ကျွန်ုပ်တို့အကြောင်း

လမ်းပြအကြောင်း

လမ်းပြ ဆိုသည်မှာ MyJustice နှင့် Koe Koe Tech တို့၏ ဆန်းသစ်တီထွင် ပူးပေါင်းလုပ်ဆောင်မှု၏ ရလဒ်တစ်ခု ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် မြန်မာ ပြည်သူ လူထုကို သတင်းအချက်အလက်ပေးရန်၊ ချိတ်ဆက်ပေးရန် ၊ လုပ်ပိုင်ခွင့်စွမ်းပကားများ ပိုမိုရရှိလာနိုင်စေရန် နှင့် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ဥပဒေရေးရာဝန်ဆောင်မှုပေးသောအဖွဲ့အစည်းများ နှင့် လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှု တည်ဆောက်ရန်တို့တွင် အကူအညီပေးရန် မျှော်လင့်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေး နှင့် ခေတ်သစ်လူ့ဘောင်ကိုတည်ဆောက်သည့် ခရီးစဉ်တစ်လျှောက်တွင် အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်ချက် ပျောက်ဆုံးခြင်းအပါအဝင် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အထူးသဖြင့် လူတိုင်း တရားမျှတမှုကို သာတူညီမျှ တရားမျှတမှုကို လက်လှမ်းမီရေးအတွက်ဆောင်ရွက်ရာတွင် အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်ချက် ပျောက်ဆုံးနေသည်ကိုလည်း တွေ့ရှိရပါသည်။

နိုင်ငံအတွင်း ပြည်သူလူထု၏ ယုံကြည်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်ရာတွင် အခြေခံကျသောအချက်များမှာ တရားဥပဒေ၏ အခန်းကဏ္ဍကို ပြည်သူလူထုအား အကာအကွယ်ပေးသည့် အခန်းကဏ္ဍအဖြစ် ပြန်လည်တည်ဆောက်ခြင်း၊ ပြည်သူလူထုအား မိမိတို့ကိုယ်တိုင် လေ့လာ သင်ယူ သိရှိ နိုင်ရန်အတွက် လိုအပ်သော သတင်းအချက်အလက်များကို လက်လှမ်းမီလာအောင် ဆောင်ရွက်ပေးခြင်း နှင့် ၎င်းတို့၏ တရားရေးရာပြဿနာများကို ဖြေရှင်းနိုင်ရန် အရေးယူ ဆောင်ရွက်ပေးခြင်း တို့ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နည်းပညာသစ်များ၏ လျှင်မြန်သောပြောင်းလဲမှုတို့ကို လက်ခံနိုင်ခြင်းသည် နိုင်ငံဖွံဖြိုးရေးအတွက် လုပ်ဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖြစ်နိုင်ချေရှိသော ဆန်းသစ်တီထွင်ဖန်တီးခြင်း များ ကို ဖြစ် ပေါ် စေပါသည်။ တချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်း မိုဘိုင်းဖုန်းနည်းပညာ ရရှိလာခြင်းသည်လည်း ဥပဒေ၊ အခွင့်အရေးများနှင့် ပတ်သတ်ပြီး မရှိမဖြစ်လိုအပ်သော သတင်းအချက်အလက်များကို ရရှိစေရေး၊ တရားမျှတမှု ရှာဖွေနေသောသူများကို ၎င်းတို့အားအကူအညီပေးနိုင်သည့် ရှေ့နေများ၊ အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးရေးတို့တွင် အကူအညီပေးနိုင်သော လမ်းပြ ကဲ့သို့သော နည်းပညာစွမ်းပကားများ အတွက် ကနဦးခြေလှမ်း၊ အခွင့်အလမ်းပင် ဖြစ်ပါသည်။

မြန်မာဘာသာစကားတွင် လမ်းပြဆိုသည်မှာ လမ်းကြောင်းကိုညွှန်ပြသည်ဟု အဓိပ္ပါယ်ရသည့်အတိုင်း တရားမျှတ သော၊ သာတူညီမျှဖြစ်သော၊ လွတ်လပ်သော ဒီမိုကရေစီမြန်မာနိုင်ငံဖြစ်စေရန်အတွက် နည်းလမ်းများကို လမ်းညွှန်ရာတွင် အကူအညီပေးနိုင်သော အက်ပလီကေးရှင်း တစ်ခုဖြစ်ရန် မျှော်လင့်ပါသည်။

