Site icon Lann Pya

လက်ထပ်ခြင်း၊ ကွာရှင်းခြင်းနှင့်၊ ကွာရှင်းပြီးနောက် ကလေးသူငယ်အုပ်ထိမ်းခွင့်

စံၢ်လီၤ တၢ်အဆီတဖၣ်လၢလာ်အံၤ ဒ်သိးနကသ့ၣ်ညါဘၣ် နတၢ်န့ၢ်ခွဲးန့ၢ်ယာ်အဂ့ၢ် လၢနသဲစးတၢ်ဂ့ၢ် တဆီဘၣ်တဆီအဖီခိၣ်တက့ၢ်

  • မြန်မာနိုင်ငံတွင်လက်ထပ်ထိမ်းမြားခြင်း ၊ ကွာရှင်းပြတ်စဲခြင်း ၊ အမွေဆက်ခံခြင်း တို့သည် တည်ဆဲဥပဒေအပါအဝင် သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးစံ ၊ ကိုးကွယ်သည့်ဘာသာ အစရှိသည်တို့နှင့် သက်ဆိုင်ပါသည်။ 1 (မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (Burma Laws Act) ၁၈၉၈ ၊ ပုဒ်မ ၁၃(၁)။) .အိမ်ထောင်ဖက်နှစ်ဉီးတို့သည် မတူညီသော ရိုးရာဓလေ့ထုံစံထုံးတမ်းကို လိုက်နာသူများဖြစ်ပါက သို့မဟုတ်/ထို့အပြင် မတူညီသော ဘာသာတရားကို ကိုးကွယ်သူများ ဖြစ်ကြပါက အဆိုပါကိစ္စရပ်များသည် ပိုမိုရှုပ်ထွေးသွားနိုင်ပါသည်။

 

  1. အသက်နှင့် လက်ထပ်နိုင်သည့်အရည်အချင်း
    • ယေဘူယျအားဖြင့် လက်ထပ်ထိမ်းမြားနိုင်ရန်အတွက် အောက်ပါအချက်များသည် အဓိက ကျပါသည်။ သို့သော် ရိုးရာဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာပေါ်မူတည်ပြီး အခြား လိုအပ်ချက်များလည်း ရှိနိုင်ပါသည်။
      • အမျိုးသမီးသာမက အမျိုသားကပါ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရန်လိုအပ်ပါသည်။ 2 (၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃။) . အသက် ၁၆ နှစ်အောက် မိန်းမနှင့် ကာမစပ်ယှက်လျှင် မုဒိမ်းမှုမြောက်ပါသည်။ 3 (ရာဇသတ်ကြီးပုဒ်မ ၃၇၅) .
      • အိမ်ထောင်ပြုမည့်သူ နှစ်ဉီးလုံးသည် ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်သည်။ 4 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၁။)
        • လက်ထပ်ထိမ်းမြားသည့်အချိန်တွင် စိတ်ပေါ့သွပ်သူမဟုတ်ရပါ ။ 5 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၂။)
        • နှစ်ဉီးနှစ်ဖက်လုံးက လွတ်လပ်စွာ သဘောဆန္ဒပေးခြင်း ဖြစ်ရပါမည်။ တနည်းအားဖြင့် အနိုင်အထက်ပြုခြင်း၊ မတရားသြဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ အလွဲပြောခြင်း တို့ကင်းရှင်းရမည်။ 6 (ပဋိညာဉ်ဥပဒေ၊ ပုဒ်မ ၁၄။)
    • လက်ရှိတည်ဆဲ အိမ်ထောင်ရှိနေစဉ် ထပ်မံအိမ်ထောင်ပြုခြင်းသည် ရာဇဝတ်မှု မြောက်ပါသည်။ အသေးစိတ်ကို အိမ်ထောင်ရေး ဖောက်ပြန်မှု ကဏ္ဍတွင် ကြည့်ပါ။

     

  2. မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ လက်ထပ်ခြင်း
    • ယောကျာ်းသည် အိမ်ထောင်ပြုရန် အတွက် ကျန်းမာသန်စွမ်းရမည်။ 7 (မောင်သိန်းမောင်နှင့် မစော၊ ၆ ရန်ကုန် ၃၄၀။) .မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ ယောက်ျားလေးများ လက်ထပ်ထိမ်းမြားနိုင်သည့် အရွယ်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃ အရ လက်ထပ်ထိမ်းမြားရန် အတွက် အမျိုးသမီးသာမက အမျိုးသား သည်လည်း အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရန် လိုအပ်ပါသည်။
    • မိန်းမသည် မုဆိုးမ၊ သို့မဟုတ် တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင် အသက် ၂၀ ပြည့်ရမည်။ အသက် ၂၀ မပြည့်သေးလျှင် မိဘ၊ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက် လိုအပ်ပါသည်။ 8 (မအေးစိန်နှင့် မောင်လှမင်း၊ ၃ ရန်ကုန် ၄၅၅ စုံညီခုံ။) .
    • အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုရန် ရည်ရွယ်၍ နှစ်ဦးသဘောတူညီချက်ဆန္ဒကို လွတ်လပ်စွာ ပေးရမည်။ 9 (မောင်စိန်ညွန့်နှင့် မအေးကြည်၊ ၁၉၆၂ မတစ ရုံးချုပ် ၄၀၄။) .
    • နှစ်ဦးစလုံးတွင် မပြတ်စဲသော တရားဝင် လင်ယောကျာ်း/မိန်းမ မရှိစေရပါ။ 10 (တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၀။) .
    • အထင်အရှား ထိမ်းမြားလက်ထပ်မှု တစ်စုံတခု မပြုလုပ်ခဲ့ပါက လင်မယားအဖြစ် လူသိထင်ရှား ပေါင်းသင်းနေထိုင်မှု ရှိရမည်။ 11 (ဦးပုလေးနှင့် ဒေါ်ချစ်၊ ၁၉၇၄ ခုနှစ် တရားမ ဒုတိယ အယူခံမှု အမှတ် ၃၂။) .
    • လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု ဆိုသည်မှာ တရားဝင် လင်နှင့်မယား အဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်းစပ်ယှက်မှုမျိုးကို မဆိုလိုပေ။ 12 (မြစိန်၊ဦး၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၉။) .
    • လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရန် ပေါင်းသင်းစပ်ယှက်မှု မလိုအပ်ပါ။ အခမ်းအနားလည်း မလိုအပ်ပါ။ 13 (ဒေါ်ခင်မြမာ (ခ) မာမာနှင့် ဦးညွန့်လှိုင်၊ ၁၉၇၂ခုနှစ် တရားမ ပထမ အယူခံအမှတ် ၃၈။) .
    • မြန်မာဗုဒ္ဓဘာသာ အရွယ်ရောက်သည့် ယောကျာ်းနှင့် မိန်းမတို့သည် နှစ်ဦးသဘောတူ တရားရုံးသို့ သွားကာ ကျမ်းကျိန်ဆိုပြီး ထိမ်းမြားလက်ထပ်ခဲ့ပါက လင်မယားအဖြစ် လူသိရှင်ကြား အထင်အရှား ပေါင်းသင်းမှု မရှိစေကာမူ တရားဝင် အကြင်လင်မယားအရာမြောက်ပါသည်။ 14 (မြစိန်၊ဦး၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၈။) .
    • အသေးစိတ်အချက်အလက်များအတွက် ဥပဒေပညာကျွမ်းကျင်သူများ၊ ရှေ့နေများဖြင့် တိုင်ပင်သင့် ပါသည်။

     

