サイトアイコン Lann Pya

ပစ္စည်းဥစ္စာကို သိမ်းဆည်းခြင်းနှင့်ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း

မာတိကာ

  • နိုင်ငံသားအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိသည်။ 1 (ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၅၇)
  • သတ်မှတ်ထားသည့် အချို့အခြေအနေများတွင် ပစ္စည်းဥစ္စာနှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းဆည်းခြင်း သို့မဟုတ် ပြည်သူဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်ပါသည်။ 2 (ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း သို့မဟုတ် ပြည်သူ့ဘဏ္ဘာအဖြစ်သိမ်းဆည်းခြင်း တို့ကို ခွင့်ပြုထားသည့် ဥပဒေများ ရှိပါသည်။ ဥပမာ ငွေကြေးခဝါချခြင်း (တရားမဝင်ရရှိခဲ့သောငွေကြေးကို ဖုံးကွယ်ခြင်းလုပ်ရပ်) နှင့် ဆက်စပ်နေသော ငွေကြေးများကို အာဏာပိုင်များက သိမ်းယူ သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ပါသည်။ ၂၀၁၄ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ကြည့်ပါ။ ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဥပဒေအရ အဂတိလိုက်စားမှုပြစ်မှုနှင့်ဆက်စပ်သော ပစ္စည်းများကို သိမ်းဆည်းနိုင်ပါသည်။ ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ကြည့်ပါ။ ထိုဥပဒေများအရ သက်သေပြရမည့်တာဝန်ကို စွပ်စွဲခံရသူအပေါ် ရွှေ့ပြောင်းထားပြီး စုံစမ်းစစ်ဆေးခံရသူ အနေဖြင့် “၎င်းပိုင်ဆိုင်သော ငွေကြေးများ၊ ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများသည် မည်ကဲ့သို့သော ဝင်ငွေဖြင့် တရားဝင်ရရှိခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများဖြင့် သက်သေပြရမည်ဖြစ်သည်။” အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ (၂၀၁၃)ပုဒ်မ ၆၄ကိုကြည့်ပါ။ ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခြင်း/ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကိုလည်းကြည့်ပါ။)
    • သိမ်းဆည်းခြင်းသည် ပစ္စည်းများကို ထိန်းသိမ်းရန်အတွက် ယာယီရယူ ထားခြင်းကို ဆိုလိုပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ဆိုသည်မှာ ပိုင်ဆိုင်မှုများကို လိုက်ခြင်း (သို့မဟုတ် ထိုပိုင်ဆိုင်မှုများကို ရောင်းသည်ရှိခဲ့သည် ရှိသော် ရောင်းရငွေများကို) အမြဲတစေ ရုပ်သိမ်း လိုက်ခြင်းကို ရည်ညွှန်းပါသည်၊
  • ပစ္စည်းဥစ္စာ သို့မဟုတ် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းယူခဲ့သော် လူပုဂ္ဂိုလ်အားလုံးသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ပေးရန် တောင်းဆိုပိုင်ခွင့် ရှိပါသည်။ 3 (မြေသိမ်းယူခြင်းနှင့်ပတ်သက်၍ မြေသိမ်းယူခြင်းအက်ဥပဒေ(၁၈၉၄)၊လယ်ယာမြေအက်ဥပဒေ (၂၀၁၂)နှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းအက်ဥပဒေ (၂၀၁၂)တို့ကိုကြည့်ပါ။)
  • ရဲတပ်ဖွဲ့၊ တရားရုံး သို့မဟုတ် အခြားသောအာဏာပိုင်များက ပစ္စည်းကို သိမ်းယူခြင်း သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသည့်အခါ အဆိုပါပစ္စည်းကို ပြန်လည်တောင်းဆိုလိုသူ အနေဖြင့် ရှေ့နေ၏ အကူအညီကို ရယူသင့်ပါသည်။