လမ်းပြဖေ့စ်ဘွတ်ခ်သို့ - လမ်းပြဖေ့စ်ဘွတ်ခ်

MyJustice အကြောင်း

MyJustice စီမံကိန်းသည် ဥရောပသမဂ္ဂအဖွဲ့အစည်း (EU) နှင့် ဗြိတိသျှကောင်စီ တို့ပူးပေါင်းကာ မြန်မာနိုင်ငံသားများအား အသိပညာဗဟုသုတများးရရှိပြီး ယုံကြည်မှုရှိရှိဖြင့် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ကာ မိမိတို့၏ အခက်အခဲများကို တန်းတူညီမျှစွာ ဘက်လိုက်မှုမရှိဖြေရှင်းနိုင်စေရန် ရည်ရွယ်သည်။ စီမံကိန်းသည် ဆင်းရဲပြီး အန္တရာယ်ကျရောက်လွယ်သော လူထုအတွက် အငြင်းပွားမှုများဖြေရှင်းရန်နှင့် တရားမျှတမှုရရှိစေရန် နည်းလမ်းများရှာဖွေနိုင်ပြီး ရေရှည်အကျိုးကျေးဇူးရရှိစေရန် ရပ်ရွာလူထုနှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်သည်။ MyJustice သည် လက်ရှိတွင် ‘‘ပြောကြမယ်’’ ‘‘https://www.facebook.com/pyawkyamalcampaign/’’ ဟုဆိုသော လူထုအသိပညာပေးပွဲများ ပြုလုပ်လျှက်ရှိသည်။

MyJustice ဖေ့စ်ဘွတ်ခ်သို့ - MyJustice ဖေ့စ်ဘွတ်ခ်

ကိုးကိုးတက်ခ်ကုမ္ပဏီအကြောင်း

ကိုးကိုးတက်ခ်ကုမ္ပဏီသည် ဆော့ဖ်ဝဲလ်နှင့် စမတ်ဖုန်းအက်ပလီကေးရှင်းများကို ကျန်းမာရေး၊ ဥပဒေနှင့် အုပ်ချုပ်ရေးနယ်ပယ်များတွင် အသုံးပြုနိုင်ရန် ပြုလုပ်ဖန်တီးပေးနေသော မြန်မာနိုင်ငံ၏ လူထုအကျိုးပြု အိုင်တီကုမ္ပဏီဖြစ်ပါသည်။ ကိုးကိုးတက်ခ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စမတ်ဖုန်းသုံးစွဲမှု မြင့်မားလာမှုကို အခြေခံ၍ နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်မြင့်စွာ တိုးချဲ့လုပ်ဆောင်လျှက်ရှိပါသည်။ ကိုးကိုးတက်ခ် ကုမ္ပဏီ သည် အခြားသော အဖွဲ့အစည်းများကြားမှ the Echoing Green, Unreasonable Institute, Cordes, Global Social Benefit Institute (GSBI), SPRING Accelerator, and Frontier Innovators fellowships မှချီးမြှင့်သော ဆုများကိုလည်း ရယူနိုင်ခဲ့သည်။ကျွန်ုပ်တို့ ကိုးကိုးတက်ခ် ကုမ္ပဏီသည် မြန်မာပညာရှင် အရင်းအမြစ်များဖြင့် ဗဟိုပြုလျှက် ပြည်တွင်းမှ ထူးခြားဆန်း လွင်သော ဒီဇိုင်း တီထွင်ဖန်တီးမှု စွမ်းအားတို့ဖြင့် မောင်းနှင်လျှက်ရှိသော မြန်မာ့အခြေဆိုက် လူထုအကျိုးပြုနည်းပညာအဖွဲ့အစည်း ဖြစ်ပါသည်။

ကိုးကိုးတက်ခ်ကုမ္ပဏီ - ကိုးကိုးတက်ခ်ကုမ္ပဏီ

ဥရောပသမဂ္ဂအကြောင်း

ကမ္ဘာတဝန်းတွင် ဥရောပသမဂ္ဂနှင့် ဥရောပသမဂ္ဂဝင် နိုင်ငံအားလုံးကို ကိုယ်စားပြုရန် သံရုံးနှင့် ရုံးပေါင်း ၁၃၉ရုံး ရှိပါသည်။ မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂသံရုံးကို ၂၀၁၃ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့၌ တည်ရှိပါသည်။ သံရုံး၏ အဓိက တာဝန်များမှာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပူးပေါင်း ပါဝင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းကို မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာအားကောင်းစေရန် ဖြစ်ပါသည်။ အစိုးရ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အမြဲတစေ ပူးပေါင်း ဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွင် နိုင်ငံတကာပံ့ပိုးမှုအား ထိရောက်သည့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု ဖြစ်အောင် ဥရောပသမဂ္ဂအဖွဲ့အစည်းမှ သေချာစွာ ဆောင်ရွက်နေပါသည်။