  3. အစ္စလာမ်ဘာသာဝင်များလက်ထပ်ထိမ်းမြားခြင်း
    • ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
    • အစ္စလာမ်ဘာသာဝင်များ လက်ထပ်ထိမ်းမြားရာတွင် နိကာဟ် (Nikah) ခေါ် လက်ထပ်ထိမ်းမြားခြင်း သဘောတူညီချက် ပဋိညာဉ်သည် အရေးကြီးပါသည်။ ယင်းတွင် အောက်ပါအချက်များ မဖြစ်မနေ လိုအပ်ပါသည်။
      • လက်ထပ်ထိမ်းမြားရန် ကမ်းလှမ်းခြင်း
      • ကမ်းလှမ်းမှုကို လက်ခံခြင်း
      • ဇနိးကို မဟာရ် (Mahar) ခေါ် ခန်းဝင်ပစ္စည်းပေးခြင်း
      • ကမ်းလှမ်းချက်နှင့် လက်ခံခြင်းကို ပဋိညာဉ်ပြုလုပ်နိုင်သည့် အရည်အချင်းနှင့် ပြည်စုံသော မွတ်စလင်မ် အမျိုးသားသက်သေ ၂ ဉီး သို့မဟုတ် အမျိုးသား ၁ ဉီးနှင့် အမျိုးသမီး ၂ ဉီး ရှေ့မှောက်တွင် ပြုလုပ်ရမည်။ 15 (ဉီးဘဖေနှင့် မစောရင် ၊ ၁၉၅၁ ၊ လွှတ်တော် ၊ စာ ၁၁၃။)
    • လက်ထပ်ထိမ်းမြားမှုကို အမျိုးသမီးက သဘောတူရန် မဖြစ်မနေလိုအပ်ပြီး၊ ယင်းကို မိမိကိုယ်တိုင် ဖြစ်စေ၊ အုပ်ထိန်းသူမှတဆင့်ဖြစ်စေ ပေးနိုင်ပါသည်။ အတင်းအကြပ်အနိုင်အထက် ပြုလုပ်၍ ထိမ်းမြားခြင်းသည် တရားဝင်သော ထိမ်းမြားမှု မဟုတ်ပေ။ 16 (Sayad Mohinddin v Khatyabi, 4 Bom L. R)
    • လက်ထပ်ထိမ်းမြား နိကာဟ်ပြုလုပ်ရာတွင် အမျိုးသားမှ အမျိုးသမီးကို မဟာရ် (Mahar) ခေါ် ခန်းဝင် ပစ္စည်း သို့မဟုတ် လက်ဆောင်ကိုပေးရန် မဖြစ်မနေလိုအပ်ပါသည်။ ယင်းသည် လင်ယောက်ျားက ထမ်းဆောင်ရမည့် အရေးကြီးသော ဥပဒေတာဝန်ဖြစ်သည်။ 17 (စိုက်ယက်ဒ် ဆေဘာဟူစိန်နှင့် ဖာဇန်ဟူစိန် (၁၉၃၇) ၊ ၆၅၊ အိုင်အေ ၁၁၉၊ ၁၂၇။)
      • ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ငွေသားဖြစ်စေ၊ ၊ တန်ဖိုးရှိသော အခြားရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ၊ အခွင့်အရေး တို့ကို ဖြစ်စေ မဟာရ်အဖြစ်ပေးနိုင်သည်။
      • ယင်း “မဟာရ်” ကို လက်ငင်း ဖြစ်စေ၊ ဆိုင်းငံ ဖြစ်စေ ပေးနိုင်ပါသည်။
      • “မဟာရ်” မည်ရွေ့မည်မျှ ပေးရမည်ကို နှစ်ဉီးနှစ်ဖက် သဘောတူညီချက်ဖြင့် သတ်မှတ် နိုင်ပြီး အနိမ့်ဆုံးပမာဏကို တရားတော်တွင် အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း အများလက်ခံထားသော မူအရ Dirham ၁၀ အနည်း ဆုံးရှိရမည်ဟု ဆိုပါသည်။
    • ပေးအပ်သည့် သို့မဟုတ် ပေးအပ်မည့် မဟာရ် ပမာဏ၊ ပေးအပ်သည့် နည်းလမ်း (တနည်း လက်ငင်း/ဆိုင်းငံ့)၊ အစရှိသည်ကို နိကာဟ်သဘောတူစာချုပ်တွင် အတိအလင်း ဖော်ပြသင့်ပါသည်။
    • အသေးစိတ်အချက်အလက်များအတွက် ဥပဒေပညာကျွမ်းကျင်သူများ၊ ရှေ့နေများဖြင့် တိုင်ပင်သင့် ပါသည်။

     

  4. ခရစ်ယာန်ဘာသာဝင်များ လက်ထပ်ထိမ်းမြားခြင်း
    • ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
    • ခရစ်ယာန်ဘာသာဝင်များ လက်ထိမ်းမြားခြင်းကို အောက်ဖော်ပြပါ လက်ထပ်ထိမ်းမြားပေးခွင့် ရှိသည့် ပုဂ္ဂိုလ်တစ်ဉီးဉီးရှေ့မှောက် ဝိနည်းနှင့်အညီ ပြုလုပ်ရန် လိုအပ်ပါသည်။ 18 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅။)
      • သာသနာပိုင်ဆရာတော်အဖြစ် သိက္ခာတင်ထားသူ၊ စကော့တလန်အသင်းတော်၏ ဘုန်းတော်ကြီး၊ လိုင်စင်ရထားသော ဘာသာရေးအမှုတော်ဆောင် ၊ ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိ ၊ လိုင်စင် ရထားသူ တစ်ဦးဦး
    • လက်ထပ်ထိမ်းမြားခြင်း မပြုမီ အကြောင်းကြားစာ ပေးပို့ခြင်း 19 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၂။)  ၊ အဆိုပါ အကြောင်းကြားစာကို အများသိစေရန်ကြေညာခြင်း 20 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၃။) ၊ အထောက်အထားလက်မှတ်ထုတ်ပေးခြင်း 21 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ၁၇။)  စသည့် ထုံးနည်းတကျ ဆောင်ရွက်များကို ပြုလုပ်ရန် လိုအပ်ပါသည်။ (အသေးစိတ်အချက်အလက်များအတွက် သက်ဆိုင်ရာ အသင်းတော်များ၊ ဥပဒေ ပညာရှင်များ၏ လမ်းညွှန်ချက်ကို ရယူရန် အကြံပြုလိုပါသည်။)
    • ဝိနည်းနှင့်အညီ ထိမ်းမြားခြင်းကို အမှုတော်ဆောင်အပြင် သက်သေအနည်းဆုံး နှစ်ဦး၏ ရှေ့မှောက်တွင် ဆောင်ရွက်ရမည်။ 22 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၂၅။) . ထို့အပြင် အထောက်အထားလက်မှတ်၊ ထိမ်းမြားခြင်း မှတ်ပုံတင် စာအုပ် တို့တွင် ဝိနည်းနှင့်အညီ ထိမ်းမြားပေးသူ၊ ထိမ်းမြားခြင်းပြုသူနှစ်ဉီး၊ ယုံကြည်ထိုက်သော သက်သေ နှစ်ဉီးတို့က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရပါမည်။ 23 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၃၃။) .
    • လက်ထပ်ထိမ်းမြားခြင်းကို မနက် (၆) နာရီမှ ည(၇)နာရီ အတွင်းသာ ပြုလုပ်ရပါမည်။ 24 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၁၀။) .
    • ထိမ်းမြားမည့်သူများက “ကျွန်ုပ် ဝိနည်းနှင့်အညီ ကြေညာသည်မှာ – ကျွန်ုပ် A.B. သည် C.D.နှင့် ထိမ်းမြားမှု မပြုသင့်ကြောင်း ဥပဒေအရ အဟန့်အတား ပိတ်ပင်ထားသည့်အချက် မရှိဟု ကျွန်ုပ်သိရှိပါသည်။” သို့မဟုတ် ထိုသို့သဘောသက်ရောက်သော ကြေညာချက်ကို ပြုလုပ်ရမည်။ 25 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅၁။) 
    • ထို့ပြင်ထိမ်းမြားမည့်သူတစ်ဦးသည် ကျန်တစ်ဦးအား “ကျွန်ုပ်သည် ယခုတက်ရောက်လာသော အသိသက်သေများရှေ့မှောက်တွင် ကျွန်ုပ် A.B. သည် သင် C.D.အား ကျွန်ုပ်၏ တရားဝင်ထိမ်းမြား ထားသောဇနီး (သို့မဟုတ် ခင်ပွန်း) အဖြစ် တရားဝင် ရယူပါသည်။” သို့မဟုတ် ထိုသို့သဘော သက်ရောက်သော စကားကို ပြောရမည်။ 26 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ၊ ပုဒ်မ ၅၁။) 

     