    • ရှေ့နေသည် သီးခြားပေါ်ပေါက်နေသော အချက်အလက်နှင့် အခြေအနေများအပေါ် အခြေခံပြီး မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို အမှုသည်အား အကောင်းဆုံး အကြံဉာဏ် ပေးနိုင်ပါသည်၊ ယင်းတွင် –
      • ပြစ်မှု သို့မဟုတ် စွပ်စွဲခံရသူနှင့် သိမ်းယူခဲ့သော သို့မဟုတ် ပြည်သူဘဏ္ဍာအဖြစ် သိမ်းယူခဲ့သော ပစ္စည်း အကြား ဆက်စပ်သော သက်သေခံ အထောက်အထား များကို စောဒက တက်ခြင်း
      • ပစ္စည်းယာယီသိမ်းယူခြင်းကို ဖြစ်စေခဲ့သော ဖမ်းဆီးခြင်း သို့မဟုတ် ရှာဖွေခြင်းတို့သည် တရားဝင်-မဝင်ကို ကနဉီး စောဒက တက်ခြင်း 4 (မြန်မာနိုင်ငံတရားရုံးက တရားမဝင်ရယူထားသော ရုပ်ပိုင်းဆိုင်ရာသက်သေခံချက်ကို ဖယ်ထုတ်ပါသည်။ ဥပမာ ခရောင်းနှင့် မဂျမ်း (ပါ ၁၂) ၊ ၁ အလ်ဘီအာရ် ၁၂၁ စာ – ၁၂၀၊ ဧကရာဇ်-ဘုရင်မင်းမြတ်နှင့် မောင်ချို (ပါ အခြား) ၂ အလ်ဘီအာရ် ၄၃၊ ဗွီ အက်အမ် မွိုဒ်ဒီန် ညီအစ်ကိုများနှင့် အွန်သောင်နှင့်ကုမ္မဏီ ၉ အလ်ဘီအာရ် ၄၇ စာ ၄၅ တို့ကို ကြည့်ပါ။)
  • ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာဏာပိုင်များသည် ပစ္စည်းများ၊ ပိုင်ဆိုမှုများကို အကြောင်းပြချက် များစွာဖြင့် သိမ်းယူနိုင်ပါသည်။
    • တရားရုံးသည် အချုပ်လွတ် အာမခံစည်းကမ်းချက် အနေဖြင့် ပစ္စည်းများ အပါအဝင် ပိုင်ဆိုင်မှု များကို သိမ်းယူနိုင်ပါသည်။ 5 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၄၉၉။ တရားသူကြီးအနေဖြင့် ခံဝန်ချုပ် ချုပ်ဆိုပြီးလျှင် ပြီးချင်း ရောက်ရှိရန် ခံဝန်ချုပ် ချုပ်ဆိုပေးရသူကို လွှတ်ရမည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၅၀၀(၁))
      • ခံဝန်ချုပ်ဖောက်ဖျက်ခဲ့သော် တရားရုံးက အာမခံအဖြစ် တင်သွင်းထားသော ပစ္စည်း များကို သိမ်းယူနိုင်ပါသည်။ 6 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉)ပုဒ်မ ၅၁၄)
    • စွပ်စွဲခံရသူသည် ထွတ်ပြေးတိမ်းရှောင်ခဲ့သော် ထိုသူပိုင် ပစ္စည်းများအပေါ် တရားရုံးက ဝရမ်း ကပ်နိုင်ပါသည်။ ထိုသို့ ပစ္စည်းများအပေါ် ဝရမ်းကပ်ခြင်းသည် အဆိုပါ ပစ္စည်းများကို အချုပ်လွတ်အာမခံ စည်းကမ်းချက်အဖြစ် ရယူထားခြင်းနှင့် သက်ဆိုင်မှု မရှိပါ။ 7 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉)ပုဒ်မ ၈၈(၁)) ပစ္စည်းအား ဝရမ်းကပ်ခြင်းကို ကြည့်ပါ။
    • ခိုးရာပါ ပစ္စည်း အပါအဝင် မည်သည့်ပြစ်မှုကိုမဆို ကျူးလွန်ရာတွင် သက်သေခံ ပစ္စည်း ဖြစ်သည်ဟု ယုံကြည်ဖွယ်ဖြစ်သော မည်သည့်ပစ္စည်းကိုမဆို ရဲတပ်ဖွဲ့က သိမ်းယူနိုင် ပါသည်။ 8 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၅၅၀။ ပစ္စည်းများ သိမ်းဆည်းခြင်း/ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင် များနှင့် ပတ်သက်သော ပုဒ်မများကို နောက်ထပ်ဥပဒေများတွင် တွေ့နိုင်ပါသည်။ ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ ထိုဥပဒေတွင် ဖော်ပြထားသော ပြစ်မှုများနှင့် ဆက်နွယ်သော မရွှေ့မပြောင်း နိုင်သော ပစ္စည်းများကို သက်သေခံပစ္စည်းအဖြစ် သိမ်းယူရန် ဗဟိုအဖွဲ့က သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ(၁၉၉၃)၊ပုဒ်မ (ဈ)-(ည)။)
