင့်အရေး၊ တာဝန်ဝတ္တရားများကိုသာမက သင့်တွင် ဥပဒေအရ ဆောင်ရွက်ခွင့်ရှိသော အရာများ ကိုပါ ရှေ့နေအား မေးမြန်းသင့်ပါသည်။

– သင်ဆုံးဖြတ်ချက် ချမှတ်ရာတွင် အချက်အလက်ပြည့်စုံစွာ ရရှိစေရန်အတွက် သင်လက်တွေ့ရွေးချယ် ဆောင်ရွက်မည် ဖြစ်သောအရာများကို ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူး၊အန္တရယ်များနှင့် ပတ်သက်ပြီး သင့်ရှေ့နေ၏ ဥပဒေဆိုင်ရာ ထင်မြင်ချက်ကို ရှင်းပြစေပါ။

– သင့်အမှုတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်း ရှိမရှိ သင့်ရှေ့နေကို မေးမြန်းသင့်ပါသည်။ ယင်းတွင် သင့်ရှေ့နေသည် သင့်အမှုနှင့်သက်ဆိုင်သောသူများ (သင့်အမှုတွင်သက်သေအဖြစ်ပါလာနိုင်ချေရှိသောသူများ)ကိုအမှုလိုက်ပါ ဆောင်ရွက် ပေးနေခြင်း သို့မဟုတ် အမှုလိုက်ပါဆောင်ရွက်ပေးဖူးခဲ့ခြင်း ရှိမရှိ မေးမြန်းသင့်ပါသည်။

– အကယ်၍ သင်မှ ရှေ့နေတစ်ဦးအား သင့်အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသည်ကို သဘောတူပါက သင့်အနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာကို လက်မှတ်ထိုးရမည်ဖြစ်ပါသည်။ ယင်းစာသည် သင်(အမှုသည်)နှင့် ရှေ့နေအကြား ရေးသားထားသော ကတိပဋိဉာဉ်ပင်ဖြစ်သည်။

– ရှေ့နေမှလည်း သင့်အတွက် တရားရုံးတွင်အမှုလိုက်ပါဆောင်ရွက်နိုင်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာကို တရားရုံးသို့ တင်သွင်းရမည်ဖြစ်ပါသည်။

– တရားရုံးသို့တင်သွင်းပြီးဖြစ်သော ရှေ့နေကိုယ်စားလှယ်လွှဲစာသည် အမှုပြီးဆုံးသည်အထိလည်းကောင်း၊ ရှေ့နေ သို့မဟုတ် အမှုသည် သေဆုံးသည်အထိ လည်းကောင်း အကျိုးသက်ဝင်ပါသည်။

– အမှုသည်မှဖြစ်စေ၊ ရှေ့နေမှဖြစ်စေ အမှုမှ ရှေ့နေကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခွင့်ပြုပါရန် ရေးသားလျှောက်ထား လာပါက တရားရုံးအနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခွင့်ပြုနိုင်သည်။

Exit mobile version