  5. ဟိန္ဒူဘာသာဝင်များ လက်ထပ်ထိမ်းမြားခြင်း
    • ဓလေ့ထုံးတမ်းများတွင် မည်သို့ပင်ရှိစေကာမူ အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အရည်အချင်းကို တည်ဆဲဥပဒေက လွှမ်းမိုးပါသည်။ အသက်နှင့်လက်ထပ် ထိမ်းမြားနိုင်သည့် အရည်အချင်းကို ကြည့်ပါ။
    • မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာ အုပ်စုဝင် အနည်းဆုံး ၁၁ မျိုး ရှိပြီး အဆိုပါသာသနာဝင် အုပ်စု တစ်ခုနှင့် တစ်ခုအကြား မတူညီမှုများ ရှိသည့်အတွက် သက်ဆိုင်ရာ ဘာသာရေးပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်ပြီး အကြံဉာဏ်များ၊ အကူအညီများ ရယူရန် အကြံပြုလိုပါသည်။
    • ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ သတို့သားနှင့် သတို့သမီးတို့သည် ဘာသာရေးအရ အခမ်းအနားဖြင့် ထုံးပုံနည်းလမ်းတကျ လက်ထပ်မှသာ တရားဝင်အတည်ဖြစ်သည်။ 27 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၄၉။)
    • ဟိန္ဒူဘာသာအရ လက်ထပ်မှုပြီးမြောက်စေရန် အောက်ပါ အချက် ၃ ချက်နှင့် ပြည့်စုံရမည် 28 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၃၁၀။)
      1. လက်ဆောင်ပေးခြင်းနှင့် လက်ခံခြင်း
      2. မီးပူဇော်ထားသည့် ဟိန္ဒူဘုရား ရှေ့မှောက်တွင် ကျမ်းစာများ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း
      3. သတို့သားနှင့် သတို့သမီးတို့ တူစုံယှဉ်တွဲကာ မီးပုံရှေ့တွင် လမ်းလျှောက်ခြင်း
    • ထိမ်းမြားလက်ထပ်ခြင်းအခမ်းအနားတွင် သတို့သမီးနှင့် သတို့သားတို့သည် သတ္တမမြောက်ခြေလှမ်း (Saptapadi) လှမ်းပြီးသည်အချိန်တွင် ထိမ်းမြားမှုသည် အထမြောက်သည်။ 29 (ဦးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၃၁၅။) 
    • ဟိန္ဒူမုဆိုးမများအနေဖြင့် နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိပါသည်။ 30 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၁။) . သို့သော် သေဆုံးသူ လင်ယောက်ျား၏ ပစ္စည်းမှ စားစရိတ်ခံစားခွင့်၊ အမွေဆက်ခံခွင့်အခွင့်အရေး၊ အစရှိသော အခွင့်အရေးများ နောက်အိမ်ထောင်ပြုသည့်အခါ ရပ်စဲပါသည်။ 31 (ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၂။) .

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

  • ကိုးကွယ်သည့် ဘာသာ မတူသူများ လက်ထပ်ထိမ်းမြားခြင်းကို မြန်မာနိုင်ငံတွင် လက်ခံထားပါသည်။
  • ကိုးကွယ်သည့် ဘာသာ မတူသူများအကြား လက်ထပ်ထိမ်းမြားခြင်းနှင့် စပ်လျဉ်း၍ ဓလေ့ထုံးတမ်း များတွင် မည်သို့ပင်ရှိစေကာမူ တည်ဆဲဥပဒေများက လွှမ်းမိုးဆုံးဖြတ်နိုင်ပါသည်။
  • တစ်ဉီးချင်းစီအလိုက် ပေါ်ပေါက်နိုင်သော အခြေအနေများ မတူညီနိုင်သောကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် အသေးစိတ်တိုင်ပင်ပြီး အကြံများ၊ အကူအညီများ ရယူရန် အကြံပေးလိုပါသည်။

 

  1. ဗုဒ္ဓဘာသာဝင်များ
    • ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဉီးနှင့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ တစ်ဉီးတို့သည် အောက်ဖော်ပြပါ အချက်အများနှင့် ပြည့်စုံလျှင် ထိမ်းမြားနိုင်ပါသည်။32 (၂၀၁၅ ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ၊ ပုဒ်မ ၄။) –
      • နှစ်ဉီးလုံးစိတ်ပေါ့သွပ်မှု မရှိခြင်း
      • လွတ်လပ်သော သဘောဆန္ဒဖြင့် လက်ထပ်ခြင်း
      • မိန်းမသည် အသက် ၂၀ မပြည့်သေးပါက မိဘ သို့မဟုတ် အုပ်ထိန်းသူက သဘောတူညီခြင်း
      • မိန်းမ နှင့် ယောက်ျားတို့တွင် မပြတ်စဲသော တရားဝင်လင်/မိန်းမ မရှိခြင်း
    • ထိုသို့ လက်ထပ်ထိမ်းမြားခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး33 (၂၀၁၅ ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ၊ ပုဒ်မ ၅။) ရှေ့မှောက်တွင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းတကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။34 (၀၁၅ ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ၊ အခန်း ၃၊ ပုဒ်မ ၅ မှ ၁၈။).
  2. အစ္စလာမ်ဘာသာဝင်များ
    • အစ္စလာမ်ဘာသာဝင်အမျိုးသားသည် ကီတာဘီယာခေါ် ရှေးကျမ်းစာကို သက်ဝင်ယုံကြည်သော အမျိုးသမီး (ခရစ်ယာန် ၊ ဂျူး အမျိုးသမီး) နှင့် တရားဝင်လက်ထပ်ထိမ်းမြားနိုင်သည်။ သို့သော် ကီတာဘီယာ မဟုတ်သော အမျိုးသမီးနှင့် ထိမ်းမြားခြင်း မပြုနိုင်။
    • အစ္စလာမ်ဘာဝင်အမျိုးသမီးသည် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဉီးနှင့်သာ တရားဝင် ထိမ်းမြားလက်ထပ်ခြင်း ပြုခွင့်ရှိသည်။ ကီတာဘီ ဖြစ်သော ခရစ်ယာန်/ဂျူး အမျိုးသားတို့နှင့်ပင် လက်ထပ် ထိမ်းမြားခြင်း မပြုနိုင်။
    • သို့သော် စွန္နီဥပဒေအရ အစ္စလာမ်ဘာသာဝင်တစ်ဉီးသည် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြား လိုက်ပါက ယင်းထိမ်းမြားမှုသည် နည်းလမ်းမကျမှုသာ ဖြစ်ပြီး ပျက်ပြယ်ခြင်း မရှိ။
      • ရှီအာဥပဒေအရ အစ္စလာမ်ဘာသာဝင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မွတ်စလင် မဟုတ်သူ တစ်စုံတစ်ဉီးနှင့် တရားဝင်လက်ထပ်ထိမ်းမြားခြင်း လုံးဝ မပြုလုပ်နိုင်။
    • အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များ အချင်းချင်းအကြားတွင် စွန္နီနှင့်ရှီအာ ကွဲပြားမှုကြောင့် ဖြစ်စေ၊ ဟာနဖီ၊ ရှာဖီအီ၊ မာလကီ၊ ဟန်ဘလီ စသည်ဖြင့် ဓမ္မသတ်များ ကွဲပြားမှုကြောင့်ဖြစ်စေ ထိမ်းမြားမှုကို အတားအဆီး၊ အဟန့်အတား လုံးဝမဖြစ်ပေ။ လွတ်လပ်စွာ အပြန်အလှန် လက်ထပ်နိုင်ကြသည်။35 (အဇစ်ဘာနို နှင့် မုဟမ္မဒ် အီဘရာဟင် (၁၉၂၅) ၊ ၄၇၊ အလာဟဘတ် ၂၈၃။)
  3. ခရစ်ယာန်ဘာသာဝင်များ
    • ခရစ်ယာန်ဘာသာဝင်များသည် ခရစ်ယာန်ဘာသာဝင် မဟုတ်သူနှင့် လက်ထပ်ထိမ်းမြား နိုင်ပါသည်။36 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၄။).
    • ခရစ်ယာန်ဘာသာကို ယုံကြည်သူ နှစ်ဉီးအကြား ဖြစ်စေ၊ ခရစ်ယာန်ကို ယုံကြည်သူတစ်ဉီးနှင့် အခြားဘာသာဝင်အကြား ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဝိနည်းနှင့်အညီ ထိမ်းမြားခြင်းများ အားလုံးကို ၁၈၇၂ ခုနှစ်၊ ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ တွင်ဖော်ပြထားသည့် နည်းလမ်းများ အတိုင်း မှတ်ပုံတင် ဆောင်ရွက်နိုင်ပါသည်။37 (၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၂၇။).
  4. ဟိန္ဒူဘာသာဝင်များ
    • ဟိန္ဒူဓလေ့ထုံးတမ်းအရ ဟိန္ဒူဘာသာဝင်ခြင်းတူသော်လည်း ဇာတ်မတူပါက ထိမ်းမြားခြင်း မပြုနိုင် ဟုဆိုပါသည်။
    • ဟိန္ဒူဓလေ့ထုံးတမ်းအရ ဟိန္ဒူ တစ်ဉီးသည် အခြား ဟိန္ဒူမဟုတ်သူတစ်ဉီးကို တရားဝင် ထိမ်းမြား လက်ထပ်ခြင်း မပြုနိုင်ချေ။38 (မောင်မန်းနှင့် ဒိုရာမိုး ၊ ၃ အယ်ဘီအာ ၂၄၄။).
    • သို့သော် ၁၉၂၃ ခုနှစ် အထူးထိမ်းမြားမှုရေးအက်ဥပဒေအရ ဇာတ်မတူသူ အချင်းချင်းထိမ်းမြားရေးကို ခွင့်ပြုထားပါသည်။
    • သို့သော် ဓလေ့ထုံးတမ်းဥပဒေများကို တည်ဆဲပြဌာန်းဥပဒေက လွှမ်းမိုးသည့်အတွက်ကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်နှင့် အကူအညီများရယူရန် အကြံပြုလိုပါသည်။