      • အမှုကို အပြီးသတ်ဆုံးဖြတ်ပြီးနောက် တရားရုံးက ပစ္စည်း (သို့မဟုတ် ထိုပစ္စည်းအား ရောင်းချခဲ့သော် ရောင်းရငွေများ)ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရန် အမိန့်ချမှတ် နိုင်ပါသည်၊ ရာဇဝတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းဥစ္စာသိမ်းယူခြင်းကို ကြည့်ပါ။
  • စွပ်စွဲခံရသူက ဖမ်းဝရမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါက ထိုစွပ်စွဲခံရသူပိုင်ဆိုင်သည်ဟု ယုံကြည် ရသည့် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းအပေါ် ဖမ်းဝရမ်းကပ်ရန် တရားရုံးက ဆုံးဖြတ်နိုင်ပါသည်။ 9 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၈၇-၈၈)
    • ကြေညာခြင်းခံရသူသည် ကြေညာချက်တွင် သီးခြား ဖော်ပြထားသည့် အချိန်အတွင်း ရောက်ရှိလာလျှင် တရားရုံးသည် ပစ္စည်းကို ဝရမ်းကပ်ထားခြင်းမှ ဝရမ်းခွာကြောင်း အမိန့် ချမှတ်ပေးရမည်။ 10 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၈၈ (၆-င))
      • (၂)နှစ်အချိန်ကာလအတွင်း လူပုဂ္ဂိုလ်တစ်ဦးသည် တရားရုံးကျေနပ်အောင် အောက်ပါအချက်များကို သက်သေထင်ရှား တင်ပြနိုင်လျှင် ပစ္စည်းကို ပြန်ရ နိုင်ပါသည်။ 11 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၉)
        • သူသည် ဝရမ်းအတည်ပြုခြင်းကို ရှောင်ကွင်းရန် အတွက် ပုန်းကွယ်နေခြင်း၊ တိမ်းရှောင်ခဲ့ခြင်း မဟုတ်ကြောင်း
        • သူသည် ကြေညာချက်တွင်ဖော်ပြထားသောအချိန်အတွင်း တရားရုံးအရှေ့ လာရောက်နိုင်ရန် ထိုကြေညာချက်ကို မသိခဲ့ကြောင်း
        • ပစ္စည်းကိုရောင်းချခဲ့ပြီးလျှင် ရောင်းချသည့်အသားတင်ငွေ သို့မဟုတ် ထိုပစ္စည်း၏တစ်ချို့တစ်ဝက်ကိုသာ ရောင်းချခဲ့ပြီးလျှင် ထို့နောက် ရောင်းချသည့်အသားတင်ငွေနှင့် ကျန်ရှိပစ္စည်းကို ဝရမ်းကပ်ခြင်းအကျိုးဆက်ဖြင့်ပေါ်ပေါက်ခဲ့သော ကုန်ကျစရိတ်အားလုံးမှ ထိုတရားရုံးတွင် ကျေနပ်စေပြီးနောက် ပြန်ပေးရမည် သို့မဟုတ် လွှဲအပ်ပေးရမည်။
  • ဝရမ်းကပ်ထားသောပစ္စည်းကို (စွပ်စွဲခံရသူ/များ မှအပ) အခြားသူတစ်ဉီးက ပိုင်ဆိုင်လျှင် ထိုပုဂ္ဂိုလ်က ပစ္စည်းဝရမ်းကပ်ခြင်းကို တောင်းဆိုခြင်း သို့မဟုတ်ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ 12 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၈(၆က))
    • တောင်းဆိုခြင်း သို့မဟုတ် ကန့်ကွက်ခြင်းကို စုံစမ်းစစ်ဆေးပြီး တောင်းဆိုချက်/ ကန့်ကွက်ချက် အားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကိုဖြစ်စေ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ 13 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၈(၆က))
    • တောင်းဆိုခြင်း သို့မဟုတ် ကန့်ကွက်ခြင်းကို ဝရမ်းကပ်သည့်နေ့မှ ခြောက်လအတွင်း ပြုလုပ် ရမည်ဖြစ်သည်။ 14 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၈(၆က))
    • ယေဘုယျအားဖြင့် ဤကဲ့သို့တောင်းဆိုခြင်း သို့မဟုတ် ကန့်ကွက်ခြင်းတို့ကို ဝရမ်းအမိန့် ထုတ်ဆင့်သည့် တရားရုံးတွင် ပြုလုပ်နိုင်ပါသည်။ 15 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၈(၆ခ))