ဗြိတိသျှကောင်စီ

ဗြိတိသျှကောင်စီသည် ယဉ်ကျေးမှုဆက်ဆံရေးများနှင့် ပညာရေးအခွင့်အလန်းများအတွက် ယူကေ၏ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပါသည်။ ဗြိတိသျှကောင်စီသည် ယူကေနှင့် အခြားသော နိုင်ငံများ၏ ပြည်သူများအကြား ရင်းနှီးပွင့်လင်းသော ပညာဗဟုသုတနှင့် နားလည်မှုကို ဖန်တီးဖော်ဆောင်ပါသည်။ ဤသို့ဖော်ဆောင်ရန် ယူကေနှင့် ဗြိတိသျှကောင်စီတို့ အခြေစိုက်လုပ်ကိုင်သော နိုင်ငံများအတွက် အပြုသဘောဆောင်သော ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခြင်း - အခွင့်အလန်းများ ဖန်တီးပေး၍ လူ့ဘဝများကို ပြောင်းလဲစေခြင်း၊ ပူးပေါင်းချိတ်ဆက်မှုများကို တည်ဆောက်ခြင်း၊ ယုံကြည်မှုများ တည်ဆောက်ခြင်း - စသည်တို့ကို ပြုလုပ်ပါသည်။

ဗြိတိသျှကောင်စီသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အနုပညာနှင့် ယဉ်ကျေးမှု၊ အင်္ဂလိပ်ဘာသာ၊ ပညာရေးနှင့် လူမှုရေးရာများ စသည့်နယ်ပယ်များ၌ လုပ်ကိုင်လျှက်ရှိပါသည်။ ယခင်နှစ်အတွင်း ပြည်သူပေါင်း ၈၀ သန်းကျော်နှင့် တိုက်ရိုက်ထိတွေ့လုပ်ကိုင်ခဲ့ပြီး အွန်လိုင်း၊ ရုပ်သံထုပ်လွှင့်ခြင်းနှင့် ပုံနှိပ်ခြင်းများမှ တဆင့် ပြည်သူပေါင်း ၇၉၁ သန်း နှင့် ထိတွေ့ခဲ့ပါသည်။ ၁၉၃၄ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့ပြီး ကျွန်ုပ်တို့သည် ယူကေ၏ အများပိုင်အဖွဲ့အစည်း တစ်ခုနှင့် Royal Charter တို့၏ အုပ်ချူပ်မှုအောက်ရှိ ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ဗြိတိသျှကောင်စီသည် စီမံကိန်းများ၊ အင်္ဂလိပ်စာသင်ကြားရေးနှင့် စာမေးပွဲများ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များကို မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ ယူကေအစိုးရမှလည်း ၁၈ ရာခိုင်နှုန်း ပါဝင်ပံ့ပိုးကူညီလျှက်ရှိပါသည်။

ကျေးဇူးတင်ရှိခြင်း

British Councilမှ အကောင်အထည်ဖော် ဆောင်ရွက်သော MyJustice Programme နှင့် မိတ်ဖက် အဖွဲ့အစည်းဖြစ်သော လူမှုအကျိုးပြု နည်းပညာ ကုမ္ပဏီ Koe Koe Techတို့နှင့်အတူ ဥရောပသမဂ္ဂ၏ များစွာသောထောက်ပံ့ကူညီမှုတို့ဖြင့် တရားမျှတမှုအတွက် mobile applicationဖြစ်သော Lann Pay(လမ်းပြ) Applicationကို ဖန်တီးခဲ့ပါသည်။

Lann Pya(လမ်းပြ) Applicationကို အကောင်အထည် ဖော်ရာတွင် များစွာသော အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူတစ်ဦး တစ်ယောက်ချင်းစီတို့က MyJusticeနှင့် Koe Koe Techတို့ကို ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ထို့အပြင် လူထုအတွက် အသုံးဝင်သော အကြောင်းအရာများ ပါဝင်လာစေရေးအတွက် အကြံဉာဏ်များနှင့် တုံ့ပြန်ချက်များပေးခဲ့သော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိပါသည်။

အထူးသဖြင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ပေးခဲ့ပါသော

  • ပြည်ထောင်စုရှေ့နေချုပ်ရုံး
  • ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့
  • International Development Law Organization (IDLO)
  • အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် (ILO)
  • ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့(IMO)
  • ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ (UNFPA)
  • မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအဖွဲ့
  • မန္တလေး ရှေ့နေကြီးများအသင်း
  • မော်လမြိုင်ရှေ့နေအသင်း
  • ရှမ်းပြည်ရှေ့နေအသင်း
  • စစ်ကိုင်းနှင့် ပဲခူး တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့
  • မွန်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူ ‌ပေးရေးအဖွဲ့
  • ရန်ကုန်ရှေ့နေအသင်း
  • ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးမှု ဌာနနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့
  • International Bridges to Justice (IBJ) အဖွဲ့
  • မော်လမြိုင် တရားမျှတမှုစင်တာ
  • ရန်ကုန် တရားမျှတမှုစင်တာနှင့် နော်ဝေးဒုက္ခသည်များ ဆိုင်ရာ ကောင်စီ (NRC)
  • Myanmar Book Aid & Preservation Foundation
  • Eden Ministry
  • Justice Base
  • Braveheart Foundation
  • Azuri Creative

တို့ကို အထူးကျေးဇူးတင်ရှိပါသည်။

Image Description
Image Description
Image Description
Image Description