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

  • အိမ်ထောင်ရေးဖောက်ပြန်မှုများကို ရာဇသတ်ကြီး အပါအဝင် တည်ဆဲ ဥပဒေများတွင် ပြစ်မှုများ အဖြစ် သတ်မှတ်ထားပါသည်။
    • ယောကျာ်းတစ်ဦးသည် မိမိနှင့် တရားဝင်လက်ထပ်ထားခြင်းမရှိသည့် မိန်းမတစ်ဦးကို ၄င်းနှင့် တရားဝင်လက်ထပ်ထားသည့် ပမာ လှည့်ဖြားပြီး ကာမကို ရယူလျှင် ၁၀ နှစ်ထိ ထောင်ဒဏ် အပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည်။39 (ရာဇသတ်ကြီးပုဒ်မ ၄၉၃).
    • တရားဝင်ထိမ်းမြားခြင်း မမြောက်သည်ကို သိလျက်နှင့် မည်သူမဆို မရိုးမဖြောင့်သော သဘောဖြင့် ဖြစ်စေ၊ လိမ်လည်လှည့်ဖြားသဘောဖြင့်ဖြစ်စေ ထိမ်းမြားခြင်းအခမ်းအနားကို ခံယူလျှင် ၇နှစ်ထိ ထောင်ဒဏ် အပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည်။40 (ရာဇသတ်ကြီးပုဒ်မ ၄၉၆).
    • မည်သူမဆို လင်ရှိမယားလည်းဖြစ်၍ လင်ရှိမယားဖြစ်ကြောင်း မိမိသိသည်လည်းဖြစ်သော၊ သို့မဟုတ် ထိုသို့ဖြစ်ကြောင်း မိမိယုံကြည်ရန် အကြောင်းရှိသည်လည်းဖြစ်သော မိန်းမကို လင်ဖြစ်သူ သဘောမတူဘဲသော်လည်းကောင်း၊ အလိုတူရာရောက်ခြင်း မရှိဘဲ သော်လည်းကောင်း ကာမစပ်ယှက်ခြင်းပြုရာ၌ မုဒိမ်းမှု မမြောက်လျှင် မယားခိုးမှုကို ကျူးလွန်ခြင်းဖြစ်သည်။41 (ရာဇသတ်ကြီး ပုဒ်မ ၄၉၇။). , and
      • ထိုသို့ကျူးလွန်သူသည် ၅ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချမှတ်ရမည်။
      • ထိုအမှုမျိုးတွင် မယားဖြစ်သူကို အားပေးကူညီသူအဖြစ်ဖြင့် ပြစ်ဒဏ်မထိုက်စေရ။
  • လက်ထပ်ပြီးနောက်တစ်လင်တစ်မယားစနစ်ကျင့် မကျင့်သုံးပါက တည်ဆဲဥပဒေအရ ရာဇဝတ်မှု မြောက်ပါသည်။
    • ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ၊ လင်နှင့် မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောကျ်ား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်း မပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။42 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀). ချိုးဖောက်လျှင် ၇ နှစ် ထက်မပိုသော ထောင်ဒဏ် အပြင် ငွေဒဏ်ပါချမှတ်ခံရ နိုင်သည်။43 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃).
    • မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရ ဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။44 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂). ချိုးဖောက်လျှင် ၇ နှစ် ထက်မပိုသော ထောင်ဒဏ် အပြင် ငွေဒဏ်ပါချမှတ်ခံရနိုင်သည်။45 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃).
  • ထိမ်းမြားမှု အတည်ဖြစ်နေစဉ် ထပ်မံထိမ်းမြားသူသည် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်ခြင်း ဖြစ်သည်။46 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄).
  • အိမ်ထောင်ရေးပြစ်မှု ကျူးလွန်ခြင်းခံရသည့် မယား သို့မဟုတ် လင်က လင်မယားကွာရှင်းခွင့် ရှိသည်။47 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄).
  • အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ၄င်း၏ အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။48 (တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅)

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

  • မြန်မာနိုင်ငံတွင်လက်ထပ်ထိမ်းမြားခြင်း ၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေဆက်ခံခြင်း တို့သည် တည်ဆဲဥပဒေအပါအဝင် သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးစံ ၊ ကိုးကွယ်သည့်ဘာသာ အစရှိသည်တို့နှင့် သက်ဆိုင်ပါသည်။ 49 (မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (Burma Laws Act) ၁၈၉၈ ၊ ပုဒ်မ ၁၃(၁)။)
  • ကွာရှင်းပြတ်စဲလိုသူတို့သည် မတူညီသော ရိုးရာဓလေ့ထုံစံထုံးတမ်းကို လိုက်နာသူများဖြစ်ပါက သို့မဟုတ်/ထို့အပြင် မတူညီသော ဘာသာတရားကို ကိုးကွယ်သူများ ဖြစ်ကြပါက အဆိုပါကိစ္စ ရပ်များသည် ပိုမိုရှုပ်ထွေးသွားနိုင်ပါသည်။
  • တစ်ဉီးချင်းစီအလိုက် ပေါ်ပေါက်နိုင်သော အခြေအနေများ မတူညီနိုင်သောကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် အသေးစိတ်တိုင်ပင်ပြီး အကြံများ၊ အကူအညီများ ရယူရန် အကြံပေးလို ပါသည်။
  • သက်ဆိုင်ရာ ကိုးကွယ်သည့်ဘာသာ ၊ ဓလေ့ထုံးတမ်းများတွင် မည်သို့ပင် ရှိစေကာမူ တည်ဆဲဥပဒေ များက လွှမ်းမိုးဆုံးဖြတ်နိုင်ပါသည်။

 