    • တောင်းဆိုချက်/ ကန့်ကွက်ချက် အားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကိုဖြစ်စေ ငြင်းပယ်ခံရ လျှင် အငြင်းပွားသည့် ပစ္စည်းနှင့်စပ်လျဉ်း၍ အခွင့်အရေးရှိသည့် တတိယပုဂ္ဂိုလ်က တရားမမှု စွဲဆိုနိုင်ပါသည်။ သို့မဟုတ်ပါက ထိုအမိန့်သည် အပြီးသတ်ဖြစ်သွားပါမည်။ 16 (ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၈၉)ပုဒ်မ ၈၈(၆ဃ))
      • ထိုတရားမမှုကို ဝရမ်းအမိန့်ချမှတ်သည့်နေ့မှ တစ်နှစ်အတွင်း စွဲဆိုရမည်။
  • ယေဘုယျအားဖြင့် ဝရမ်းကပ်ထားသောပစ္စည်းများကို ဝရမ်းကပ်သည့်နေ့မှ ခြောက်လမကျော်မချင်း ရောင်းချ၍မရပါ။ 17 (ပစ္စည်းများသည် တိရစ္ဆာန်ကဲ့သို့ အလျင်အမြန် သို့မဟုတ် သဘာဝအလျောက်ပျက်စီးယိုယွင်းခြင်းဖြစ်စေနိုင်သည့် သို့မဟုတ် အခြားနည်းဖြင့် အဆောတလျင်အာရုံစိုက်ဖို့လိုအပ်သည့်နေရာတို့တွင် ခြွင်းချက်ရှိပါသည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ (၁၈၈၉) ပုဒ်မ ၈၇ (၇))
    • အခြားလူပုဂ္ဂိုလ်တစ်ဦးမှ ကန့်ကွက်ခြင်း သို့မဟုတ် တောင်းဆိုခြင်းများ ပြုလုပ်လာပါက အဆိုပါ တောင်းဆိုမှု/ကန့်ကွက်မှုကို ဖြေရှင်းပြီးမှသာ ထိုပစ္စည်းများကို ရောင်းချရမည် ဖြစ်သည်။
  • ရာဇဝတ်မှုတစ်ခုကို အပြီးသတ်ဆုံးဖြတ်ချက် ချလိုက်သည့်အခါ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု ခဲ့သည့် (သို့မဟုတ်အသုံးပြုခဲ့ပုံပေါ်သည့်) ပစ္စည်း သို့မဟုတ် အထောက်အထား စာရွက်စာတမ်း များကို သိမ်းယူရန် တရားရုံးက အမိန့်ချမှတ် နိုင်ပါသည်။ 18 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၇(၁)။ တရားရုံးက ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို လက်ရှိထားခွင့် ရှိသည်ဟု တောင်းဆိုသူ ထံသို့ ပြန်လည်ပေးအပ်နိုင်သော်လည်း ကန့်သတ်ချက်များရှိပါသည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၅၁၇(၄)။)
    • “ပစ္စည်း”ဟုဆိုရာတွင် အမှုသည်တစ်ဉီးဉီး၏ လက်ရှိပစ္စည်း သို့မဟုတ် ၎င်း၏ထိန်းချုပ်မှု အောက်ရှိ မူလပစ္စည်းသာမက ၎င်းပစ္စည်းနှင့် လုပ်ကိုင်ထားသော၊ သို့မဟုတ် ပြောင်းလဲထားသော၊ သို့မဟုတ် လဲလှယ်ထားသော မည်သည့်ပစ္စည်းမဆို တိုက်ရိုက်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ယင်းကဲ့သို့ ပြောင်းလဲ၍ ရရှိသော၊ သို့မဟုတ် လဲလှယ်၍ ရရှိသော ပစ္စည်း များလည်း ပါဝင်ပါသည်။ 19 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၅၁၇(၄)၊ အဓိပ္ပါယ်ရှင်းလင်းချက်။)
    • ထိုပုဒ်မအရ ပစ္စည်းများကိုသိမ်းယူရန် အမိန့်ချမှတ်လိုက်သည့်အခါ ထိုအမိန့်ကို အောက်ပါ အတိုင်း အတည်ပြုဆောင်ရွက်ခြင်း မပြုရ
      • တစ်လအတွင်း ဆောင်ရွက်ခြင်း၊
      • အယူခံတင်သွင်းထားပြီး ထိုအယူခံမှု စီရင်ဆုံးဖြတ်မှု မပြီးမီ ဆောင်ရွက်ခြင်း 20 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၅၁၇(၃))
      • ခြွင်းချက်အနေဖြင့် ပစ္စည်းသည် သက်ရှိပစ္စည်းဖြစ်ခြင်း သို့မဟုတ် သဘာအလျောက်လျှင်မြန်စွာပျက်စီးလွယ်ခြင်း
    • ဤပုဒ်မအရ အယူခံမှု၊ ပြင်ဆင်မှု၊ သို့မဟုတ် အခြားသော တရားရုံးလုပ်ငန်းစဉ်များကို ကြီးကြပ် ဆောင်ရွက်နေသော အဆင့်မြင့် တရားရုံးက အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေစဉ်ကာလအတွင်း ထိုအောက်တရားရုံး၏ ပစ္စည်းသိမ်းရန် အမိန့်ကို ဆိုင်းငံ့ထားရန် ညွှန်ကြားနိုင်ပါသည်။