  1. ဗုဒ္ဓဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
    • မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းပြတ်စဲနိုင်သည့် အဓိကအကြောင်းပြချက် များမှာ
      1. နှစ်ဉီးသဘောတူ ကွာရှင်းခြင်း
      2. လင်ဖြစ်သူ ရဟန်းပြုခြင်း
      3. အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း
    • နှစ်ဦးသဘောတူကွာရှင်းခြင်း
      • လင်မယားနှစ်ဉီးသဘောတူညီချက်အရ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးပြတ်စဲသည်။ 50 (ဒေါ်အမနှင့် ဒေါ်ခင်တင့် ၊ ၁၉၆၄ မတစ ၃၁၄။) .
      • နှစ်ဉီးသဘောတူကွာရှင်းလျှင် တရားရုံးဒီကရီ မလို။ 51 (မနှင်းငုံနှင့် မောင်အောင်၊ အက်ဂျေ ၊ ၇၃။)
      • သို့သော် ဗေဒင် ၊ ယတြာအရ ဂြိုလ်ပြေနံပြေ ကွာရှင်းခြင်းကြောင့် လင်ခန်းမယားခန်း ပြတ်စဲခြင်း မရှိ။ 52 (ဒေါ်တင်နှင့် ဒေါ်ခင်စော ၊ ၁၉၆၇ မတစ ၃၃၆။)
    • လင်ဖြစ်သူ ရဟန်းပြုခြင်း
      • လူ့လောကကိုစွန့်ခွာရန် ရည်ရွယ်ချက်ဖြစ် ရဟန်းပြု (ဒုလ္လဘရဟန်း မဟုတ်) ရာတွင် မယား ဖြစ်သူက ခွင့်ပြုခဲ့လျှင် လင်ခန်းမယားခန်း ပြတ်စဲသည်။ 53 (မောင်ညွန့်တင်နှင့် မပု ၁၉၅၄ မတစ လွှတ်တော် ၇၆။)
      • ရက်အပိုင်းခြားမျှ ရဟန်းပြုသည့် ဒုလ္လဘရဟန်းပြုခြင်းကြောင့် လင်ခန်းမယားခန်း ပြတ်စဲခြင်း မရှိပါ။ 54 (မောင်ညွန့်တင်နှင့် မပု ၊ ၁၉၅၄ မတစ လွှတ်တော် ၇၆။)
    • အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း
      • သာမန်အိမ်ထောင်ရေးပြစ်မှုတွင် လင်/မယား၏ ရက်စက်မှု ၊ ဖောက်ပြန်မှု ၊ ဒုတိယ မယားယူမှု ၊ စွန့်ပစ်မှု ၊ လီဆယ်မှု တို့ပါဝင်ပါသည်။
      • ရက်စက်မှုတွင် ကိုယ်၏ဆင်းရဲခြင်းသာမက စိတ်၏ဆင်းရဲစေခြင်းလည်း ပါဝင်သည်။ 55 (မစ္စစ်ပရိုတီမာပို့(ရှ်) နှင့် ဘီမာလန်ဒူးဂို့(ရှ်) ၊ ၁၉၆၃ မတစ ၅၂၆။)
        • ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း ၊ ပါးရိုက်ခြင်း 56 (ဉီးမျိုးမြင့် နှင့် ဒေါက်တာဒေါ်ခင်မေကြည် ၊ ၁၉၆၈ တရားမ ပထမအယူခံမှု အမှတ် ၁။) , ၊ ဆံပင်ဆွဲခြင်း 57 (မစ္စစ် ပါး(လ်)ကျော်နှင့် ဉီးကျော်၊ ၁၉၆၇ မတစ ၂၄၉။) , ၊ လင်ငယ်နေသည်ဟု အစဉ်သဖြင့် စွပ်စွဲခြင်း 58 (မောင်ဖိုးအောင် မညိမ်း ၊ ၁၀ ဘီအယ်အာ ၁၃၂။) , ၊ မိဘအိမ်သို့ မသွားရန်တားမြစ်ခြင်း 59 (ဘီမာလန်ဒူးဂို့(ရှ်)နှင့် မစ္စစ်ပရိုတီမာပို့(ရှ်)၊ ၁၉၆၃ မတစ ၅၉၈။) , ကိုယ်ဝန်ရှိသူအား ရိုက်နှက်မည်ဟု ကြိမ်းမောင်းခြင်း 60 (ဘီမာလန်ဒူးဂို့(ရှ်)နှင့် မစ္စစ်ပရိုတီမာပို့(ရှ်)၊ ၁၉၆၃ မတစ ၅၉၈။)  စသည်တို့သည် စီရင်ထုံးများက ပြဆိုသော ရက်စက်မှု၏ ဥပမာများဖြစ်သည်။
        • ရက်စက်မှုကို ကျူးလွန်ရာတွင်
          1. နောင်တရမည့်အစား ကျူးလွန်သူကပင်ကွာရှင်းရန် လိုလားလျှင်
          2. ကျူးလွန်ခြင်းမှာ တဖက်သားအား ကွာရှင်းခွင့်တောင်းဆိုစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှင်
          3. ဒဏ်ရာသည် ရာဇသတ်ကြီးပုဒ်မ ၃၂၀တွင် ပြဆိုသည့် အပြင်းအထန်နာကျင် စေမှုဖြစ်လျှင် ကြီးလေးသောရက်စက်မှုကို ကျူးလွန်ခြင်းဖြစ်ပါသည်။ 61 (ဒေါ်ပုနှင့် မောင်ထွန်းခ ၊ ၁၉၄၆ ရန်ကုန် ၁၂၅။) .
        • ကြီးလေးသော ရက်စက်မှုကို ကျူးလွန်ပါက ကျူးလွန်သူသည် ပါရင်းပစ္စည်း အပါအဝင် နှစ်ဉီးပိုင်ပစ္စည်းရှိ ၎င်း၏ အစု ဆုံးရှုံးခြင်းခံရမည်။ 62 (ဒေါ်ပုနှင့် မောင်ထွန်းခ ၊ ၁၉၄၆ ရန်ကုန် ၁၂၅။)
      • ဖောက်ပြန်မှု ၊ ပထမအိမ်ထောင်အတည်ဖြစ်နေစဉ် နောက်ထပ်အိမ်ထောင် ပြုခြင်းများသည် ရာဇဝတ်မှုမြောက်သည့်အပြင် လင်မယားကွာရှင်းခွင့် ရနိုင်သည့် အကြောင်းပြချက်များ ဖြစ်ပါသည်။ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ကဏ္ဍကိုကြည့်ပါ။
      • စွန့်ပစ်မှု ဆိုသည်မှာ လင်က မယား၊ မယားက လင်ကို အချိန်ကာလတစ်ခုအထိ အဆက်အသွယ်မပြု စွန့်ပစ်ထားပြီး ထောက်ပံ့ပေးမှု မပြုလုပ်ခြင်းကို ဆိုလိုပါသည်။
        • လင်ကမယားကို အထောက်အပံ့မပေးပဲ ၃ နှစ်တိုင်တိုင် စွန့်ပစ်ထားပါက ကွာရှင်းခွင့် တောင်းဆိုနိုင်ပါသည်။ 63 (မညွန့်နှင့် မောင်စံသိန်း ၊ ၅ ရန်ကုန် ၅၃၇။)
        • မယားက လင်ကို ၁ နှစ်တိတိ စွန့်ပစ်ထားပါက ကွာရှင်းခွင့်တောင်းဆို နိုင်ပါသည်။ 64 (အက်အေအက် ချစ်တီးရား ကုန်တိုက်နှင့် ဉီးမောင်ကြီး ၊ ၁၄ ရန်ကုန် ၃၂၉။)
        • စွန့်ပစ်သည်ဟုဆိုရာတွင် လင်ခန်းမယားခန်းပြတ်စဲရန် ရည်ရွယ်ချက်နှင့် စွန့်ပစ်ထားခြင်း ဖြစ်ရမည်။ (ဥပမာ နှစ်ရှည်ထောင်ကျခြင်း ၊ လင်ကနှိပ်စက်သဖြင့် မယားက တစ်နှစ်ကျော်ကြာ ခွဲနေခြင်းတို့သည် စွန့်ပစ်သည်ဟု မယူဆနိုင်ပါ။) 65 (မသိန်းမယ်နှင့် ဖိုးကြွယ်၊ ၁၀ ဘီအယ်တီ ၂၁၂။, 10 BLT 212.)
        • သို့သော် စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယားခန်း ပြတ်စဲလိုသော ရည်ရွယ်ချက် မရှိလျှင် သို့မဟုတ် စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုသော အပြုအမူကို ဖော်ပြခြင်း မရှိလျှင် လင်ခန်းမယားခန်း မပြတ်စဲပေ။ 66 (ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ ၊ ၁၉၄၉ မတစ လွှတ်တော် ၂၈၃။)
      • လီဆယ်မှုသည် ရာဇဝတ်မှုမြောက်သည့်အပြင် လင်မယားကွာရှင်းခွင့် ရနိုင်သည့် အကြောင်းပြချက်များ ဖြစ်ပါသည်။