      • အထက်တရားရုံးက မူလရုံးအမိန့်ကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပယ်ဖျက်နိုင်ပါသည်၊ သို့မဟုတ် နောက်ထပ်အမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်ပါသည်။ 21 (ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၈၉) ပုဒ်မ ၅၂၀)
  • ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်သော ပစ္စည်းများကို အာဏာပိုင်များက သိမ်းယူနိုင်ပါသည်။ 22 (အကြမ်းဖက်လုပ်ရပ်များကို ဥပဒေတွင် ကောင်းစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပေ။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃(ခ)ပါ အကြမ်းဖက်မှု(၁၈)မျိုးစာရင်းကိုကြည့်ပါ။)
    • အကြမ်းဖက်လုပ်ရပ်များတွင် အောက်ပါတို့အပြင် အခြားပြုလုပ်များလည်း ပါဝင်နိုင်ပါသည်။
      • အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ၊ 23 (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ခ)(၁၃))
      • အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေး ယူခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ်သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများ၊ 24 (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ခ)(၁၇))
      • အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင် ရာလေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ။ 25 (အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ခ)(၁၈))
  • အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (ဗဟိုအဖွဲ့)တွင် လူတစ်ဦးကို အကြမ်းဖက်သမားအဖြစ် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု သိုမဟုတ် အုပ်စု တစ်စုကို အကြမ်းဖက်အုပ်စုအဖြစ် လည်းကောင်း ကြေညာနိုင်ပါသည်။ 26 (ဗဟိုအဖွဲ့က ထိုကြေညာချက်ကို ပြန်လည် ရုပ်သိမ်းနိုင်ပါသည်။ ၂၁၀၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆(င)။ အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ရန်ရည်ရွယ်ချက်အတွက် နှစ်ဦး သို့မဟုတ် နှစ်ဦးနှင့်အထက် ပါဝင်သော အသင်းအဖွဲ့ကိုဆိုလိုသည်။။ ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၃(ဖ))
  • အကြမ်းဖက်မှုဖြင့် တစုံတဉီးကို တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့ သို့မဟုတ် ဗဟိုအဖွဲ့က လွှဲအပ်ပေးထား သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။ 27 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၀)
  • အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသူ ပိုင်ဆိုင်သော ပစ္စည်းနှင့် ရန်ပုံငွေများကို ထိန်းချုပ်ရန် ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်နိုင်ပါသည်။ 28 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆(ဌ)။ အကြမ်းဖက်အုပ်စု ပိုင်ပစ္စည်းနှင့် ရန်ပုံငွေများနှင့် စပ်လျဉ်း၍ ငွေကြေးဝန်ဆောင်မှု၊ ငွေကြေးလွှဲပြောင်းမှုတို့ကို မပြုလုပ်ရန် ဗဟိုအဖွဲ့က တားမြစ်ချက် ထုတ်ပြန်နိုင်ပါသည်။ ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆(ဍ)။ ဗဟိုကော်မတီသည် ဤအမိန့်ကို ရုပ်သိမ်းနိုင်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆(ဎ))