  2. အစ္စလာမ်ဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
    • အစ္စလာမ်တရားဥပဒေအရ အောက်ပါအတိုင်း ကွာရှင်းနိုင်ပါသည်။
      1. လင်၏ဆန္ဒအရ ကွာရှင်းခြင်း
      2. လင်၏လွှဲအပ်မှုကြောင့် မယားက ကွာရှင်းခြင်း
      3. နှစ်ဉီးသဘောတူ ကွာရှင်းခြင်း
      4. တရားရုံးမှ အမိန့်ဒီကရီရယူ ကွာရှင်းခြင်း
      5. အစ္စလာမ်ကို စွန့်လွှတ်သဖြင့် လင်မယားခန်းပြတ်စဲခြင်း
    • လင်၏ ဆန္ဒအရ ကွာရှင်းခြင်းကို တွလာက် ဟုခေါ်ပါသည်။
      • တွလာက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ပေးနိုင်သည်။
      • လင်၏ တွလာက်ပေးနိုင်သည့် အခွင့်အရေးကို မိမိ၏ဇနီးသည်ကိုဖြစ်စေ ၊ အခြားသူ တစ်ဉီးကို ဖြစ်စေ လွှဲပြောင်းပေးနိုင်သည်။
      • တွလာက်ကို လင်မယားခန်းပြတ်စဲရန်ရည်ရွယ်ကြောင်း ရှင်လင်းပြတ်သား၊ အငြင်းမပွားသော အသုံးအနှုန်းဖြစ်ရမည်။
      • တွလာက်နှင့် ပတ်သက်၍ ဓမ္မသတ်ဆုံးဖြတ်ချက်များ ကွဲပြားမှုရှိသောကြောင့် သက်ဆိုင်ရာ ဘာသာရေးပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်သင့်ပါသည်။
    • လင်၏လွှဲအပ်မှုကြောင့် မယားက ကွာရှင်းခြင်း
      • မွတ်စလင်မ် လင်ယောက်ျား တစ်ယောက်သည် ထိမ်းမြားချိန်တွင်ဖြစ်စေ၊ နောက်ပိုင်းတွင် ဖြစ်စေ မိမိ၏ တွလာက်ပေးနိုင်သော အခွင့်အာဏာကို မိမိ၏ ဇနီးကိုယ်တိုင်သို့ ဖြစ်စေ၊ အခြားသူ တစ်ဉီးသို့ဖြစ်စေ လွှဲအပ်ပြီး တွလာက် ပေးစေနိုင်သည်။
    • နှစ်ဉီးသဘောတူ ကွာရှင်းခြင်းတွင် ခူလာ နှင့် မူဘာရတ်ဟူ၍ နှစ်မျိုး ရှိပါသည်။
      • ခူလာကွာရှင်းခြင်း ဆိုသည်မှာ ဇနီးဘက်မှ ကွာရှင်းလိုသော ဆန္ဒရှိသောကြောင့် လင်ယောက်ျားကို နစ်နာကြေးတစ်စုံတစ်ရာပေးပြီး သို့မဟုတ် ပေးရန် သဘောတူညီပြီး နှစ်ဉီးသဘောတူ ကွာရှင်းကြခြင်းကိုဆိုလိုသည်။ 67 (အဗ္ဗဒူရ် ရဟ်မန်နှင့် မကြယ် ၊ ၁၆ အိုင်စီ ၊ ၁၀၂ (အောက်မြန်မာပြည်)။)
      • မူဘာရတ်ကွာရှင်းခြင်းဆိုသည်မှာ လင်မယားနှစ်ဉီးစလုံးက ကွာရှင်းလိုသော ဆန္ဒရှိကြ၍ အမှန်တကယ်နှစ်ဉီးသဘောတူ ကွာရှင်းခြင်းဖြစ်သည်။ လင်သို့မဟုတ်မယားက ကွာရှင်း လိုကြောင်း ကမ်းလှမ်းရာ အခြားတစ်ဖက်က လက်ခံလိုက်သည်နှင့် တွလာက် တကြိမ် ပေးသကဲ့သို့ ကွာရှင်းခြင်း အတည်ဖြစ်သည်။ ခူလာကွာရှင်းခြင်းတွင်ကဲ့သို့ ဇနီးက လင်ယောက်ျားကို နစ်နာကြေးပေးရန် တာဝန်မရှိပေ။
    • တရားရုံးမှ အမိန့်ဒီကရီ ရယူ ကွာရှင်းခြင်း
      • အစ္စ္စလာမ်ဘာသာဝင် အမျိုးသမီးသည် အောက်ပါအကြောင်းတခုခုကြောင့် ဖြစ်စေ၊ တခုထက်ပိုသော အကြောင်းများကြောင့်ဖြစ်စေ၊ ဒီကရီ ရထိုက်ခွင့် ရှိပါသည်။ 68 (မူဆလင် လင်မယားကွာရှင်းရေးအက်ဥပဒေ။ ပုဒ်မ ၂ (၁)။)
        • လင်ဖြစ်သူ မည်သည့်နေရာ၌ ရောက်ရှိနေထိုင်သည်ကို မသိခဲ့ရခြင်း။
        • လင်ဖြစ်သူကလုံလောက်သော အကြောင်းမရှိဘဲ စားစရိတ်ထောက်ပံ့ရန် ၆ လ တဆက်တည်း ပျက်ကွက်ခဲ့ခြင်း၊ သို့တည်းမဟုတ် ငြင်းဆန်ခဲ့ခြင်း။
        • လင်ဖြစ်သူသည် လုံလောက်သောအကြောင်းမရှိဘဲ တနှစ်ပတ်လုံး သံဝါသပြုရန် ပျက်ကွက်ခဲ့ခြင်း။
        • လင်ဖြစ်သူသည် လက်ထပ်စဉ်က ပန်းသေရောဂါ စွဲကပ်နေသည့်ပြင်၊ နောက်လည်း ဆက်လက်၍ ပန်းသေရောဂါစွဲကပ်နေခြင်း။
        • လင်ဖြစ်သူသည် တနှစ်အောက်မနည်း ပြင်းထန်စွာ စိတ်ပေါ့သွပ်သော ရောဂါစွဲကပ် နေခြင်း၊ သို့တည်းမဟုတ် လင်ဖြစ်သူသည် ပြင်းထန်သော ကုဋ္ဌနူနာဖြစ်စေ၊ ပြင်းထန်သော ကာလသားရောဂါဖြစ်စေ စွဲကပ်နေခြင်း။
        • လင်ဖြစ်သူက မိမိအားညှဉ်းပန်း နှိပ်စက်ခြင်း။ ယင်းတွင် လက်ရောက်ကျူးလွန် လေ့ရှိခြင်း၊ သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည် ဖြစ်စေ၊ မရောက်သည်ဖြစ်စေ၊ ရက်စက်သည့် အပြုအမူအားဖြင့် မိမိအားစိတ်ဆင်း ရဲအောင်ပြုခြင်း၊ သို့တည်းမဟုတ် မိမိအား ပြည့်တန်ဆာမ အဖြစ်သို့ရောက်အောင် အတင်းအကြပ်ပြုရန်အားထုတ်ခြင်းတို့ ပါဝင် ပါသည်။
    • အစ္စလာမ်ကို စွန့်လွှတ်သဖြင့် လင်မယားခန်းပြတ်စဲခြင်း
      • ယင်းတွင် အစ္စလာမ်ဘာသာကို စွန့်လွှတ်ခြင်းနှင့် အခြားဘာသာသို့ ကူးပြောင်းခြင်းလည်း ပါဝင်ပါသည်။
      • လင်မယားနှစ်ဉီးအနက် တစ်ဉီးဉီးသည် အစ္စလာမ်ဘာသာမှ အခြားဘာသာသို့ ကူးပြောင်း သွားခြင်းသည် သူတို့၏ ထိမ်းမြားမှုကို ချက်ချင်းပျက်ပြယ်စေသည်။ 69 (အေ၊ အမ်၊ အီဘရာဟင်နှင့် ဖာတီမာဘီဘီ၊ ၁၉၃၉၊ အာရ် အယ်အာ၊ ၃၈၃။)
      • အိမ်ထောင်ပြုပြီးသော မူဆလင်မိန်းမတဦးက အစ္စလမ်ဘာသာကို စွန့်လွှတ်လျှင်ဖြစ်စေ၊ အခြားဘာသာသို့ ကူးပြောင်းလျှင်ဖြစ်စေ၊ လင်မယားကွာရှင်းပြီး ဖြစ်စေရမည်။ 70 (မူဆလင် လင်မယားကွာရှင်းရေးအက်ဥပဒေ။ ပုဒ်မ ၄။)
    • တွလာက်ပေးလိုက်သည့်အခါ အမျိုးသမီးအနေဖြင့် “အစ်ဒတ်” ခေါ် ကာလတစ်ခု စောင့်ဆိုင်းရန် လိုအပ်ပါ။ အဆိုပါကာလသည် ရာသီပန်း ၃ ကြိမ် သို့မဟုတ် ၃ လ ဖြစ်သည်။
      • ဇနီးသည်တွင် ကိုယ်ဝန်ရှိနေလျှင် ကလေးမီးဖွားပြီးသည့် အချိန်အထိ ဖြစ်သည်။
      • ထိုကာလအတွင်း ဇနီးသည်အား လင်ယောက်ျား၏နေအိမ်တွင်ပင် နေထိုင်ခွင့်ပြု ရမည်။
      • ထိုကာလအတွင်း ဇနီးသည်ကို လင်ယောက်ျားက ဆက်လက်ထောက်ပံ့ကျွေးမွေးရမည်။
      • ထိုကာလမကုန်ဆုံးမီ ပြန်လည်ပေါင်းသင်းပါက ကွာရှင်းမှု ပျက်ပြယ်သွားပြီး လင်မယား ဘဝ ပြန်လည် ရောက်ရှိနိုင်ပါသည်။
      • ထိုကာလကျော်လွန်သွားပါက ကွာရှင်းမှုအတည်ဖြစ်သွားပြီး အကြင်လင်မယားဘဝ ပြန်လည် ရရှိလိုပါက အသစ်တဖန် လက်ထပ်ထိမ်းမြား (နိကာဟ်) ပြုလုပ်ရန် လိုအပ်ပါသည်။
    • လင်ဖြစ်သူက တွလာက် ၃ ကြိမ် တဆက်ပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဘာသာရေး ပညာရှင်များ၊ ဥပဒေပညာရှင်များဖြင့် တိုင်ပင်ပြီး အကြံပြုချက်များ၊ အကူအညီများ ရယူရန် အကြံပေးလိုပါသည်။
  3. ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
    • ခရစ်ယာန် ဥပဒေများအရ လင်မယား ကွာရှင်းပြတ်စဲနိုင်ခြင်း မရှိပါ။ တနည်းအားဖြင့် ခရစ်ယာန် ဘာသာဝင်များအနေဖြင့် နှစ်ဉီးသ‌ဘောတူ ကွာရှင်း၍ မရနိုင်ပါ။ သို့သော် ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။
      • တရားရုံးဟုဆိုရာတွင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး သို့မဟုတ် ခရိုင်တရားရုံး တို့ကို ဆိုလိုပါသည်။ 71 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၃(၄)။)
    • မယားသည် ဝိနည်းတော်နှင့်အညီ ထိမ်းမြားခြင်းပြုပြီး ချိန်မှစ၍ ဖောက်ပြန်မှု ကျုးလွန်သည် ဟူသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် လင်က တရားရုံးတွင် လျှောက်ထားနိုင် ပါသည်။ 72 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၀။)
    • လင်သည် ဝိနည်းတော်နှင့်အညီ ထိမ်းမြားခြင်း ပြုပြီးနောက် အောက်ပါအချက်များအနက် တစ်ခု သို့မဟုတ် အများကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟူ အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကို ပယ်ဖျက် ပေးရန် မယားက တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။ 73 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၀။)
      • ခရစ်ယာန်ဘာသာမှ အခြားဘာသာ သို့ ကူးပြောင်း ကိုးကွယ်သည့်အပြင် အခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားခဲ့သည်ဟူသော အကြောင်း
      • သွေးရင်းတော်စပ်သူနှင့် ဖောက်ပြန်ကြောင်း၊
      • ဖောက်ပြန်ခြင်းဖြင့် နောက်မယား ယူကြောင်း ၊
      • အခြားမိန်းမနှင့် ဖောက်ပြန်ခြင်းဖြင့် ထိမ်းမြားကြောင်း၊
      • မုဒိမ်းမှု၊ လိင်တူခြင်းစပ်ယှက်မှု၊ တိရစ္ဆာန်နှင့် စပ်ယှက်မှု ကျူးလွန်ကြောင်း၊
      • ရက်စက်မှုပါသော ဖောက်ပြန်မှုကို ဖောက်ပြန်မှု မပါသကဲ့သို့ ကန့်သတ်ချက်ဖြင့် ကွာရှင်းခွင့်ရှိကြောင်း၊
      • ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နှစ်နှစ် သို့မဟုတ် ယင်းနှင့်အထက် စွန့်ပစ်ခြင်းပါသော ဖောက်ပြန်မှုရှိကြောင်း
    • လင် သို့မဟုတ် မယားမဆို အောက်ပါ အချက်အကြောင်းပြချက်များကြောင့် 74 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၉။) ၎င်း၏ ထိမ်းမြားမှုအထမမြောက်ကြောင်းနှင့် ပျက်ပြယ်ကြောင်း ကြေညာပေးရန် တရားရုံးတွင် လျှောက်ထားနိုင်သည်။ 75 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၈။)
      1. တရားပြိုင်သည် ထိမ်းမြားချိန်နှင့် တရားမကြီးမှုစွဲဆိုချိန်တွင် ပန်းသေရောဂါရှိနေကြောင်း၊
      2. ထိမ်းမြားသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးသားတော်စပ်သူများ (သွေးသား တော်စပ်ခြင်းအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ) သို့မဟုတ် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြောင်း
      3. ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားချိန်က စိတ်မနှံ့သူ သို့မဟုတ် အသိဉာဏ် နုံနဲ့သူ ဖြစ်ကြောင်း
      4. ထိမ်းမြားသူတစ်ဦးဦး၏ ယခင် လင် သို့မဟုတ် မယားသည် ထိမ်းမြားစဉ်က အသက်ရှင်လျက် ရှိကြောင်းနှင့် ယခင်ထိမ်းမြားခြင်းမှာ ထိုအချိန်က အတည်ဖြစ်ကြောင်း။
  4. ဟိန္ဒူဘာသာဝင်များ ကွာရှင်းပြတ်စဲခြင်း
    • မြန်မာနိုင်ငံတွင် အာဏာသက်ရောက်လျှက်ရှိသော ဟိန္ဒူဓလေ့ထုံးတမ်း ဥပဒေအရ မယားဖြစ်သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ ကွာရှင်းခွင့်မရှိချေဟု ဆိုပါသည်။ 76 (ဉီးဘမော်၊ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ ရန်ကုန် ၊ ဝင်းစာပေ ၊ ပထမအကြိမ် ၊ ၁၉၉၂ ၊ စာ – ၃၆ ဓလေ့ထုံးတမ်းဥပဒေ/ဦးမြစိန်။ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ၁၂ ကြိမ်၊ ၂၀၁၄၊ စာ-၁၁၂။)
    • ဟိန္ဒူမုဆိုးမများအနေဖြင့် နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိပါသည်။ 77 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၁။) သို့သော် သေဆုံးသူလင်ယောက်ျား၏ ပစ္စည်းမှ စားစရိတ်ခံစားခွင့်၊ အမွေဆက်ခံခွင့်အခွင့်အရေး၊ အစရှိသော အခွင့်အရေးများ နောက်အိမ်ထောင်ပြုသည့်အခါ ရပ်စဲပါသည်။ 78 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၂။)
    • သို့သော် ဓလေ့ထုံးတမ်းဥပဒေများကို တည်ဆဲပြဌာန်းဥပဒေက လွှမ်းမိုးသည့်အတွက်ကြောင့် ကျွမ်းကျင်သော ဥပဒေပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်နှင့် အကူအညီများရယူရန် အကြံပြုလိုပါသည်။