  • ဗဟိုအဖွဲ့သည် ပစ္စည်းများကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရသူများထံ မရောက်ရှိစေရန် သို့မဟုတ် အဆိုပါ ပစ္စည်းများကို တနည်းနည်းဖြင့် ထိန်းချုပ်ရန်အတွက် (၁) တားမြစ်မိန့် ထုတ်ပြန်ခြင်း၊ 29 (ဗဟိုအဖွဲ့သည် အကြမ်းဖက်မှုဆိုင်ရာပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည့် ပစ္စည်းများကို ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖုံးကွယ်ခြင်းတို့ မပြုနိုင်စေရေး အတွက် တားမြစ်မိန့်၊ ချိပ်ပိတ်အမိန့်များကို ထုတ်ဆင့်နိုင်ပါသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၆(က)။ သက်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း၏ တာဝန်ရှိသူများထံ လည်းထုတ်ဆင့်နိုင်ပါသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၆(ခ)။)  သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်များကို ကြားဝင်ဆောင်ရွက်စေရန် ညွှန်ကြားခြင်း 30 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၇(က)-(င))  တို့ကို ပြုလုပ်နိုင်ပါသည်။
  • ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ စွဲဆိုသော အမှုများတွင် အမှုစစ်ဆေးသည့် တရားသူကြီးသည် အကြမ်းဖက်လုပ်ရပ်များနှင့်ဆက်နွှယ်သော ပစ္စည်းနှင့်ငွေကြေးများကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းယူနိုင်သည်။ 31 (ထိုသက်သေခံပစ္စည်းအား ထိန်းသိမ်းမှုအစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ သက်သေခံစာရွက်စာတမ်းများကို တရားရုံးသို့ တင်ပြနိုင်ပြီး ထိုသက်သေခံပစ္စည်း တရားရုံးသို့ ယူဆောင်လာရန် မလိုအပ်ပေ။)
    • တရားရုံးက ဥပဒေနှင့်အညီ ဤသက်သေခံပစ္စည်းကို စီမံခန့်ခွဲရန်အမိန့်ထုတ်ပြန်ရမည်။ 32 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၇)
  • တရားရုံးသည် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်လျှင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့်ပစ္စည်းများကို သိမ်းယူရန် အမိန့်ချမှတ်နိုင်ပါသည်။ 33 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆)
  • ဥပဒေသည် သဘောရိုးဖြင့်ဆောင်ရွက်ခဲ့သည့် အခြားလူများကို အကာအကွယ်ပေးထားပါသည်။ 34 (သဘောရိုးဖြင့်ဆောင်ရွက်ပေးသောလူပုဂ္ဂိုလ်၏အကျိုးကို မထိခိုက်နိုင်စေရန် ဗဟိုကော်မတီက အကာကွယ်ပေးရမည်။ ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆(ဏ))
    • အကြမ်းဖက်မှု ပြုလုပ်ခြင်း သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း တို့နှင့် ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်ခြင်း မရှိသူသည် အချင်းဖြစ်ပစ္စည်းကို သဘောရိုးဖြင့် အဖိုးစားနား ပေးပြီး ရရှိထားကြောင်း ခိုင်လုံသည့် အထောက်အထားများ တင်သွင်းနိုင်ပါသည်။ 35 (၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၅)
モバイルバージョンを終了