 

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

  • ကလေးသူငယ်အုပ်ထိန်ခွင့်နှင့်စပ်လျဉ်း၍ ဉီးထိပ်ထားရမည့် အချက်မှာ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်ပါသည်။ 79 (၂၀၁၉ ခုနှစ် ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂(ဃ) နှင့် ၄(ခ)။) . ဘာသာရေးထုံးတမ်းအစဉ်အလာများအရ အုပ်ထိန်းပိုင်ခွင့်ထက် မည်သူ၏အုပ်ထိန်းမှုအောက်တွင် ထားရှိခြင်းဖြင့် ကလေးသူငယ်၏ ကောင်းကျိုး ချမ်းသာကို အကျိုးပြုမည်ကို ဉီးစားပေး စဉ်းစားရမည်။ 80 (မိုဟာမက် ဟာနစ်ခန် နှင့် မိုင်ရွန်နစ်ဆာ ၊ ၁၉၇၁ မတစ စာ ၁၈။)
  • မိဘနှစ်ဉီး ကွဲကွာနေသည့်အခြေအနေမျိုးတွင် ကလေးသူငယ်နှင့် အတူနေထိုင်ပြီး စဉ်ဆက်မပြတ် ဆက်ဆံရေးရှိသော မိခင် သို့မဟုတ် ဖခင်သည် တစ်ဦးတည်းဖြစ်စေ၊ မိဘနှစ်ဦးလုံးက မျှဝေ၍ဖြစ်စေ ကလေးသူငယ်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိစေရမည်။ 81 (၂၀၁၉ ခုနှစ် ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆(က)။)
  • တရားရုံးက တစ်စုံတစ်ဉီးအား အုပ်ထိန်းသူအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ခွဲခွာနေထိုင်ရန် လိုအပ်သည့်အခါမှတစ်ပါး ကလေးသူငယ်တိုင်းသည် မိဘ၊ ဘိုးဘွားတို့နှင့် တွေ့ဆုံခွင့်ရှိစေရမည်။ 82 (၂၀၁၉ ခုနှစ် ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀။)
  • တရားရုံးက ကလေးသူငယ်၏ သဘောဆန္ဒကို ဆန့်ကျင်ပြီး မည်သူ့ကိုမျှ အုပ်ထိန်းသူအဖြစ် ခန့်အပ်ခြင်း၊ ကြေညာခြင်း ပြုပိုင်ခွင့်မရှိချေ။ 83 (၁၈၉၀ ခုနှစ် ၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေ ပုဒ်မ ၁၇(၅)။)
  • ကလေးသူငယ်ကို ဆိုးရွားစွာဆက်ဆံခြင်း ၊ ဉပေက္ခာပြုခြင်း ၊ လူမွဲဖြစ်သွားခြင်း ၊ စသည့်အကြောင်းပြချက်များကြောင့် တရားရုံးသည် ၎င်းခန့်အပ်ထားသော သို့မဟုတ် ကြေညာထားသော အုပ်ထိန်းသူကို ဖယ်ရှားနိုင်ပါသည်။ 84 (၁၈၉၀ ခုနှစ် ၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေ ပုဒ်မ ၃၉။)

 

  1. ဗုဒ္ဓဘာသာ
    • ဘာသာခြားနှင့်အိမ်ထောင်ပြုထားသော ဗုဒ္ဓဘာသာဝင်မိန်းမသည် လင်မယားကွာရှင်းပြတ်စဲပါက ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသမီးများအားလုံးကို အုပ်ထိန်းခွင့်ရရှိသည့်အပြင် ယောက်ျားသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ် ပေးရမည် 85 (၂၀၁၅ ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉) 
    • ဉစ္စာပစ္စည်းကုံလုံကြွယ်ဝခြင်းမရှိဟူသော အကြောင်းပြချက်ကြောင့် ၎င်း၏ သားသမီးများကို အုပ်ထိန်းခွင့်မရှိဟု မဆိုနိုင်ပါ။ 86 (ဒေါခင်ရီနှင့် ဉီးထွန်းအောင် ၊ ၁၉၆၇ မတစ ၂၀၅။)
    • မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းပြတ်စဲပြီးနောက် ကလေးသူငယ်အုပ်ထိန်းခွင့်ကို ၁၈၉၀ ခုနှစ် ၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေ အပါအဝင် အခြားတည်ဆဲဥပဒေ များနှင့်အညီ လိုက်နာဆုံးဖြတ်ပါသည်။

     

  2. အစ္စလာမ်ဘာသာ
    • ကွာရှင်းပြတ်စဲပြီးနောက်ဖြစ်စေ၊ ခင်ပွန်းကွယ်လွန်ပြီးနောက်ဖြစ်စေ အရွယ်မရောက်သေးသော ကလေးသူငယ်အား အုပ်ထိန်းခွင့်ရှိသူမှာ မိခင်သာ ဖြစ်သည်။
      • သို့သော် မိခင်က နောက်အိမ်ထောင်ပြုလိုက်ပါက ကလေးသူငယ်အား အုပ်ထိန်းခွင့်ကို ဆုံးရှုံးသွားနိုင်ပါသည်။
    • ဟာနဖီဥပဒေအရ သားယောကျ်ားလေးအား အသက် (၇) နှစ်အထိ၊ သမီးမိန်းကလေးကို အပျိုဖော်ဝင်သည် အထိ မိခင်က အုပ်ထိန်းခွင့်ရှိသည်။ ရှီအာဥပဒေအရ မိခင်သည် သားယောက်ျား လေးအား အသက် (၂) နှစ်အထိ၊ သမီးမိန်းကလေးကို အသက် (၇) နှစ် အထိ အုပ်ထိန်းခွင့်ရှိပါသည်။ 87 (ပါမောက္ခဒေါက်တာ ခင်မောင်စိန် ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးသော အစ္စလာမ်တရားဥပဒေ ၊ တတိယအကြိမ် ၊ ၂၀၁၄ ၊ ရွက်စိမ်းစာပေ ၊ စာ ၁၁၅။)

     

  3. ခရစ်ယာန်ဘာသာ
    • မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရ အရွယ်မရောက်သေးသော ကလေးသူငယ်များ အုပ်ထိန်းမှု၊ စားစရိတ်၊ ပညာသင်ကြားရေးတို့နှင့် စပ်လျဉ်း၍ တရားရုံးက အမိန့် (ဒီကရီ) မချမှတ်မီ ဖြစ်စေ၊ အမိန့်(ဒီကရီ) ချမှတ် ပြီးနောက်ဖြစ်စေ သင့်လျော်သလို ကြားဖြတ်အမိန့်ချမှတ် ဆောင်ရွက်နိုင်သည်။ ယင်းတွင် တရားရုံး၏ ‌စောင့်ရှောက်မှုအောက်တွင် ထားရှိခြင်းလည်း ပါဝင်သည်။ 88 (၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ၊ အခန်း ၁၁၊ ပုဒ်မ ၄၁ မှ ၄၄။)

     

  4. ဟိန္ဒူဘာသာ
    • ဟိန္ဒူမုဆိုးမတစ်ဦးက ထပ်မံထိမ်းမြားသည့်အခါ သားသမီးများကို သေသူ ခင်ပွန်း၏ ဆွေးမျိုးများကို အုပ်ထိန်းသူအဖြစ် ခန့်အပ်ပေးပါရန် တရားရုံးတွင် လျှောက်ထားနိုင်သည်။ တရားရုံးက ယင်းသို့လျှောက်ထား သဖြင့် အုပ်ထိန်းသူခန့်အပ်ရာတွင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၏ လမ်းညွှန်မှုကို တတ်နိုင်သမျှခံယူရမည်။ 89 (၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ ပုဒ်မ ၃။)
      • သို့ရာတွင် အဆိုပါသားသမီးများ အရွယ်မရောက်မီ အချိန်အတွင်း အုပ်ထိန်းသူ အဖြစ် အဆိုပြုသူက ကလေးများ နေထိုင်စားသောက်ရန်နှင့် သင့်လျော်သော ပညာသင်ကြားနိုင်ရန် အတွက် လုံခြုံမှုအာမခံပေးနိုင်ခြင်းမရှိလျှင် မိခင်၏ သဘောတူညီမှုမပါဘဲ အုပ်ထိန်းသူကို ခန့်အပ်ခြင်း မပြုရ။

 

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

  • ၂၀၁၉ ခုနှစ် ၊ ကလေးသူများအခွင့်အရေးဆိုင်ရာ ဥပဒေ
  • ၂၀၁၅ ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
  • ၁၉၅၃ ခုနှစ် ၊ မူဆလင် လင်မယားကွာရှင်းရေးအက်ဥပဒေ။
  • ၁၈၉၈ ခုနှစ် ၊ မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (Burma Laws Act)
  • ၁၈၉၀ ခုနှစ် ၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေ
  • ၁၈၇၂ ခုနှစ် ၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ
  • ၁၈၇၂ ခုနှစ် ၊ ပဋိညာဉ် အက်ဥပဒေ
  • ၁၈၆၉ ခုနှစ် ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ
  • ၁၈၆၁ ခုနှစ် ၊ ရာဇသတ်ကြီး
  • ၁၈၅၆ ခုနှစ် ၊ ဟိန္ဒူမုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ

 

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ တၢ်ကဒိးလဲ ပီၢ်ရီအဖီခိၣ်

Exit mobile version